အိမ်နီးချင်းတပ်မတော်၏ တည်ဆောက်ထုဆစ်(၉၇)နှစ်

 

အိမ်နီးချင်းတပ်မတော်၏ တည်ဆောက်ထုဆစ်(၉၇)နှစ်

 

    နိုင်ငံတော်ဟု သတ်မှတ်ရာတွင် လူဦးရေ၊  နယ်မြေ၊   အစိုးရ၊ အချုပ်အခြာအာဏာနှင့် နိုင်ငံတကာ အသိအမှတ်ပြုမှု စသည့် အင်္ဂါရပ် ငါးရပ်ပါဝင်မှ ပြည့်စုံမည်ဖြစ်သည်။ ထိုအင်္ဂါ ငါးရပ်နှင့်ပြည့်စုံသော နိုင်ငံတော်ကို ယနေ့ကမ္ဘာ့နိုင်ငံအများစု ကြုံတွေ့နေရသော ဘက်စုံစစ်ပွဲအသွင်က     ကာကွယ်နိုင်ရန်အတွက် နိုင်ငံတိုင်းတွင် ခေတ်မီစွမ်းအားပြည့်ဝသော  တပ်မတော်တစ်ရပ် ဖွဲ့စည်းတည်ဆောက်ကြရပါသည်။   နိုင်ငံတိုင်းအတွက် အလိုအပ်ဆုံးသော၊ အရေးပါဆုံးသော မရှိမဖြစ်အဖွဲ့အစည်းမှာ နိုင်ငံတော်အပေါ် သစ္စာစောင့်သိရိုသေသည့် တပ်မတော်ပင်ဖြစ်ပါသည်။

ကြံ့ခိုင်သော တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်

    ၁၉၂၇ ခုနှစ် သြဂုတ်လ ၁ ရက်တွင် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ကို စတင်ဖွဲ့စည်းခဲ့သည်။ ယင်းအချိန်သည် တရုတ်ပြည်သူ့သမ္မတ နိုင်ငံတော်ကြီးအဖြစ် ကြေညာခြင်း မပြုရသေးပေ။ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်၏ သမိုင်းဖြစ်စဉ်သမိုင်းသည် ၁၉၃၃ ခုနှစ်တွင် စတင်၍ အတည်ပြုခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီ၏ ဦးဆောင်မှုဖြင့်  တပ်နီတော်အား အလုပ်သမား၊  တောင်သူလယ်သမားတို့ကို အခြေခံဖွဲ့စည်းခဲ့ကြသည်။ အင်အား ၈၀၀၀၀ ကျော်ဖြင့် ခရီးရှည်ချီတက်ပွဲ ဆင်နွှဲခဲ့ကြရာ ခေါင်းဆောင်ကြီး မော်စီတုံးက ဦးဆောင်ခဲ့သည်။     တပ်နီတော်၏ ခရီးစဉ်သည် တောင်တန်းကြီး ၁၈ တောင်၊ မြစ်ပေါင်း ၂၄ မြစ်ကို ဖြတ်ကျော်ခဲ့ပြီး သဲကန္တာရ၊ နွံအိုင်များကိုလည်း    ဖြတ်ကျော်ခဲ့ကြရသည်။  တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်သည် ချန်ကေရှိတ်၏ ကူမင်တန်တပ်များနှင့်     စစ်ပွဲပေါင်းများစွာ ဆင်နွှဲခဲ့ရပြီး ပြည်တွင်းစစ်၊ ပြည်ပစစ်ကိုလည်း ပါဝင်ခဲ့ကြရသည်။

မည်သည့်နိုင်ငံမဆို    အချုပ်အခြာ အာဏာမတည်မြဲလျှင် သို့မဟုတ် အချုပ်အခြာအာဏာကို   မကာကွယ်နိုင်လျှင် လွတ်လပ်ရေးဆုံးရှုံးခြင်းပင်   ဖြစ်သည်။

မျက်မှောက်ခေတ်တွင်   နိုင်ငံတိုင်းသည် ကာကွယ်ရေးစွမ်းအား    မြင့်မားသည့် တပ်မတော်တစ်ရပ်ကို ထူထောင်ရန် လိုအပ်ပေသည်။ ကမ္ဘာ့သမိုင်းစာမျက်နှာများကို သင်ခန်းစာယူလျှင် ကာကွယ်ရေးစွမ်းအား လျော့နည်းချိန်တွင် နယ်ချဲ့ကျူးကျော်မှုကိုခံရတတ်သည်။ တရုတ်နိုင်ငံသည် ၁၈၉၄-၁၈၉၅ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၃၇-၁၉၄၅ခုနှစ်တွင် တစ်ကြိမ် ဂျပန်တို့၏ကျူးကျော်ခြင်း ခံခဲ့ကြရသည်။     အချုပ်ပြောရလျှင် တရုတ်နိုင်ငံသည် ဗြိတိသျှ၊ ဂျပန်တို့၏ ကျူးကျော်ခြင်းကိုခံခဲ့ရပြီး      ကိုလိုနီကျွန်ဘဝ ရောက်ခဲ့ရသည်။  တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်သည် အတိတ်တွင်ကြုံတွေ့ခဲ့ရသော  နိုင်ငံ၏ခါးသီးခြင်း ဝေဒနာကို သင်ခန်းစာယူ၍    ခေတ်မီတိုးတက်သည့်     တပ်မတော်တစ်ရပ်ကို ထူထောင်ခဲ့ကြသည်။ သမ္မတကျန်ဇီမင်း ၏ ခေတ်သစ်စစ်ရေးမူဝါဒ ထုတ်ပြန်ချက်တွင် “အနာဂတ်တွင်ဖြစ်ပွားမည့် စစ်ပွဲများတွင် နည်းပညာမြင့်မားသောစစ်ပွဲ၊ ဘက်စုံစစ်ပွဲ၊ အီလက်ထရွန်နစ်စစ်ပွဲနှင့် ဒုံးလက်နက် စစ်ပွဲတို့ပါဝင်ကြမည်ဖြစ်ပြီး တရုတ်ပြည်သူ့လွတ်မြောက်ရေး  တပ်မတော်အနေဖြင့်လက်တွေ့ကျကျ တိုက်ပွဲဝင်အသင့်ဖြစ်စေရမည်”ဆိုသည်မှာ တရုတ်နိုင်ငံ၏ အနာဂတ်တပ်မတော် လက္ခဏာအသစ်ပင်ဖြစ်သည်။  ထို့ပြင်  နိုင်ငံတော် အချုပ်အခြာအာဏာလုံခြုံရေး၊ နယ်မြေတည်တံ့ ခိုင်မြဲရေးတို့ကို  ထိန်းသိမ်းကာကွယ်ခြင်း၊ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး အကျိုးစီးပွားနှင့် တရုတ်ပြည်သူတို့၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ခြင်းတို့ကိုလည်း အခြေခံ၍ တရုတ်နိုင်ငံ၏ နိုင်ငံတော်ကာကွယ်ရေး မူဝါဒကို ချမှတ်ခဲ့ခြင်းပင်ဖြစ်သည်။

တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်(PLA)တွင်   ကြည်းတပ်ကဏ္ဍ၌ ခေတ်မီစစ်လက်နက် ပစ္စည်းများ၊ စွမ်းအားပြည့်ဝသော စစ်သည်များ ပိုင်ဆိုင်ခြင်း၊ ရေတပ်ကဏ္ဍ၌လည်း မဟာဗျူဟာမြောက် စစ်ဆင်ရေးများကို  အခိုင်အမာ တည်ဆောက်နိုင်ရန်အတွက်    တတိယမြောက်     လေယာဉ်တင်သင်္ဘောအထိ လက်ဝယ်ရှိပြီးဖြစ်သည့်အပြင်   လေတပ်ကဏ္ဍ၌လည်း တိုက်လေယာဉ်များ၊ ဗုံးကြဲလေယာဉ်များ၊ ရှေ့ပြေးသတိပေး လေယာဉ်များ၊ ကင်းထောက်လေယာဉ်နှင့် ရဟတ်ယာဉ် စသည့်နည်းပညာမြင့် မျိုးဆက်သစ်လေယာဉ်များစွာကို     ပိုင်ဆိုင်နေပြီဖြစ်သည်။ ထို့ပြင် လေကြောင်းရန် ကာကွယ်ရေးစနစ်၊ ဒုံးစနစ်၊ AI  နည်းပညာ၊ Drone စနစ်များတွင်  အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ခဲ့သည်။   တစ်နည်းအားဖြင့်ဆိုရလျှင် ခေတ်သစ်တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်သည်   ကမ္ဘာ့စစ်အင်အားကြီး နိုင်ငံများထဲတွင် ပါဝင်လျက်ရှိပါသည်။

မြန်မာ၏ထာဝရအိမ်နီးချင်းကောင်း

    အနောက်တိုင်းစကားပုံ တစ်ခုက “You can change friendsç but not neighours” ဖြစ်သည်။ အဓိပ္ပာယ်က “မိတ်ဆွေများကို   ပြောင်းချင်သလောက် ပြောင်းနိုင်သည်။ သို့သော်  သင်မပြောင်းနိုင်တာက အိမ်နီးနားချင်းပါ”ဟူ၍ဖြစ်သည်။ ၁၉၅၄ ခုနှစ် ဇွန်လ ၂၉ ရက်တွင်   မြန်မာနှင့် တရုတ်နိုင်ငံတို့၏ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူကြီး(၅)ရပ်    (The Five Principles of Peaceful Coexistence)ကို  ကမ္ဘာသို့   ပူးတွဲကြေညာခဲ့ကြသည်။

ထိုစဉ်က မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံဝန်ကြီးချုပ် ချူအင်လိုင်းဦးစီး၍ တရုတ်-မြန်မာ နှစ်နိုင်ငံတို့၏ သမိုင်းစာမျက်နှာအသစ်   ရေးထိုးနိုင်ခဲ့ခြင်းလည်းဖြစ်သည်။ ထိုငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး  (၅)ရပ်ကို စတင်ကြေညာသည့် ၁၉၅၄ ခုနှစ်မှစ၍ နောင်နှစ်ပေါင်းများစွာအထိ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကြီးနိုင်ငယ်ညှဉ်း ကင်းကင်း တန်းတူရည်တူ အပြန်အလှန်လေးစား ဆက်ဆံခဲ့ကြသည်မှာ ယနေ့တိုင်ဖြစ်သည်။

ယနေ့ကမ္ဘာကြီးတွင် နိုင်ငံအသီးသီးသည် နိုင်ငံတော်လုံခြုံရေးနှင့် ငြိမ်းချမ်းရေးရရှိရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်   အားသွန်ခွန်စိုက်ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။  တစ်နိုင်ငံနှင့်တစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု၊ နားလည်မှု၊ ယုံကြည်စိတ်ချရမှုများ ရရှိစေရန် ကြိုးစားဆောင်ရွက်လျက်ရှိကြ၏။   မြန်မာနိုင်ငံသည်လည်း ကမ္ဘာ့အခြေအနေ အရပ်ရပ်နှင့် လိုက်လျောညီထွေဖြစ်စေမည့် ကာကွယ်ရေး၊ နိုင်ငံခြားရေးနှင့် စီးပွားရေး မူဝါဒများကို ချမှတ်အကောင်အထည် ဖော်လျက်ရှိသည်။  မြန်မာ့အရေးနှင့် ပတ်သက်လာတိုင်း  ခေတ်အဆက်ဆက် အိမ်နီးချင်းကောင်းဟူသော ဂုဏ်ပုဒ်အပြင် မိတ်ဆွေကောင်းဟူသော ခံယူချက်ဖြင့်    တရုတ်နိုင်ငံသည် သမိုင်းစဉ်ဆက် သက်သေထူလျက်ရှိသည်။    တစ်ချိန်တစ်ခါက တရုတ်-မြန်မာတို့ ချုပ်ဆိုခဲ့သည့် နယ်နိမိတ်စာချုပ်သည် နှစ်နိုင်ငံ ခေါင်းဆောင်များနှင့်ပြည်သူများကြား ထားရှိသည့်  ဆွေမျိုးပေါက်ဖော်စိတ်ဓာတ်များကို ဖော်ထုတ်ပြသခဲ့ခြင်းပင် ဖြစ်သည်။  ထိုစဉ်က တရုတ်နှင့်မြန်မာတို့သည်   ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေးမူကြီး(၅)ရပ်ပါအတိုင်း    တစ်ဖက်နှင့်တစ်ဖက် နားလည်မှုရှိစွာ    ဆောင်ရွက်ခဲ့သောကြောင့်    အခြားသောကမ္ဘာ့အဖွဲ့အစည်းများကပင်   စံနမူနာ အတုယူခဲ့ရသည်အထိ ဖြစ်ခဲ့ရသည်။

ခေတ်အဆက်ဆက်  မြန်မာဘုရင်မင်းများနှင့်    တရုတ်ဧကရာဇ်မင်းများ၏  နှစ်နိုင်ငံဆက်ဆံရေးအပြင် တပ်မတော်နှစ်ရပ် ဆက်ဆံရေးသည် ရွှေလမ်းငွေလမ်း ဖောက်လုပ်ခဲ့ပြီးဖြစ်သည်။ ယနေ့အချိန်ထိ တပ်မတော်နှစ်ရပ် ပူးပေါင်းဆောင်ရွက်မှု အနေဖြင့် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် တပ်မတော်နှစ်ရပ်ကြား နည်းပညာဖလှယ်ခြင်းတို့ဖြင့်  ပိုမိုရင်းနှီးခိုင်မာသော ဆက်ဆံရေးကို တည်ဆောက်လျက်ရှိလေသည်။

နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု နှစ်နိုင်ငံကြား   အစိုးရအချင်းချင်းဆက်သွယ်ဆောင်ရွက်မှုများ ရှိသကဲ့သို့ပင် နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်း ဆောင်ရွက်မှုများကိုလည်း   အလျဉ်းသင့်၍ တင်ပြလိုပါသေးသည်။ အရပ်ဘက်သံတမန် ဆက်ဆံရေးသည်   ၂၀၂၄ ခုနှစ် ဇွန်လ ၈ ရက်တွင် (၇၄)နှစ်ပြည့်မြောက်ပြီဖြစ်ပြီး   စစ်ဘက်သံတမန် ဆက်ဆံရေးအနေဖြင့်  မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ) ရုံးအား ၁၉၅၄ ခုနှစ် ဇူလိုင်လ ၁ ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့၌   ဖွင့်လှစ်ခဲ့သလို  တရုတ်စစ်သံရုံးကိုလည်း ၁၉၅၀ ပြည့်နှစ် သြဂုတ်လတွင်  မြန်မာနိုင်ငံ ရန်ကုန်မြို့၌ ဖွင့်လှစ်နိုင်ခဲ့သည်။

တပ်မတော်နှစ်ရပ်ကြား  ချစ်ကြည်ရေးခရီး သွားရောက်ခဲ့မှုများ အနေဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်   ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်မှ ၂၂ ရက်အထိ တရုတ်နိုင်ငံ ကွေ့လင်မြို့၌      ကျင်းပပြုလုပ်ခဲ့သော အကြမ်းဖက်နှိမ်နင်းရေး လက်တွေ့လေ့ကျင့်ခန်း ADMM - Plus (VIP Program)သို့ ပါဝင်တက်ရောက်ခဲ့သည်။

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)   ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း    ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည်  ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်မှ ၁၆ ရက်အထိ ကျင်းပ ပြုလုပ်ခဲ့သည့်    တတိယအကြိမ်မြောက် တရုတ်- မြန်မာ    မဟာဗျူဟာ လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲ (3rd China-Myanmar Strategic Security Consultation)သို့ တက်ရောက်ခဲ့သည်။

နှစ်နိုင်ငံတပ်မတော် နှစ်ရပ်ကြား နိုင်ငံတော်ကာကွယ်ရေး     တက္ကသိုလ်များက သင်တန်းသား အရာရှိကြီးများဟာ လေ့လာရေးခရီး  အပြန်အလှန် သွားရောက်ခြင်း၊ သက်ဆိုင်ရာကဏ္ဍအလိုက်       နယ်ပယ်အလိုက်      တပ်မတော်သား အဆင့်မြင့် အရာရှိကြီးများ အပြန်အလှန်ချစ်ကြည်ရေး ခရီးသွားရောက်ခြင်းနှင့် စစ်ဘက်ဆိုင်ရာ လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခြင်း၊ တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် နိုင်ငံတကာ အကြမ်းဖက်မှုတန်ပြန် နှိမ်နင်းရေးစာတမ်းဖတ်ပွဲ (Great Wall2022 International Counter- terrorism Symposium) သို့ Video Conference စနစ်ဖြင့် မြန်မာ့တပ်မတော်မှ ကိုယ်စားလှယ်များ   တက်ရောက်ခဲ့ခြင်း၊   မြန်မာ့တပ်မတော်ဘက်မှ    သင်တန်းသားများ တရုတ်နိုင်ငံရှိ သက်ဆိုင်ရာ သင်တန်းကျောင်းများတွင်  တက်ရောက်သင်ကြားနေခြင်း၊   စစ်ဘက်ဆိုင်ရာ ဖိုရမ်များနှင့်    အစည်းအဝေးများ အပြန်အလှန် တက်ရောက်ခြင်း၊ လေ့လာရေးခရီးစဉ်များ အပြန်အလှန်သွားရောက်ခြင်း၊  သက်ဆိုင်ရာ ကဏ္ဍအလိုက် စစ်ရေးပူးပေါင်းလေ့ကျင့်ရေးများကို ပူးပေါင်းဆောင်ရွက်ခြင်း တို့ကိုလည်း ဆောင်ရွက်နိုင်လျက်ရှိသည်။

နှစ်နိုင်ငံချစ်ကြည်ရင်းနှီးစွာ ခိုင်မြဲနေသည့်ဆက်ဆံရေးဆက်လက်တည်ရှိ

    ၂၀၂၄ ခုနှစ် သြဂုတ်လ ၁ ရက်နေ့သည် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်၏ (၉၇) နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်ပေသည်။   တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သည် အခက်အခဲပေါင်းမြောက်မြားစွာ၊ ရဲဘော်များ၏ အသက်သွေးချွေးပေါင်းများစွာကို အရင်းတည်၍ ဖြတ်သန်း တည်ဆောက်ခဲ့ကြရခြင်းလည်းဖြစ်သည်။

တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ကြီး အနေဖြင့်       ရန်လိုမှုကင်းသော နိုင်ငံချစ်စိတ်တို့ဖြင့် အမိတိုင်းပြည် တရုတ်နိုင်ငံတော်ကြီးကို  ကာကွယ်စောင့်ရှောက်လျက် ရှိပေသည်။ (ကြည်း၊ ရေ၊ လေ) တပ်ဖွဲ့တစ်ခုလုံးဟာ တရုတ်ပြည်ရဲ့ နိုင်ငံတော်လုံခြုံရေးနဲ့  မဟာဗျူဟာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်း နယ်ပယ်တစ်ခုလုံးမှာ အရေးပါတဲ့ အခန်းကဏ္ဍမှာပါဝင်နေတယ်ဆိုတာ ပြည့်စုံနက်ရှိုင်းစွာ  သဘောပေါက်ထားရမယ်။

တပ်မတော်ဟာ ဖွံ့ဖြိုးတိုးတက်ရေး၊ အချုပ်အခြာအာဏာ ပိုင်မှုနဲ့ လုံခြုံရေးကို အခြားအရာတွေထက် ဦးစားပေးရမယ်။ စစ်ရေးအသင့်ဖြစ်မှုဟာ တပ်မတော်ရဲ့ အဓိကလုပ်ငန်းတာဝန်ဖြစ်တယ်။  သတင်းနည်းပညာ ခေတ်ကြီးမှာ မိမိရဲ့ခံစစ်နဲ့တိုက်စစ်   တိုက်ပွဲဝင်စွမ်းရည်တွေကို ကျယ်ကျယ်ပြန့်ပြန့် တိုးမြှင့်ကြရမယ်။    တပ်မတော်ကြီးတစ်ခုလုံးဟာ စစ်ရေးလေ့ကျင့်မှုကို မဟာဗျူဟာ အရေးပါမှုအဖြစ် ထည့်သွင်းထားရမယ်။ “လက်တွေ့တိုက်ပွဲ စွမ်းဆောင်ရည်ကို စဉ်ဆက်မပြတ်မြှင့်တင်ထားရမယ်”ဟု  သမ္မတရှီကျင့်ဖျင်က ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်တွင်  ကျင်းပသည့်    ဗဟိုစစ်ကော်မရှင်   တိုးချဲ့အစည်းအဝေးတွင် တပ်မတော်၏ အရေးပါမှုကို    ထည့်သွင်းပြောကြားခဲ့သည်။ တရုတ်ပြည်သူ့သမ္မတ လွတ်မြောက်ရေး  တပ်မတော်သည်  သမိုင်းပေးတာဝန်အရ တိုင်းပြည်အပေါ်သစ္စာရှိခြင်း၊  ပြည်သူကိုချစ်မြတ်နိုးခြင်းတို့ဖြင့်    ရပ်တည်လျက်ရှိသည်မှာ (၉၇)နှစ်ပြည့် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်နေ့တိုင်ခဲ့ပြီဖြစ်သည်။

သို့ဖြစ်ပါ၍ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ နှစ်နိုင်ငံအစိုးရ၊ တပ်မတော် နှစ်ရပ်နှင့်   နှစ်နိုင်ငံပြည်သူတို့အကြား ချစ်ခင်ရင်းနှီးစွာ အိမ်နီးချင်းကောင်းများ အဖြစ်  တည်ရှိပြီးဖြစ်သည့် ခိုင်မြဲသည့် ဆက်ဆံရေးကို နှစ်နိုင်ငံ တည်တံ့နေသမျှ ဆက်လက်ခိုင်မြဲနေအောင် ထိန်းသိမ်းသွားမည်ဖြစ်ပါကြောင်း    ဂုဏ်ပြုရေးသား အပ်ပါသည်။   ။