တောင်ငူမြို့နယ်ရှိ ကျေးရွာများတွင် စစ်မှုထမ်းထောက်ပံ့ရန်အတွက် ငွေ ၃ သောင်း ကျပ် တောင်းခံနေကြောင်း သတင်းအမှားများ လှုံ့ဆော်ရေးသားဝါဒဖြန့်
နေပြည်တော်၊ ဇူလိုင် ၃၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်ရှိကျေးရွာများတွင် စစ်မှုထမ်းထောက်ပံ့ရန် အတွက် တစ်အိမ်ထောင်ကို ငွေ ၃ သောင်းကျပ် ပေးဆောင်ရန် တောင်းခံနေသည်ဟု တရားမဝင်ပြည်ဖျက်မီဒီယာများက သတင်းအမှားများ လှုံ့ဆော်ရေးသားဝါဒဖြန့်ဝေနေ သည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာမြို့နယ် စစ်မှုထမ်းဆင့်ခေါ်ရေးမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ စစ်မှုထမ်းထောက်ပံ့ရန်အတွက် တစ်အိမ် ထောင်ကို ငွေ ၃ သောင်းကျပ် တောင်းခံနေသည်သတင်းမှာ မှန်ကန်မှုမရှိကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်ပြီး တာဝန်ရှိသူများအနေဖြင့် အတည်ပြုပြဋ္ဌာန်း ထားသည့် ဥပဒေများနှင့်အညီသာ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
တရားမဝင်ပြည်ဖျက်မီဒီယာများနှင့် အကြမ်းဖက်သမားများက ပြည်သူ့စစ်မှုထမ်း ဥပဒေစတင်အာဏာတည်သည့်နေ့မှစ၍ လုပ်ကြံရေးသားထားသည့် သတင်းတု၊ သတင်းအမှားများဖြင့် ပြည်သူများ ကြောက်ရွံ့ထိတ်လန့်စေရန် လှုံ့ဆော်ဝါဒဖြန့်ဝေ နေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။