တရားမဝင် ခဲသတ္တုများ၊ စက်သုံးဆီများ၊ ဆေးဝါးများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ ရေယာဉ်နှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

တရားမဝင် ခဲသတ္တုများ၊ စက်သုံးဆီများ၊ ဆေးဝါးများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ ရေယာဉ်နှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

နေပြည်တော်  ဇူလိုင်  ၃၁

    တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီး အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇူလိုင်လ ၂၉ ရက် တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့်   တာဝန်ကျပူးပေါင်း အဖွဲ့များက  စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ   ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ခရီးသည်(၁)ဦး၏ ဝန်စည်အတွင်းမှ    တရားဝင်

စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့်   အိန္ဒိယနိုင်ငံထုတ် ဆေးဝါး Erythropoietin Injection IP (ထုံဆေး) (၄၅၂)ဘူး    (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၁၅၆၀၀၀၀)ကို လည်းကောင်း၊ ရန်ကုန်လေဆိပ်(ကုန်လှောင်ရုံ)၌ ပိုင်ရှင်မှ စွန့်လွှတ်ကြောင်း တင်ပြလာသည့် အိန္ဒိယနိုင်ငံထုတ် Sterile Medicaldisposable Goods Dispovan (၁၀၀)ခု အပါအဝင် ကုန်ပစ္စည်း(၁၁)မျိုး(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၀၀၀၀)ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၁၇၁၀၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင်  ဇူလိုင်လ ၂၉ ရက်တွင် ပဲခူးတိုင်းဒေသကြီး  တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ညောင်ခါးရှည်  X-Ray စက် စစ်ဆေးရေးဂိတ်၌ မော်လမြိုင်မြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ် (၁)စီးပေါ်မှ   တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် ထိုင်းနိုင်ငံထုတ် Nestle Milo  (၁၂၀၀)ထုပ်အပါအဝင် ကုန်ပစ္စည်း(၃)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၅၀၀၀၀၀)နှင့်  အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် Zhong Tong Bus (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၅၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ    အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဇူလိုင်လ ၃၀ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး  တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့၊   ရတနာပုံတံတား ပူးပေါင်းစစ်ဆေးရေးဂိတ်၌ တရားမဝင် စက်သုံးဆီ ဒီဇယ်ဆီ (၈၀)ဂါလန်၊ ဓာတ်ဆီ (၁၀၉)ဂါလန် စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၈၅၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ရေနံနှင့်  ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေနှင့်အညီ    အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင်   ဇူလိုင်လ  ၃၁  ရက်တွင် တနင်္သာရီတိုင်းဒေသကြီး   တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့်   တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဘုတ်ပြင်း  မြို့နယ်၊ ကရသူရိမြို့၊ ကော့ဗမာကျေးရွာအုပ်စု၊ ကြပ်မီးချောင်းအတွင်း၌ ရေယာဉ်(၁)စီးပေါ်မှ တရားမဝင်ခဲသတ္တု (၁၆၄ ဒသမ ၈)ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၉၄၄၀၀၀)နှင့်   အဆိုပါ ခဲသတ္တုများ တင်ဆောင်ထားသည့်   MV-မဏိဇောတ ကမ်းထိုးရေယာဉ်(၁)စီးနှင့်    ရေယာဉ်ဆက်စပ်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅၃၂၈၅၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅၈၂၂၉၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ   အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဇူလိုင်လ ၂၉ ရက်၊ ၃၀ ရက်နှင့် ၃၁ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၇)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၂၇၂၈၉၀၀၀)ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။ 

Dates: 
Thursday, August 1, 2024 - 13:13