(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (ဆီးဂိမ်း)တွင် မြန်မာဗိုဗီနမ်အဖွဲ့အနေဖြင့် ဗိုဗီနမ်အားကစားနည်း၏ ပြိုင်ပွဲအမျိုးအစားအားလုံး ဝင်ရောက်ယှဉ်ပြိုင်ဖွယ်ရှိကြောင်း မြန်မာနိုင်ငံဗိုဗီနမ်အဖွဲ့ချုပ် တာဝန်ရှိသူတစ်ဦးကပြောသည်။
လာမည့်နှစ်ဆီးဂိမ်း မြန်မာဗိုဗီနမ်တွင် ဗိုဗီနမ်အားကစားနည်းကို အတိုက်အမျိုးအစားခြောက်မျိုးနှင့် အပြအမျိုးအစား ကိုးမျိုး စုစုပေါင်းပြိုင်ပွဲ အမျိုးအစား ၁၅ မျိုးအထိ ထည့်သွင်းကျင်းပရန် လျာထားကြောင်း ပြိုင်ပွဲကျင်းပရေးက ထုတ်ပြန်ထားသည်။
လာမယ့်ဆီးဂိမ်းမှာ ပြိုင်ပွဲအမျိုးအစား ၁၅ မျိုး ကျင်းပမယ်လို့ အိမ်ရှင်နိုင်ငံက လျာထားစာရင်းထုတ်ထားပါတယ်။ ပြိုင်ပွဲ အပြည့်ယှဉ်ပြိုင်ဖို့လည်း ရည်မှန်းထားပါတယ်။ အတိုက်ပြိုင်ပွဲကိုတော့ ပြန်ပြီးစိစစ်ဖို့ရှိပါတယ်။ အပြပြိုင်ပွဲကိုတော့ အတန်းပြည့်ဝင်ရောက်ယှဉ်ပြိုင်ဖို့ စေလွှတ်သွားမှာပါ။ ဗိုဗီနမ်အားကစားနည်းက နိုင်ငံတကာပြိုင်ပွဲတွေမှာ အောင်မြင်မှုတွေရထားတဲ့အတွက် လာမယ့်ဆီးဂိမ်းမှာလည်း ဆုတံဆိပ်တွေရယူနိုင်ဖို့ မျှော်မှန်းထားပါတယ် ဟု ၎င်းကပြောသည်။
မြန်မာနိုင်ငံဗိုဗီနမ် အဖွဲ့ချုပ်အနေဖြင့် လာမည့်နှစ်ဆီးဂိမ်းအတွက် ရည်ရွယ်၍ ပဏာမကစားသမား ၂၀ ဦးဖြင့် COVID-19 ရောဂါ အခြေအနေပေါ် မူတည်ကာ စခန်းသွင်းလေ့ကျင့်မှုများ ပြုလုပ်ရန် စီစဉ်ထားသည်။
ဗိုဗီနမ်အားကစားနည်းကို ၂၀၁၃ နေပြည်တော်ဆီးဂိမ်း၌ နောက်ဆုံးကျင်းပခဲ့ပြီး ကျန်နှစ်များတွင် ထည့်သွင်းကျင်းပ လေ့မရှိဘဲ လာမည့် ၂၀၂၁ ဗီယက်နမ် ဆီးဂိမ်း၌ ပြန်လည်ပါဝင်ခြင်း ဖြစ်သည်။
မြန်မာဗိုဗီနမ် အဖွဲ့သည် နောက်ဆုံးယှဉ်ပြိုင်ခဲ့သည့် ၂၀၁၃ ဆီးဂိမ်းတွင် ရွှေတံဆိပ်ဆု ခြောက်ဆု၊ ငွေတံဆိပ်ဆု နှစ်ဆုနှင့် ကြေးတံဆိပ်ဆု ခြောက်ဆု စုစုပေါင်း ဆုတံဆိပ် ၁၄ ဆုအထိ ဆွတ်ခူးနိုင်ခဲ့သည်။
ကိုရဲ