ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး(၂/၂၀၂၄)ကျင်းပ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး(၂/၂၀၂၄)ကျင်းပ

နေပြည်တော်၊ ဇူလိုင်-၃၁

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ အစည်းအဝေး(၂/၂၀၂၄)ကို ယနေ့နံနက် ၁၀၀၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် သည်။

ယာယီသမ္မတ ဦးမြင့်ဆွေသည် လက်ရှိကျန်းမာရေးအခြေအနေအရ ဆေးခွင့် ယူ၍ ဆေးကုသမှုခံယူနေသဖြင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဆိုင်ရာ ကိစ္စရပ်များကို လိုအပ်သလို ဆက်လက်ဆောင်ရွက်နိုင်ရန်အလို့ငှာ နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံသို့ ယာယီသမ္မတတာဝန် ဝတ္တရားများကို လွှဲပြောင်းအပ်နှံခဲ့သောကြောင့် အစည်းအဝေးသို့ ယာယီသမ္မတ (တာဝန်)တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊  နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ အထူး ဖိတ်ကြားထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့ တက်ရောက်ကြသည်။

ဦးစွာ ယာယီသမ္မတ(တာဝန်)၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ယာယီ သမ္မတ ဦးမြင့်ဆွေ ဆေးခွင့်ယူ၍ တာဝန်ဝတ္တရားများဆောင်ရွက်ရန် ပျက်ကွက် နေချိန်တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဆိုင်ရာကိစ္စရပ်များကို လိုအပ်သလိုဆက်လက်ဆောင်ရွက်နိုင်ရန် အလို့ငှာ ယာယီသမ္မတ တာဝန်ဝတ္တရား များကို ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈)ခုနှစ် နှင့်အညီ လွှဲပြောင်းအပ်နှံခဲ့မှုအခြေ အနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် နိုင်ငံ့တာဝန်များအား စတင်ထမ်းဆောင်ချိန်မှစ၍ ရှေ့လုပ်ငန်းစဉ်များ ချမှတ်ရာ၌ လွတ်လပ်၍တရားမျှ တသော ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတစ်ရပ် ကျင်းပနိုင်ရေးကို အန္တိမရည်မှန်းချက်အဖြစ် ချမှတ်ထားမှုအခြေအနေများ၊ ရွေးကောက် ပွဲအား အရေးပေါ်ကာလကြေညာပြီး (၂) နှစ်ပြည့်မြောက်သည့်အချိန်တွင် ကျင်းပရန် ရည်ရွယ်ဆောင်ရွက်ခဲ့သော်လည်း ဆူပူအကြမ်းဖက်မှုများကြောင့် ဆောင်ရွက်နိုင်ခဲ့မှု မရှိသည့် အခြေအနေများ၊ နိုင်ငံတော်အတွင်း တည်ငြိမ်အေးချမ်းမှုရှိအောင် ဆောင် ရွက်နေမှုအခြေအနေများ၊ ဝိသမလောဘစီးပွားရေးသမားများ၏ နိုင်ငံတော်စီးပွားရေး ကျဆင်းအောင် ဆောင်ရွက်ခဲ့မှုအပေါ် နိုင်ငံ့စီးပွားရေး တိုးတက်မှုရှိအောင် ဆောင်ရွက် နေမှု အခြေအနေများ၊ ကုန်ထုတ်လုပ်မှုကဏ္ဍအတွက် လူသားအရင်းအမြစ်ကောင်းများ မွေးထုတ်ပေးနိုင်ရေး ပညာရေးကဏ္ဍမြှင့်တင်ပေးနေမှု အခြေအနေများ၊ ပြည်သူ အားလုံး၏ ကျန်းမာရေးအဆင့်အတန်းပိုမိုမြင့်မားလာစေရေး ထောက်ပံ့ဖြည့်ဆည်း ပေးနေမှု အခြေအနေများ၊ စိုက်ပျိုးမွေးမြူရေးကဏ္ဍတိုးတက်အောင် ဆောင်ရွက်ပေး နေမှုအခြေအနေများ၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စု တည်ဆောက်နိုင်ရေး ဆောင်ရွက်နေမှု အခြေအနေများ၊ လူဦးရေနှင့် အိမ်အကြောင်း အရာ သန်းခေါင်စာရင်း ကောက်ယူခြင်းဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်နေ မှု အခြေအနေများကို ဦးစွာတင်ပြ၍ NUG၊ PDF အမည်ခံအကြမ်းဖက်အဖွဲ့များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့၏ အကြမ်းဖက်လုပ်ရပ်များကြောင့် နယ်မြေ ဒေသတည်ငြိမ်အေးချမ်းရေး ဆောင်ရွက်ရန်လိုအပ်နေမှုအခြေအနေများ၊ ရွေးကောက် ပွဲ ကျင်းပရာတွင် ခိုင်လုံမှန်ကန်သော မဲစာရင်းများရရှိရေးအတွက် လူဦးရေနှင့်အိမ် အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများဆောင်ရွက်ရန်  မဖြစ် မနေလိုအပ်နေသည့် အခြေအနေများကြောင့် လုပ်ဆောင်ရမည့်လုပ်ငန်းများ ဆက် လက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ တာဝန်ထမ်းဆောင်ခွင့်ကို ထပ်မံ၍ ၆ လ သက်တမ်း တိုးမြှင့်ပေးနိုင်ရန် ဖွဲ့စည်း ပုံအခြေခံဥပဒေ ပုဒ်မ ၄၂၅ အရ တင်ပြသည်။

ထို့နောက် ယာယီသမ္မတ(တာဝန်)၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တင်ပြချက်အပေါ် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်များ၊ အထူးဖိတ်ကြားထားသူများက ဝိုင်းဝန်းသုံးသပ်ဆွေး နွေးခဲ့ကြသည်။ ယင်းနောက် ယာယီသမ္မတ(တာဝန်)တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အပါအဝင် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်များအားလုံးက ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈)ခုနှစ် ပုဒ်မ ၄၂၅ နှင့်အညီ “နိုင်ငံတစ်ဝန်းလုံးအရေးပေါ်အခြေအနေ ကြေညာ ထားသည့် ကာလကို နောက်ထပ် ၆ လ တိုးမြှင့်သတ်မှတ်ကြောင်း” တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ခဲ့ပြီး  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး(၂/၂၀၂၄)အား ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိ သည်။

Dates: 
Wednesday, July 31, 2024 - 10:42