ဆောက်သမ်းမြန်မာအသင်းသည် COVID-19 ရောဂါအခြေအနေကြောင့် လာမည့်ဘောလုံးရာသီတွင် မြန်မာနေရှင် နယ်လိဂ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုဘဲ တစ်နှစ်နားရန် လိဂ်ကော်မတီထံ တရားဝင်စာတင်ထားကြောင်း အသင်း မန်နေဂျာဦးမြင့်ကြူးက ပြောသည်။
ဆောက်သမ်းမြန်မာအသင်းသည် လိဂ်ပြိုင်ပွဲစတင်သည့် ၂၀၀၉ ခုနှစ်ကတည်းက ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး အသင်းသက်တမ်း ၁၂ နှစ်ခန့်အကြာတွင် ပြိုင်ပွဲမှ တစ်နှစ်နားရန် စီစဉ်ခြင်း ဖြစ်သည်။
အသင်းက တာဝန်ရှိသူအားလုံး အစည်းအဝေးကျင်းပပြီး လာမယ့်ဘောလုံး ရာသီကိုဝင်မပြိုင်ဘဲ တစ်နှစ်နားဖို့ ဆုံးဖြတ် ခဲ့တာပါ။ ပြီးခဲ့တဲ့ လိဂ်ကော်မတီ အစည်းအဝေးမှာ အသင်းတစ်နှစ်နားဖို့ကို တရားဝင်စာတင်ထားပါတယ်။ ခွင့်ပြု၊ မပြု ကိုတော့ လိဂ်ကော်မတီက ဆုံးဖြတ်မှာပါ။ ပြီးခဲ့တဲ့ လိဂ်ကော်မတီအစည်းအဝေးမှာ တော့ အပြီးသတ် မဆုံးဖြတ် ရသေးပါဘူး။ နှစ်ဆန်းပိုင်းမှာကျင်းပမယ့် အစည်းအဝေးမှာ အတည်ပြုပေးမယ်လို့ ပြောထားပါတယ် ဟု ဦးမြင့်ကြူးက ပြောသည်။
လာမည့်နှစ်တွင် ဆောက်သမ်းမြန်မာအသင်း တစ်နှစ်နားမည်ဖြစ်သည့်အတွက် အသင်းရှိ စာချုပ်သက်တမ်းကျန်ရှိသော ကစားသမားများကို သုံးလစာနစ်နာကြေးပေးရန် စီစဉ်ထားကြောင်း သိရသည်။
ယခုနှစ်တွင် COVID-19 ရောဂါအခြေအနေကြောင့် ပြီးခဲ့သည့် ဇွန်လအတွင်းက ဇွဲကပင်ယူနိုက်တက်နှင့် ချင်း ယူနိုက်တက်အသင်းတို့ ဖျက်သိမ်းခဲ့ကာ ပြိုင်ပွဲပြီးဆုံးပြီးနောက် မကွေးအသင်း ဖျက်သိမ်းခဲ့သဖြင့် လက်ရှိတွင် ရှစ်သင်း သာကျန်ရှိတော့သည်။
ဆောက်သမ်းမြန်မာအသင်း တစ်နှစ်နားရန် စာတင်ထားခြင်းနှင့်ပတ်သက်၍ တရားဝင်အတည်ပြုချက်ကို လာမည့်နှစ် ဆန်းပိုင်းတွင် ကျင်းပမည့် လိဂ်ကော်မတီ အစည်းအဝေးတွင် အတည်ပြုဆုံးဖြတ် မည်ဖြစ်ကြောင်း မြန်မာ နေရှင်နယ်လိဂ် မီဒီယာတာဝန်ခံ ဦးရဲမင်းဝင်းက ပြောသည်။
ကိုရဲ