တည်ငြိမ်အေးချမ်း၍ တရားဥပဒေ စိုးမိုးရေး
အယ်ဒီတာ့အာဘော်
(၂၀၂၄ ခုနှစ်၊ သြဂုတ် ၂ ရက်)
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး (၂/၂၀၂၄)ကို ဇူလိုင်လ ၃၁ ရက်နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။ အစည်းအဝေးသို့ တက်ရောက်လာကြသည့် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အဖွဲ့ဝင်များက နိုင်ငံတော်တွင် လက်ရှိဖြစ်ပေါ်နေသည့် ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ စီးပွားရေး၊ လူမှုရေးနှင့်အခြား အထွေထွေကိစ္စရပ်များကို ကဏ္ဍအလိုက်ပြည့်စုံစွာ ဆွေးနွေးကြသည်။ နိုင်ငံတော်တွင်ဖြစ်ပေါ်နေသည့် နိုင်ငံရေး အခြေအနေအရ အရေးပေါ်ကာလကို နောက်ထပ် ၆ လ ထပ်မံသက်တမ်း တိုးမြှင့်ရန် သဘောတူညီဆုံးဖြတ်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ၄၂၅ နှင့်အညီ “နိုင်ငံတော်တစ်ဝန်းလုံး အရေးပေါ် အခြေအနေကြေညာထားသည့် ကာလကို ၁-၈-၂၀၂၄ ရက်မှစပြီး နောက်ထပ် ၆ လ တိုးမြှင့် သတ်မှတ်ကြောင်း” ကြေညာခဲ့သည်။
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲစာရင်းမှားယွင်းမှုများကြောင့် နိုင်ငံ့သမိုင်းတွင် အလွန်ဆိုးရွားသည့် အမည်းစက်ဖြစ်ခဲ့သည်မျိုး မဖြစ်စေရန်အတွက် မဲစာရင်းများ မှန်ကန်ရေးကို အဓိကထားကာ ဆောင်ရွက်လျက်ရှိသည်။ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းကို အောက်တိုဘာလတွင် ဆောင်ရွက်မည်ဖြစ်သည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ပြန်လည်မှတ်ပုံတင်ခွင့်နှင့် အသစ်တည်ထောင် မှတ်ပုံတင်ခွင့် တင်ပြလာသည့် နိုင်ငံရေးပါတီ ၆၇ ပါတီအနက်မှ နိုင်ငံရေးပါတီ ၅၀ ပါတီကိုမှတ်ပုံတင် ခွင့်ပြုခဲ့ပြီး နိုင်ငံရေးပါတီ ၂ ပါတီကိုဥပဒေနှင့်အညီ ပါတီမှတ်ပုံတင်ခွင့် ပယ်ဖျက်ခဲ့သည့်အတွက် လက်ရှိတည်ဆဲနိုင်ငံရေးပါတီ ၄၈ ပါတီရှိပြီဖြစ်သည်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် မဲဆန္ဒရှင်များ မဲပေးရာတွင် အဆင်ပြေစေရန်နှင့် ပွင့်လင်းမြင်သာမှုရှိစေရန် အတွက် နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ပြည်နယ် ၅ ခုရှိ မြို့နယ်စုစုပေါင်း ၁၂၁ ခုတွင်ရှိသည့် ဒေသခံပြည်သူ ၁၀၇၂၉၉ ဦးကို မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့်စပ်လျဉ်းသည့် ရှင်းလင်းပြသခြင်းများ၊ လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်ပေးခဲ့ပြီးဖြစ်သည်။
ရွေးကောက်ပွဲ ကျင်းပပြုလုပ်ရာတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်ရွေးကောက်ပွဲ ဥပဒေများနှင့်အညီ ရွေးကောက်ပွဲကို ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ ဒေသအလိုက်လုံခြုံရေး အခြေအနေပေါ် မူတည်ပြီး ကျင်းပနိုင်သည့် နယ်မြေများကို ဦးစွာကျင်းပ ပေးသွားမည်ဖြစ်သည်။ လတ်တလော လုံခြုံရေးအခြေ အနေအရ ကျင်းပနိုင်ခြင်း မရှိသေးသည့် နယ်မြေများကိုလည်း လုံခြုံရေးကောင်းမွန်အောင် တိုးမြှင့်ဆောင်ရွက်ပြီး ဆက်လက်ကျင်းပနိုင်အောင် ဆောင်ရွက်မည်ဖြစ်သည်။ တည်ငြိမ်အေးချမ်းမှသာ ပါတီစုံဒီမိုကရေစီ စနစ်ခိုင်မာရေးနှင့် မှန်ကန်သည့်ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များကို လျင်မြန်စွာ အကောင်အထည်ဖော် နိုင်မည်ဖြစ်သည်။ ထို့ကြောင့် လုံခြုံရေးပိုင်းနှင့် ပတ်သက်ပြီး လုပ်သင့်လုပ်ထိုက်သည်များကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားပြည်သူ အများစုတို့သည် မိမိတို့၏ လူမှုစီးပွားဘဝကို အေးချမ်းတည်ငြိမ်စွာ ဖြတ်သန်းလိုကြသူများဖြစ်သည်။ တည်ငြိမ်အေးချမ်း၍ တရားဥပဒေ စိုးမိုးမှု အပြည့်အဝရှိသည့် အနေအထားကိုနှစ်သက်ကြသည်။ လက်ရှိအချိန်တွင် ြ့ွ နှင့် ဏီင်္ အမည်ခံ အကြမ်းဖက်အဖွဲ့များ အနေဖြင့် မြန်မာနိုင်ငံအကျိုးကို မလိုလားသည့် နိုင်ငံများ၏ ထောက်ပံ့မှုများရယူကာ အကြမ်းဖက် တိုက်ခိုက်မှုများကို တိုးမြှင့်လုပ်ဆောင်နေသည်။၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၇ ရက်အထိ နိုင်ငံတစ်ဝန်း အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် ရဟန်း၊ သံဃာ ၈၄ ပါးပျံလွန်တော်မူခဲ့ပြီး အပြစ်မဲ့ပြည်သူ/နိုင်ငံ့ဝန်ထမ်း ၇၂၈၄ ဦးသေဆုံးခဲ့ရသည်။ ပညာရေး၊ ကျန်းမာရေးနှင့် လူနေအဆောက်အအုံ ၁၀၉၃၀ လုံးတို့ကို ဖျက်ဆီးခြင်း ခံရပြီးဖြစ်သည်။
ပြည်ပနိုင်ငံအချို့သည် မြန်မာနိုင်ငံအပေါ် ၎င်းတို့လိုချင်သည့် လက္ခဏာမျိုး ရရှိစေရန် လက်နက်ကိုင် သောင်းကျန်းသူများ၊ နိုင်ငံရေးသဘောထား ကွဲလွဲသူများမှ အကြမ်းဖက်လမ်းစဉ် ဆောင်ရွက်နေကြသည့် အဖွဲ့အစည်းများကို ငွေကြေးရရှိအောင်၊ အစားအသောက် ရရှိအောင်၊ ဆေးဝါးရရှိအောင်၊ လက်နက်ခဲယမ်း မီးကျောက်ရရှိအောင်၊ နည်းပညာများရရှိအောင်၊ အုပ်ချုပ်ထောက်ပံ့မှု အခွင့်အလမ်းများ ရရှိအောင် လုပ်ဆောင်လျက်ရှိပြီး ပြည်ဖျက်မီဒီယာများကိုလည်း စိတ်ဓာတ်စစ်ဆင်ရေး လုပ်နိုင်အောင် ကူညီပေးလျက်ရှိသည်။ ထို့ပြင် မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ခြင်း၊ ဘဏ်များလုပ်ကိုင်နိုင်မှု မရှိအောင်ပိတ်ဆို့ခြင်း၊ နယ်စပ်ကုန်သွယ်ရေး မပြုလုပ်နိုင်အောင် နည်းလမ်းပေါင်းစုံဖြင့် ပြုလုပ်ခြင်းတို့ဖြင့် တိုင်းပြည် မတည်ငြိမ်အောင် အနှောင့်အယှက် အမျိုးမျိုးကိုလည်း ဆောင်ရွက်နေသည်ကို တွေ့ရသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ အန္တိမရည်မှန်းချက်သည် လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ တစ်ရပ် ကျင်းပနိုင်ရေးပင်ဖြစ်သည်။ ရွေးကောက်ပွဲတစ်ရပ် အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် ခိုင်လုံသည့် အခြေခံမဲစာရင်းများ ရရှိရန်လိုအပ်သည်။ ထိုသို့ရရှိရန် မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး ကိစ္စရပ်များကို ပိုမိုတိုးတက်အောင် ဆောင်ရွက်နိုင်ရေး လုံလောက်သည့် အချိန်ရယူရန် လိုအပ်သဖြင့် အရေးပေါ်ကြေညာထားသည့် ကာလကို နောက်ထပ် ၆ လ သက်တမ်း တိုးရခြင်းဖြစ်သည်။
တည်ငြိမ်အေးချမ်း၍ တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိရေး အတွက် နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် ပြည်သူတို့လက်တွဲ ဆောင်ရွက်လျက်ရှိရာ မကြာမီကာလတွင် အောင်မြင်ပြီးမြောက်တော့မည် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။ ။