ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး ဟန်ချက်ညီညီ ဆောင်ရွက်ပေး
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံထားလုပ်ကိုင်သော နိုင်ငံဖြစ်သည်နှင့် အားလျော်စွာ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးရေးအတွက် မြှင့်တင်ပေးရန် လိုအပ်ပေသည်။
လူမှုစီးပွားဘဝ တိုးတက်မြင့်မားလာစေရန် ကျေးလက်နေပြည်သူများ၏ လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အားသွန်ခွန်စိုက် ဖြည့်ဆည်း ဆောင်ရွက်ပေးနေသည်မှာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနပင်ဖြစ်ပေသည်။
ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနသည် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ နိုင်ငံတော်ကပေးအပ်သော တာဝန်များအား တတ်စွမ်းသမျှ ကျရာအခန်းကဏ္ဍမှ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာတွင် ကျေးရွာပြည်သူလူထု၏ လိုအပ်ချက်များ ဖြစ်သော အခြေခံ အဆောက်အဦများဖြစ်သည့် လမ်း၊ တံတား၊ သောက်သုံးရေရရှိရေး၊ လျှပ်စစ်မီးရရှိရေး၊ ပညာရေး၊ ကျန်းမာရေး စသည့်လိုအပ်ချက်များ ဆောင်ရွက်ပေးသည်နှင့်အညီ ကျေးလက်နေ ပြည်သူလူထုများ စွမ်းဆောင်ရည်မြင့်မားရေး၊ အသိပညာ၊ အတတ်ပညာများ တိုးပွားလာစေရေး၊ မိသားစုဝင်ငွေတိုးပွားရေး၊ တစ်နိုင်တစ်ပိုင် စီးပွားရေး လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေး၊ ရင်းနှီးမြှုပ်နှံမှုရရှိစေရန် လိုအပ်သော အရင်းမပျောက် လည်ပတ်ရန်ပုံငွေ စီမံကိန်းများ၊ စွမ်းဆောင်ရည်မြှင့်သင်တန်းများ၊ အစုအဖွဲ့ဖြင့် ဆောင်ရွက်သည့် စီမံကိန်းလုပ်ငန်းများအား ဆောင်ရွက်ပေးလျက်ရှိရာတွင် ကျေးရွာတစ်ရွာဖွံ့ဖြိုး တိုးတက်ရန်အတွက် ရုပ်ပိုင်းဆိုင်ရာဖြစ်သည့် အခြေခံအဆောက်အဦ ကောင်းမွန်သည်သာမက နေထိုင်သည့် ပြည်သူလူထုတို့မှာလည်း စိတ်ပိုင်းဆိုင်ရာဖြစ်သည့် အသိပညာ၊ အတတ်ပညာများ တိုးပွား၍ တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ပြီး မိသားစုဝင်ငွေတိုးပွား၍ ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာ ဟန်ချက်ညီညီ တိုးတက်မှသာ မြို့ပြနှင့်ကျေးလက် လူမှုအဆင့်အတန်း ကွာဟချက် လျှော့ချနိုင်မည်ကို တွေ့ရှိဆောင်ရွက် ပေးလျက်ရှိသည်။
မြန်မာနိုင်ငံတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ပြည်နယ်/တိုင်းဒေသကြီး ၁၄ ခု၊ ခရိုင် ၁၆၆ ခု၊ မြို့နယ် ၃၃၀ နှင့် ကျေးရွာပေါင်း ၆၃၀၀၀ ခန့်ရှိပြီး နိုင်ငံတော်လူဦးရေ၏ ၇၀ ဒသမ ၄ ရာခိုင်နှုန်းသည် ကျေးလက်နေပြည်သူလူထုများ ဖြစ်ကြသည်။
ကျေးလက်နေလူဦးရေ၏ ၃၀ ဒသမ ၂ ရာခိုင်နှုန်း သည် ဆင်းရဲသူများဖြစ်ကြပြီး နိုင်ငံတကာဖွံ့ဖြိုးရေး အတွေ့အကြုံများအရ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေး လုပ်ငန်းများကို ဆောင်ရွက်ရာတွင် အခြေခံအဆောက်အဦ လုပ်ငန်းများသာမက မိသားစုဝင်ငွေ တိုးပွားရေးနှင့် စွမ်းဆောင်ရည် မြင့်မားရေးကိစ္စရပ်များကို ဆောင်ရွက်ပေးရမည်ဖြစ်သည်။
လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး ဆိုရာ၌ ရုပ်ပိုင်းဆိုင်ရာ အခြေခံအဆောက်အဦ များသာမက ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရေး၊ နေ့စဉ်ဝင်ငွေရရှိစေမည့် လုပ်ငန်းများ ဖန်တီးပေးခြင်းဖြင့် စားဝတ်နေရေးအဆင်ပြေကာ လူနေမှုအဆင့်အတန်း မြင့်မားလာရေးတို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။
ကျေးလက်နေပြည်သူများအနေဖြင့် ဖွံ့ဖြိုးတိုးတက်ရေးဟု ဆိုလျှင် အခြေခံအဆောက်အဦများ ဖြစ်သည့် ကျေးရွာ၏ လမ်း၊ သောက်သုံးရေ၊ မီးလင်းရေး၊ ပညာရေး၊ ကျန်းမာရေး စသည့် ရုပ်ပိုင်းဆိုင်ရာများကိုသာ သတိထားမိကြသည်။ ပိုမိုပြည့်စုံရန်မှာ ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိရန် ဆောင်ရွက်ပေးခြင်းနှင့် တစ်နိုင်တစ်ပိုင် စီးပွားရေး လုပ်ငန်းများ အကောင်အထည်ဖော်ပေးရန် လိုအပ်ပေသည်။ တစ်နည်းအားဖြင့် အခြေခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက်ရေးသာမက ကျေးလက်နေပြည်သူများ၏ ကိုယ်ရည်ကိုယ်သွေးနှင့် တစ်ဦးချင်းစီ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးရမည်ဖြစ်သည်။ သို့မှသာ ဘက်စုံဖွံ့ဖြိုး တိုးတက်၍ ကျေးလက်နေပြည်သူများ၏ အခြေခံ အဆောက်အဦဖွံ့ဖြိုးကာ လူမှုစီးပွားဘဝ တိုးတက်ပြီး ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်လာမည်မှာ မလွဲဧကန်ဖြစ်ပေသည်။
ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံတော် ဘဏ္ဍာငွေအပြင် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ပြီး နေရာဒေသအလိုက် ဖွံ့ဖြိုးရေး လိုအပ်ချက်များကို စီမံကိန်း၊ စီမံချက်များရေးဆွဲပြီး ဘက်စုံဖွံ့ဖြိုးရေး အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း တွေ့ရှိရမည်ဖြစ်သည်။
ဦးစီးဌာနအနေဖြင့် ကျေးရွာတစ်ရွာဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး Green Village ၊ Clean Village ၊ Smart Village ဖြစ်စေရန်အတွက် စံပြကျေးရွာအဖြစ် ရွေးချယ်၍ ကျေးရွာ၏ လမ်းပန်းဆက်သွယ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး လိုအပ်ချက်များအား ကျေးရွာနေပြည်သူလူထုများ ကိုယ်တိုင် ကျေးရွာ၏ လိုအပ်ချက်များ ဖော်ထုတ်ပြီး ဆောင်ရွက်ပေးလျက်ရှိသည်ကို တွေ့ရှိရသည်။
ကျေးရွာအဆင့် ဆင်းရဲမှုလျှော့ချရေး စံပြစီမံကိန်းကို စတင်ဆောင်ရွက်နိုင်ရန် ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံတွင် ကျင်းပသည့် 17th ASEAN+3 Submit တွင် Chinese Premier, H.E. Mr. LiKeqiang မှ အဆိုပြုခဲ့မှုအပေါ် ပူးပေါင်း ဆောင်ရွက်မှု Action Plan အား ၂၀၁၅ ခုနှစ် 12th SOMRDPE တွင် အတည်ပြုခဲ့၍ ၁၉-၁၁-၂၀၁၇ ရက်နေ့တွင် စီမံကိန်း သဘောတူညီချက်အား လက်မှတ်ရေးထိုးခဲ့သည်။
ဖွံ့ဖြိုးရေးဆောင်ရွက်ပေးသည့် စီမံကိန်းလုပ်ငန်းများအနက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အပြည်ပြည် ဆိုင်ရာဆင်းရဲမှုလျှော့ချရေး ပူးပေါင်းဆောင်ရွက်မှု စင်တာ (International Poverty Reduction Cooperation Center- IPRCC)နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်း ဆောင်ရွက်သည့် “ကျေးရွာအဆင့် ဆင်းရဲမှုလျှော့ချရေး စံပြစီမံကိန်း” (China-Aided Pilot Project of Poverty Reduction Cooperation in Myanmar) စီမံကိန်းကို မြန်မာနိုင်ငံရှိ မြို့နယ်များအနက် တပ်ကုန်းမြို့နယ် အေးချမ်းသာ စံပြကျေးရွာကို ၂၀၁၈ ခုနှစ်မှစတင်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့သည်။
စီမံကိန်း၏ရည်ရွယ်ချက်မှာ ကျေးလက်ဒေသ ဆင်းရဲမှုလျှော့ချရန်၊ မြို့ပြနှင့်ကျေးလက်ဖွံ့ဖြိုးမှု ကွာဟချက်ကျဉ်းမြောင်းစေရန်၊ ဒေသခံများ၏ အသက်မွေးဝမ်းကျောင်း တိုးတက်မြင့်မားစေရန်၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန်မြှင့်တင်ရန်နှင့် ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ အတွေ့အကြုံကောင်းများ မျှဝေဖလှယ်ရန် ရည်ရွယ်ဆောင်ရွက်ခဲ့သည်။
စီမံကိန်းကာလအား သုံးနှစ်သတ်မှတ်ပြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ စံပြကျေးရွာနှစ်ရွာအတွက် ထောက်ပံ့ငွေ ယွမ် ၃၃ ဒသမ ၃၃ သန်း (ခန့်မှန်း 5 million USD)ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့သည်။
အေးချမ်းသာစံပြကျေးရွာသည် ၁၉၉၈ ခုနှစ်တွင် ဆင်သေရေလှောင်တမံ တည်ဆောက်ရာ ရေဝပ်ဧရိယာမလွတ်သည့် ဇောင်းလျားကုန်း၊ မယ်ဇလီကျင်း၊ သဖန်းချောင်း၊ ကန့်နီ၊ ဥသျှစ်ကုန်း၊ ကျီးအင်း၊ လယ်ဇပင်၊ စိန်ပန်းပင်၊ အိုင့်ကျယ်၊ ဘုတ်တောင် ကျေးရွာ ၁၀ ရွာအား တပ်ကုန်းမြို့၏ အနောက်ဘက် (၄/၄)မိုင်ကွာဝေးပြီး ရန်ကုန်-မန္တလေး လမ်းဟောင်းနှင့် အမြန်လမ်းတို့ ဆက်သွယ်ထားသည့် ကွန်ကရစ်လမ်းဘေးရှိ ရွာဧရိယာ ၂၄၀ ဒသမ ၇၃ ဧကပေါ်တွင် ရပ်ကွက်ခြောက်ရပ်ကွက်ဖြင့်ဖွဲ့စည်း၍ အိမ်ခြေ ၅၄၀ စု၊ အိမ်ထောင်စု ၅၉၁ ဦး၊ လူဦးရေ ၂၃၄၆ ကို ရွှေ့ပြောင်းပေးထားသော ကျေးရွာဖြစ်ပြီး နေထိုင်သူများမှာ မွေးမြူရေးကို အဓိကလုပ်ကိုင်သူများ ဖြစ်ပေသည်။
အေးချမ်းသာစံပြကျေးရွာကို အခြေခံအဆောက်အဦ ဖြစ်သည့် ကျေးရွာအဝင်လမ်း ကွန်ကရစ်ခင်းခြင်း တစ်လမ်း၊ ရွာတွင်းလမ်းများ ရိစာခင်းခြင်း တစ်လမ်း၊ ရေစီးရေလာကောင်းမွန်ရေး Box Culvert ၂၄ စင်း၊ ရေမြောင်းအဖုံးပြုလုပ်ခြင်း စသည်တို့ ဆောင်ရွက်ပေးခဲ့သည့်အတွက် ရာသီမရွေး သွားလာမှု အဆင်ပြေလျက်ရှိသည်။
ကျေးရွာသောက်သုံးရေအား စီမံကိန်းမဆောင်ရွက်မီ ကိုယ်ပိုင်တွင်းတိမ်များဖြင့် သုံးစွဲရာ၌ ရေတွင် ထုံးဓာတ်များပါရှိသဖြင့် သန့်ရှင်းသော သောက်သုံးရေ ရရှိစေရေး ၂ မိုင်ခန့်ဝေးသော ဆင်သေဆည်မှ Pontoon နှင့် Pump တပ်ဆင်၍ အမြင့်တင်စနစ်ဖြင့် ကျေးရွာသို့ ရေတင်ပေးပို့ပြီး ဂါလန် ၂၀၀၀၀ ဆံ့ ရေစစ်ကန် တစ်ခု၊ ဂါလန် ၅၀၀၀ ဆံ့ ရေစင်နှစ်ခု၊ ရေစက်ရုံ တစ်ခု၊ အိမ်တိုင်ရာရောက် ရေပေးရေးအတွက် ရွာတွင်းလမ်းတိုင်းတွင် ရေဖြန့်ဝေပိုက်လိုင်း သွယ်တန်းပြီး အိမ်တိုင်ရာရောက် ရေမီတာ ၂၉၀ ခုကို တပ်ဆင်ပေးနိုင်ခဲ့ပြီး သန့်ရှင်းသော သောက်သုံးရေရရှိ သုံးစွဲလျက်ရှိသည်။
မီးလင်းရေးအနေဖြင့် မူလက ကျေးရွာကိုယ်ထူ ကိုယ်ထစနစ်ဖြင့် လျှပ်စစ်မီးလိုင်း သွယ်တန်းခြင်းနှင့် 400 KVA Transformer တည်ဆောက်ခြင်း လုပ်ငန်းတို့အားဆောင်ရွက်ခဲ့ပြီး ၂၅၅ အိမ်သာလျှင် မီတာတပ်ဆင်သုံးစွဲခဲ့ရာ IPRCC စီမံကိန်းမှ စီးပွားရေးအရ လျှပ်စစ်မီး သွယ်တန်းနိုင်ခြင်း မရှိသည့် ၁၉၅ အိမ်အတွက် လျှပ်စစ်မီးရရှိစေရန် ၁၁ လိုင်း သွယ်တန်းခြင်း၊ 200 KVA Transformer တည်ဆောက်ခြင်း၊ 50 KVA Transformer တည်ဆောက်ခြင်း၊ ၄၀၀ ဗို့လိုင်း တိုးချဲ့တည်ဆောက်ပေးခဲ့ရာ လက်ရှိတွင် တစ်ရွာလုံး အိမ်သုံးမီတာ ၄၅၀ ခု တပ်ဆင်နိုင်ခဲ့သဖြင့် လူနေမှု အဆင့်အတန်း မြင့်မားလာပြီး လမ်းဆုံလမ်းခွနှင့် အများအထင်ကရ နေရာများတွင်လည်း ဆိုလာလမ်းမီးတိုင် ၄၀ ခု တပ်ဆင်ပေးခဲ့သည်။
ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများအနေဖြင့် လူထုဖွံ့ဖြိုးရေးစင်တာ တစ်လုံး၊ စာသင်ကျောင်းဆောင် တစ်လုံး၊ ဆရာ၊ ဆရာမအိပ်ဆောင် တစ်လုံး၊ ကျောင်းစာကြည့်တိုက် တစ်လုံး၊ ကျောင်းခြံစည်းရိုး တစ်ခု၊ ကျောင်းအားကစားကွင်း ပြုပြင်ခြင်း၊ ကျေးရွာပိုင် အားကစားကွင်းတစ်ခု အဆင့်မြှင့်တင်ခြင်း၊ ကျေးရွာ ဆေးပေးခန်း တစ်လုံး၊ ကျောင်းအိမ်သာ လေးခန်းတွဲ နှစ်လုံး ဆောင်ရွက်ပေးခဲ့ပြီး ကျောင်းစားပွဲနှင့် ကုလားထိုင် ၂၀၆ စုံတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့သည့်အတွက် ကျေးရွာရှိ ကျောင်းသား၊ ကျောင်းသူများ စိတ်ချမ်းမြေ့စွာ ပညာသင်ကြားခွင့် ရရှိလျက်ရှိသည်။
မိသားစုဝင်ငွေတိုးပွားရေးအတွက် စံပြဝက်မွေးမြူရေးခြံ တစ်ခြံတည်ဆောက်၍ လိုအပ်သော အရင်းအနှီးများ ထောက်ပံ့ခြင်း၊ စိုက်ပျိုးရေးအတွက် Home Garden တစ်ခြံ တည်ထောင်၍ ရာသီအလိုက် သီးနှံများနှင့် ပန်းများစိုက်ပျိုးခြင်း၊ အိမ်ထောင်စု ၇၆ စုတွင် မျိုးစေ့များ ပံ့ပိုး၍ အိမ်ခြံဝင်းအတွင်း တစ်နိုင်တစ်ပိုင်စိုက်ခင်းများ ဖော်ဆောင်ပေးခြင်း၊ မျိုးကောင်းမျိုးသန့်များ ထောက်ပံ့၍ စံပြစိုက်ကွက် ၄၃ ဧက စိုက်ပျိုးဆောင်ရွက်ပေးသည့်အတွက် မီးဖိုချောင်သုံး စရိတ်များလျော့ကျပြီး တစ်နိုင်တစ်ပိုင်စီးပွားရေး လုပ်ငန်းများလုပ်ကိုင်၍ မိသားစုဝင်ငွေရရှိပြီး လူမှုစီးပွားဘဝ မြှင့်တင်ပေးနိုင်ခဲ့သည်။
One Village? One Product ထုတ်လုပ်နိုင်ရေးအတွက် စက်ရက်ကန်းရုံ တစ်ရုံ၊ စက်ရက်ကန်းစင် လေးစင် တည်ထောင်ပေးခဲ့ပြီး တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်း ဆောင်ရွက်နိုင်ရန် ကျွမ်းကျင်ဝန်ထမ်းများ ရရှိစေရေး သင်တန်းများပို့ချ၍ စွမ်းဆောင်ရည်မြှင့်တင်ခဲ့ပါသည်။
အလုပ်အကိုင်ရရှိပြီး တစ်နိုင်တစ်ပိုင် စီးပွားရေး လုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် မွေးမြူရေးအနေဖြင့် စံပြဝက်ခြံ တည်ဆောက်မွေးမြူခြင်း၊ ကျေးရွာရှိပြည်သူများ လိုအပ်သော အရင်းအနှီးရရှိစေရန် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် မြစိမ်းရောင် အရင်းမပျောက် လည်ပတ်ရန်ပုံငွေကျပ် သန်း ၃၀ တည်ထောင်ပေးပြီး စိုက်ပျိုးမွေးမြူသူများအား အတိုးနှုန်းသက်သာစွာ စီမံဆောင်ရွက် ပေးလျက်ရှိခြင်း၊ အစုအဖွဲ့စနစ်ဖြင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်ရန် ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်း လုပ်ငန်း (RBF) စီမံကိန်းအား ငွေကျပ် ၁၅ သန်း ထပ်မံဆောင်ရွက်ပေးခဲ့သည်။
ကျေးရွာသန့်ရှင်းသာယာလှပရေး အတွက် အမှိုက်သိမ်းယာဉ် သုံးဘီးတစ်စီး၊ အမှိုက်စွန့်ပစ်ကျင်းနှင့် အမှိုက်ပုံးများ ဆောင်ရွက်ပေးခဲ့သည့်အတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသည် အရေးကြီးသည့် ကဏ္ဍဖြစ်သည်နှင့်အညီ စွန့်ပစ်အမှိုက်များ စနစ်တကျ စီမံခန့်ခွဲရန် အသိပညာပေးပြီး အပတ်စဉ်တနင်္ဂနွေနေ့တိုင်း စုပေါင်း အမှိုက်ကောက်ခြင်း၊ အမှိုက်သိမ်းဆည်းခြင်းတို့အား ဆောင်ရွက်လျက်ရှိသည်။
ကျေးရွာစိမ်းလန်းစိုပြည် သာယာလှပပြီး သဘာဝ ပတ်ဝန်းကျင် ကာကွယ်ရေးအတွက် စီမံကိန်းကာလ အတွင်း ကျေးရွာပိုင် ထင်းစိုက်ခင်းပင် ၁၅၀၀၊ လမ်းဘေးဝဲယာ အရိပ်ရပင် ၂၀၀၀ ပင်၊ ကျွန်း စိုက်ခင်းပင် ၂၀၀၀ တို့အား စိုက်ပျိုးဆောင်ရွက်နိုင်ခဲ့ပြီး ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုး ပွဲတော် ကျင်းပပြီး နှစ်ရှည်အရိပ်ရပင် ၅၁၃ ပင်ကိုလည်း အများပိုင်မြေနေရာတွင် ထပ်မံစိုက်ပျိုး ဆောင်ရွက်နိုင်ခဲ့သည်။
တပ်ကုန်းမြို့နယ် အေးချမ်းသာကျေးရွာအား ဘက်စုံဖွံ့ဖြိုးပြီး တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်၍ စံပြကျေးရွာအဖြစ် ကျေးရွာအဆင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးစံပြစီမံကိန်း (IPRCC)ဆောင်ရွက်ခဲ့သည့်အပေါ် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်တော်များ လာရောက်လေ့လာ သုံးသပ်ခဲ့ပြီး အောင်မြင်မှုအတွက် မှတ်တမ်းတင် ဂုဏ်ပြုခဲ့သည့်နည်းတူ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းနိုင်ရေး ဂုဏ်ပြုဆုများ၊ စီမံခန့်ခွဲမှု ကောင်းမွန်သော ကျေးရွာစံပြဆုများ ရရှိပြီး မှတ်တမ်းတင်နိုင်ခဲ့သည်။
အခြားကျေးရွာများ အနေဖြင့်လည်း မိမိကျေးရွာကို စံပြကျေးရွာဖြစ်ပြီး နေချင်စဖွယ်ကျေးရွာလေးအဖြစ် ဖော်ဆောင်ရာတွင် ကျေးရွာ၏ အခြေခံလိုအပ်ချက်များသာမက စဉ်ဆက်မပြတ် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန် ကျေးရွာနေပြည်သူများ အလုပ်အကိုင်ရရှိပြီး မိသားစုဝင်ငွေ တိုးပွားစေနိုင်သော တစ်နိုင်တစ်ပိုင်စီးပွားရေး လုပ်ငန်းများလည်း ဆောင်ရွက်ပေးရန်လိုအပ်ပါသည်။ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် ကျေးရွာဥပဓိရုပ် ကောင်းမွန်ရေး စဉ်းစားဆောင်ရွက်ရမည်သာမက ကျေးရွာနေ ပြည်သူလူထုများ အလုပ်အကိုင်ရရှိပြီး စွမ်းဆောင်ရည်မြင့်မားအောင် ဆောင်ရွက်၍ ဟန်ချက်ညီညီဖွံ့ဖြိုးတိုးတက်စေရေး ကျရာအခန်းကဏ္ဍမှ ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိပါသည်။ ။