ရေချိုကိုတန်ဖိုးထား ကမ္ဘာကြီးကိုစောင့်ရှောက်
ယမန်နေ့မှအဆက်
ရေစတင်သိုလှောင်မည့်ရက်နှင့် သိုလှောင်ပြီးပါက ဆက်လက်ဆောင် ရွက်မည့် အစီအစဉ်များ၊ စက်တပ်ဆင်မှု၊ ဓာတ်အားခွဲရုံတည်ဆောက်မှု လုပ်ငန်း လျာထားချက်များကို လုပ်ငန်းစခန်းတွင် ဥရောပပညာရှင်များ၊ တရုတ်ပညာရှင်များ၊ စီမံကိန်းဝန်ထမ်းများနှင့်ပါ အကျေအလည် ဆွေးနွေးသည်။ ရေစတင် သိုလှောင်ခြင်းကို ဒီဇင်ဘာလအစား ဖေဖော်ဝါရီလခန့်ထိ နှစ်လခန့်နောက်ဆုတ်၍ရနိုင်၊ မရနိုင် ဆွေးနွေးသည့်အခါ အားလုံးက ရနိုင်ကြောင်း သဘောတူကြသည့်အတွက် ရေလွှဲဥမင်လိုဏ်ဂိတ်ပိတ်၍ ရေစတင်သိုလှောင်မှုကို ၂၀၁၄ ခုနှစ် မတ်လ ၂ ရက် တောင်သူလယ်သမား နေ့သို့ ရွှေ့လိုက်သည်။
တစ်ဖက်ကလည်း ရွာသားများ၏လယ်ယာများ ရိတ်သိမ်းသယ်ယူမှု မြန်ဆန်စေရေး ဌာနပိုင်ယာဉ်များဖြင့် ရွာအလိုက်ခွဲ၍ ကူညီခဲ့ရာ ဖေဖော်ဝါရီလထဲတွင် ရိက္ခာများအားလုံး ဆိုင်ရာဆိုင်ရာ နေရာသစ် အသီးသီးသို့ ရောက်သွားတော့သည်။ လယ်ယာထွက်ကုန်များသည် စုစုပေါင်းတန် ၉၀၀၀၀ ခန့်အထိ များပြားခြင်းနှင့် နေရာပြန့်ကျဲနေခြင်း၊ တောင်ပေါ်ရာသီဥတုဖြစ်၍ မိုးကလည်း မကြာမကြာ ရွာတတ်ခြင်း တို့ကြောင့် ကားဖြင့်သယ်ရန် ခက်ခဲပါက ထော်လာဂျီ၊ လှည်းများ၊ စက်လှေ များဖြင့် ဌာနမှစရိတ်ကျခံ၍ ရွှေ့ပြောင်းပေးခဲ့သည်။ ကျေးရွာများ ပြောင်းရွှေ့မှုမြန်ဆန်စေရေး ဌာနမှ ခုနစ်တန်နှင့်အထက်ယာဉ်ကြီး စုစုပေါင်း ၅၉ စီးအထိ သုံးစွဲခဲ့သည်။
ထောက်ပံ့ကြေးကိစ္စများ ဖော်ပြပါဦးမည်။
အိမ်ဟောင်းအမျိုးအစားများကို မှတ်တမ်းတင်ထားပြီးဖြစ်ရာ အိမ် အားလုံးကို အသေးစိတ်ဓာတ်ပုံနှင့် မှတ်ချက်များ တိုက်ဆိုင်ကြည့်သည်။ အတန်းအစားမတူ အိမ်ပုံစံ ခုနစ်မျိုးရေးဆွဲသည်။ ရေးဆွဲသည့်ပုံစံ ခုနစ် မျိုးကို တစ်ခုချင်းစီအတွက် အသစ်ဆောက်လုပ်မှုအဖြစ် ဒေသပေါက် စျေးဖြင့် ကုန်ကျစရိတ်တွက်ချက်သည်။ ပင်လောင်း၊ ရမည်းသင်း၊ တပ်ကုန်းမြို့တို့နှင့် အနီးဆုံးဖြစ်၍ ယင်းမြို့နယ်များအတွက် အုပ်ချုပ်ရေး အဖွဲ့များမှ အတည်ပြုထားသော ဒေသပစ္စည်းနှင့် လုပ်အားခစျေးနှုန်း များကို အခြေခံတွက်ချက်သည်။
အဆိုပါအိမ်ပုံစံခုနစ်မျိုးအတွက် ကုန်ကျစရိတ်ခုနစ်မျိုးဖြင့် ရွာသား များအား ထောက်ပံ့သည်။ ရွာဟောင်းများရှိစုရပ်များတွင် ထောက်ပံ့ ကြေးပေးအပ်သည်။ ကျေးရွာဘုန်းတော်ကြီးများ၊ မြို့နယ်အဆင့် ဌာန ဆိုင်ရာအရာရှိများ၏ ရှေ့မှောက်တွင် အပ်နှင်းသည်။ အဆိုပါထောက်ပံ့ ငွေပေးအပ်ပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်တစ်ဦး၊ ဖယ်ခုံမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၊ ပအိုဝ်းဒေသမှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၊ ပင်လောင်းမြို့နယ်မှ သက်ဆိုင်သည့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (နောင်တွင် ညွှန်ကြားရေးမှူးချုပ်) နှင့် ဌာန ညွှန်ကြားရေးမှူးများလည်း စုံညီစွာတက်ရောက်ကြသည်။
ထောက်ပံ့ငွေကို အိမ်ဟောင်းများမဖျက်မီ ထက်ဝက်ပေးချေပြီး အိမ်ဟောင်းများ အားလုံးဖျက်သိမ်း၍ နေရာသစ်သို့ အားလုံးရောက်ရှိ စုပုံပြီးချိန်တွင် (အိမ်သစ်မဆောက်ရသေးမီ) ကျန်ငွေထက်ဝက်ကို ပေးချေ သည်။
ရေလှောင်ကန်ကြောင့် သက်ရောက်ခဲ့သော ကိစ္စရပ်များမှာ အောက်ပါ အတိုင်းဖြစ်သည်။
ရေလှောင်ကန်ကြောင့် သက်ရောက်ခဲ့သော ကိစ္စရပ်များ
- အိမ်ထောင်စု ၂၅၂၄ စု
- အိမ်ခြေ ၂၄၈၇ လုံး
- လူဦးရေ ၉၇၅၅ ဦး
- လယ် ၂၈၈၄.၆ ဧက
- ယာ ၆၂၁.၇၆ ဧက
- ကိုင်း ၅၂၅.၉၀ ဧက
- ဥယျာဉ် ၃၀.၀၄ ဧက
- အုန်း၊ ထန်း၊ ကွမ်းသီးပင် ၁၂၁၉၄ ပင်
- သရက်၊ပိန္နဲ၊တညင်း၊ရှောက်၊ထောပတ်၊မန်ကျည်း ၁၅၈၃ ပင်
- မာလကာ၊ သြဇာနှင့်တခြား ၁၉၀၆ ပင်
လယ်၊ ယာ၊ ကိုင်း၊ ဥယျာဉ်ခြံပိုင်ဆိုင်မှုမရှိသော စျေးဆိုင်များအတွက်ပါ မနစ်နာစေရန် နှုန်းထားညှိနှိုင်း၍ ထောက်ပံ့ခဲ့သည်။
အိမ်ရာများအတွက် ထောက်ပံ့ကြေးတွက်ချက်ရာတွင် ဒေသပေါက် ပစ္စည်းစျေးနှုန်းနှင့် ဒေသပေါက် လုပ်အားခစျေးနှုန်းကိုအခြေခံပြီး ပေးလျော်ရသည်မှာ အခက်အခဲမရှိပါ။
သို့သော် လယ်၊ ယာ၊ ကိုင်း၊ ဥယျာဉ်ခြံနှင့်တကွ တခြားနှစ်ရှည်ပင်မျိုးစုံ ကို စျေးနှုန်းသတ်မှတ်ရေးကိစ္စမှာ ခက်ခဲသည်။ ဒေသပေါက်စျေးရှိသည် ဟုဆိုသော်လည်း ဒေသကွဲလွဲမှု၊ မြေအခြေအနေကွဲလွဲမှု၊ အပင်အရွယ် အစား ကွဲလွဲမှုမျိုးစုံကြောင့် ပေါက်စျေးတစ်ပြေးညီ သတ်မှတ်ရန် ခက်ခဲခဲ့သည်။ ယခင် နိုင်ငံတော်မှ ဆောင်ရွက်ခဲ့သော တခြားစီမံကိန်းများနှင့် နှိုင်းယှဉ် စဉ်းစားသော်လည်း ကာလမတူ၊ ဒေသမတူ၊ အခြေအနေ မတူညီမှုများကြောင့် စံထားရန် အခက်အခဲရှိခဲ့သည်။
နောက်ဆုံးတွင် ပြည်နယ်အဆင့်၊ မြို့နယ်အဆင့်၊ ကျေးရွာအဆင့် တာဝန်ရှိသူများ၊ ရွာသူရွာသားများနှင့် ညှိနှိုင်းအဖြေရှာပြီးသာ ဆောင်ရွက် ရတော့သည်။ ရွာသူရွာသားများ၏ ရိုးသားမှုကြောင့်လည်း လုပ်ငန်းများ အောင်မြင်ခဲ့သည်။
ဤသို့ လျော်ကြေး၊ ထောက်ပံ့ကြေးများပေးအပ်ဆဲ၊ အိမ်ရာများ ဆောက်လုပ်ဆဲတွင် ပြည်တွင်း မီဒီယာတချို့နှင့် ပြည်ပမီဒီယာ တချို့၏ ထိုးနှက် တိုက်ခိုက်မှုများကိုလည်း မျိုးစုံကြုံရသည်။
ဆက်လက်ဖော်ပြပါမည်။