ဆရာဝန်(သစ်လွင်) ၅၈၁ ဦးအား နိုင်ငံ့ဝန်ထမ်း ပြန်တမ်းဝင်အရာရှိများ အဖြစ် တာဝန်ပေးအပ်
နေပြည်တော် ဇူလိုင် ၃၁
ကျန်းမာရေးဝန်ကြီးဌာန ဆရာဝန်(သစ်လွင်)များအား နိုင်ငံ့ဝန်ထမ်း ပြန်တမ်းဝင်အရာရှိများ အဖြစ် တာဝန်ပေးအပ်ခြင်း အခမ်းအနားကို ယနေ့တွင် နေပြည်တော်ရှိ MICC-II ၌ ကျင်းပသည်။
အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်း တက်ရောက်၍ ကျန်းမာရေးဝန်ကြီး ဌာနအနေဖြင့် နိုင်ငံတော်အစိုးရ၏ ပံ့ပိုးမှုနှင့်အတူ ပြည်သူလူထုကျန်းမာရေး စောင့်ရှောက်မှု အခြေအနေကို မျက်ခြည်မပြတ် လေ့လာသုံးသပ်ပြီး လုပ်ငန်းစီမံချက်များ ရေးဆွဲခြင်း၊ အကောင်အထည်ဖော်ခြင်း၊ ကာလတို/ကာလလတ်/ကာလရှည် ဦးတည်ချက်များ ချမှတ်ကာ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များဖြစ်သည့် “ကျန်းမာမှ ပညာသင်ကြားနိုင်မည်၊ ကျန်းမာမှ အလုပ်လုပ်နိုင်မည်၊ လူ့အသက်ထက် အရေးကြီးတာမရှိ၊ ဆေးရုံတိုင်း ဆရာဝန်ရှိရမည်” စသည့် မူဝါဒများကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပြီး ကျန်းမာရေး လူ့စွမ်းအား အရင်းအမြစ်များကို ပြည့်ဝစွာခန့်ထားနိုင်ရေး နှစ်စဉ်လေ့ကျင့်သင်ကြား မွေးထုတ်ပေးလျက်ရှိကြောင်း၊ စိတ်ဓာတ်ကြံ့ခိုင်ပြီး သမားဂုဏ်၊ ဆေးပညာကျင့်ဝတ်တို့နှင့် အညီ ပြည်သူလူထု ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို အာရုံစူးစိုက်၍ Professional ပီပီသသ ဆောင်ရွက်ကြစေလိုကြောင်း မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဆေးတက္ကသိုလ် တစ်ခုချင်းအလိုက် ကိုယ်စားပြုဆရာဝန်(သစ်လွင်)များကို ခန့်အပ်လွှာများ ပေးအပ်ပြီး ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ ဆရာဝန်(သစ်လွင်)များနှင့်အတူ လက်ဖက်ရည်ပွဲကို အတူတကွ သုံးဆောင်ကြသည်။
အဆိုပါအခမ်းအနားကို ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဆေးနှင့် ဆေးနှီးနွှယ်တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ကုသရေး ဦးစီးဌာနမှူးများ၊ ဆေးရုံအုပ်ကြီးများ၊ ကျန်းမာရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူများနှင့် နိုင်ငံ့ဝန်ထမ်း ပြန်တမ်းဝင် အရာရှိအဖြစ်ခန့်အပ်ခြင်းခံရသော ဆရာဝန် (သစ်လွင်) ၅၈၁ ဦးတို့ တက်ရောက်ခဲ့ကြသည်။
အဆိုပါဆရာဝန်(သစ်လွင်)များကို ဆေးကုသမှု အတွေ့အကြုံများ ပိုမိုလေ့လာ ဆည်းပူးနိုင်စေရန်နှင့် ပြည်သူလူထုဆေးကုသမှု လုပ်ငန်းများ ပိုမိုအထောက်အပံ့ ဖြစ်စေရန် ဗဟိုအဆင့်ပြည်သူ့ဆေးရုံကြီးများနှင့် ပြည်နယ်/တိုင်း ဒေသကြီးများရှိ ပြည်သူ့ဆေးရုံကြီးများတွင် တာဝန်ချထားခဲ့ကြောင်းနှင့် ဆေးတက္ကသိုလ် နောက်ဆုံးနှစ် အပိုင်း (ခ) စာမေးပွဲများ အောင်မြင်ပြီး အလုပ်သင်ဆရာဝန်များအဖြစ် သက်ဆိုင်ရာသင်ကြားရေး ဆေးရုံကြီးများတွင် တာဝန်ထမ်းဆောင်နေသူ ၁၂၇၅ ဦးရှိကြောင်း သတင်းရရှိသည်။