မြှင့်တင်အားပေး ဝါသီးနှံဖွံ့ဖြိုးရေး
နိဒါန်း
နှစ်စဉ်အောက်တိုဘာလ ၇ ရက်နေ့တွင် ဝါသီးနှံ၏အရေးပါပုံကို သတိပြုမိကြပြီး လယ်သမားများမှ အထည်ချုပ်လုပ်သားများအထိ ဝါဂွမ်းကဏ္ဍတွင် ပါဝင်ပတ်သက်သူအားလုံး၏ ပံ့ပိုးကူညီမှုများကို အသိအမှတ်ပြုရန် ကမ္ဘာ့ဝါသီးနှံနေ့ကို နှစ်စဉ်ကျင်းပကြသည်။ ကမ္ဘာ့ဝါသီးနှံနေ့ကို နေ့စဉ်လူနေမှုဘဝတွင် ဝါသီးနှံ၏ အရေးပါမှုကို အသိအမှတ်ပြုရန်နှင့် ဝါဂွမ်းကဏ္ဍ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး အားလုံးပါဝင်နိုင်သော တိုးတက်မှုကိုမြှင့်တင်ရန် ရည်ရွယ်၍ ကျင်းပပြုလုပ်သည်။ ယနေ့အထိ ၂၀၂၄ ခုနှစ် ကမ္ဘာ့ဝါသီးနှံနေ့(World Cotton Day 2024)အတွက် ဆောင်ပုဒ်ကို မကြေညာသေးသော်လည်း ၂၀၂၃ ခုနှစ် ကမ္ဘာ့ဝါသီးနှံနေ့ (World Cotton Day)၏ ဆောင်ပုဒ်မှာ “လယ်ယာမှသည် ဖက်ရှင်အထိ လူတိုင်းအတွက် ၀ါသီးနှံကိုမျှတပြီး ရေရှည်တည်တံ့စေရန် ဖန်တီးကြပါစို့” ("Making cotton fair and sustainable for allç from farm to fashion.")ဖြစ်ပါသည်။ ကုလသမဂ္ဂက ဝါ၏ကဏ္ဍကိုမြင်သာစေရန်နှင့် ကုန်သွယ်မှုနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးစသည့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေသည်ကို သတိပြုစေလို၍ ကျင်းပခြင်းဖြစ်ပါသည်။
ကမ္ဘာ့ဝါသီးနှံနေ့ဖြစ်ပေါ်လာပုံ
အာဖရိကနိုင်ငံ လေးနိုင်ငံဖြစ်သည့် ဘီနင်(Benin)၊ ဘာကီနာဖာဆို (Burkina Faso)၊ ချဒ် (Chad)နှင့် မာလီ (Mali) တို့က ၂၀၀၃ ခုနှစ်တွင် ကော့တွန်-၄ (Cotton-4)ကို အောက်တိုဘာလ ၇ ရက်နေ့တွင် ပဏာမစတင်ခဲ့သည်။ ဤပဏာမခြေလှမ်းသည် တရားမျှတသော ကုန်သွယ်မှု အလေ့အကျင့်များကို မြှင့်တင်ရန်၊ စျေးကွက်ဝင်ရောက်နိုင်မှု တိုးတက်စေရန်နှင့် အဆိုပါနိုင်ငံများရှိ ဝါစိုက်တောင်သူများ၏ အသက်မွေးဝမ်းကျောင်းကို မြှင့်တင်ရန်ရည်ရွယ်ခြင်းဖြစ်သည်။ ကော့တွန်-၄ (Cotton-4) နိုင်ငံတို့၏ အစပြုမှုကို အသိအမှတ်ပြုတုံ့ပြန်သည့် အနေဖြင့် ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့အစည်း (World Trade Organizationç WTO) သည် ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့တွင် ပထမဆုံး ကမ္ဘာ့ဝါသီးနှံနေ့ကို ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ကျင်းပခဲ့ပါသည်။
အဆိုပါပွဲကို ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO)၊ ကုလသမဂ္ဂ ကုန်သွယ်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး ညီလာခံ (UNCTAD)၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာန (ITC)နှင့် အပြည်ပြည်ဆိုင်ရာ ချည်မျှင်အကြံပေး ကော်မတီ (ICAC)တို့ပူးပေါင်း၍ WTO အတွင်းရေးမှူးချုပ်ရုံးမှ စီစဉ်ကျင်းပခဲ့ခြင်းဖြစ်သည်။
အခမ်းအနားသို့ ဝန်ကြီးများ၊ နိုင်ငံတကာ အဖွဲ့အစည်းများမှ အကြီးအကဲများ၊ အဆင့်မြင့်အရာရှိများ၊ ဂျီနီဗာအခြေစိုက် ကိုယ်စားလှယ်များနှင့် ကမ္ဘာ့ဝါအသိုက်အဝန်း အပါအဝင် နိုင်ငံလုံးဆိုင်ရာ စိုက်ပျိုးသူများ အသင်းများ၊ ကုန်သည်များ၊ စစ်ဆေးရေး ဝန်ဆောင်မှုပေးသူများ၊ ဝါတန်ဖိုးမြှင့်ထုတ်လုပ်သူများ၊ ဖွံ့ဖြိုးရေး အကူအညီများ၊ မိတ်ဖက်များ၊ သိပ္ပံပညာရှင်များ၊ ပညာရှင်များ၊ လက်လီရောင်းချသူများ၊ အမှတ်တံဆိပ် ကိုယ်စားလှယ်များနှင့် ပုဂ္ဂလိကကဏ္ဍအပါအဝင် WTO ရုံးချုပ်တွင် တက်ရောက်သူ ၈၀၀ ကျော် တက်ရောက်ခဲ့သည်။ ယင်းအခမ်းအနားသည် ပါဝင်တက်ရောက်သူအတွက် အသိပညာမျှဝေရန်နှင့် ဝါဂွမ်းနှင့်ပတ်သက်သော လှုပ်ရှားမှုများနှင့် ထုတ်ကုန်များကိုပြသရန် အဓိက အခွင့်အရေးတစ်ခုဖြစ်သည်။ ကမ္ဘာ့ဝါသီးနှံနေ့သည် ဝါ၏အရေးကြီးမှုနှင့် လယ်သမားများမှ အထည်ချုပ် လုပ်သားများအထိ ဝါဂွမ်းကဏ္ဍတွင် ပါဝင်ပတ်သက်သူ အားလုံး၏ ပံ့ပိုးကူညီမှုများအား အသိပညာမြှင့်တင်ပေးသောကြောင့် အရေးကြီးပါသည်။
ထို့ပြင် အစိုးရများ၊ စက်မှုလုပ်ငန်း ကိုယ်စားလှယ်များနှင့် အရပ်ဘက်အဖွဲ့ အစည်းများအပါအဝင် သက်ဆိုင်သူ အသီးသီးနှင့် ဝါဂွမ်းချည်ထည်ကဏ္ဍကို ဆွေးနွေးမြှင့်တင်ရန် အရေးကြီးသော မှတ်တိုင်တစ်ခုဖြစ်ပါသည်။ စတင်တည်ထောင်ချိန်မှစ၍ ကမ္ဘာ့ဝါသီးနှံနေ့ (World Cotton Day)သည် ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး စည်းရုံးရေး၊ ပညာရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ အတွက် ပလက်ဖောင်းတစ်ခုအဖြစ် ဆောင်ရွက်ပေးခဲ့ပါသည်။
ဝါသီးနှံ၏အရေးပါမှု
လူတို့တွင် စား၊ ဝတ်၊ နေရေး အရေးကြီး (၃) ပါးရှိသည့်အနက် အဝတ်သည် ဒုတိယ အရေးကြီးဆုံးဖြစ်ပါသည်။ “လူမှာအဝတ်၊ တောင်းမှာအကွပ်”ဆိုသည့် မြန်မာစကားပုံတွင် လူတို့တွင်အဝတ်၏ အရေးပါပုံကို ဆိုညွှန်းထားပါသည်။ ဝါသည် ကမ္ဘာ့အရေးအကြီးဆုံး လယ်ယာထွက်ကုန်ထဲမှ တစ်ခုဖြစ်ပြီး နိုင်ငံများစွာ၏ စီးပွားရေးကို သိသိသာသာ အထောက်အကူပြုပါသည်။ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဝါသည်သန်းနှင့်ချီသော လူများအတွက် အဓိက ဝင်ငွေအရင်းအမြစ်ဖြစ်သည်။ ၀ါဂွမ်းကဏ္ဍသည် ကမ္ဘာတစ်ဝန်းရှိ လူဦးရေသန်း ၁၀၀ ကျော်ကို အလုပ်ခန့်ထားပြီး လူသန်း ၅၀၀ ကျော်ကို ပံ့ပိုးပေးပါသည်။ အိန္ဒိယ၊ တရုတ်၊ အမေရိကန်နှင့် အာဖရိကနိုင်ငံ များစွာတို့ကဲ့သို့ နိုင်ငံများတွင် ဝါဂွမ်းသည် အဓိကပို့ကုန်တစ်ခုဖြစ်ပြီး ကြီးမားသော ဝင်ငွေကိုရရှိစေသည်။ အိန္ဒိယတွင် ဝါဂွမ်းလုပ်ငန်းသည် လယ်သမား (၆) သန်းကျော်နှင့် ဆက်စပ်စက်မှု လုပ်ငန်းများတွင် လူသန်းပေါင်းများစွာကို အလုပ်အကိုင်များ ပံ့ပိုးပေးသည်။
ထို့ပြင် ဝါဂွမ်းစိုက်ပျိုးခြင်း၊ ရိတ်သိမ်းခူးဆွတ်ခြင်းမှစ၍ ဝါကုန်ချော လုပ်ငန်းစဉ်များဖြစ်သည့် ချည်ထုတ်လုပ်ခြင်း၊ အထည်အလိပ်ရက်လုပ်ခြင်း စသည့်လုပ်ငန်းစဉ် အဆင့်ဆင့်တို့တွင် အမျိုးသမီးအများအပြား ပါဝင်လုပ်ကိုင်နိုင်ပါသည်။ ဝါတန်ဖိုး ကွင်းဆက်တွင် ပါဝင်ခြင်းဖြင့် အမျိုးသမီးများသည် ကိုယ်ပိုင်ဝင်ငွေရရှိကြပြီး ၎င်းတို့၏မိသားစုနှင့် လူမှုအသိုင်းအဝိုင်းများ၏ သာယာဝပြောရေးကို အထောက်အကူပြုပါသည်။
ဝါသီးနှံအသုံးဝင်မှု
ဝါသည် ကမ္ဘာမြေကြီးကပေးသည့် စွယ်စုံရသီးနှံများထဲမှ တစ်ခုဖြစ်ပါသည်။ လူတို့၏အသက်ရှင်နေထိုင်ရေးအတွက် အခြေခံလိုအပ်ချက်ဖြစ်သည့် စား၊ ဝတ်၊ နေရေး (၃) ချက်တွင် ဝါသီးနှံက ယင်းအခြေခံလိုအပ်ချက် (၃) ချက်လုံးကို ဖြည့်တင်းပေးနိုင်ပါသည်။ ဝါသီးနှံမှ တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ဝါဂွမ်း၊ ဝါစေ့၊ ဝါစေ့ဆီနှင့် ဆီကြိတ်ဖတ်များ ထုတ်လုပ်နိုင်သည်။ ရင့်မှည့်သော ဝါသည်(ဝါပေါက်)မှ ဝါစေ့နှင့် ဝါဂွမ်းကို ခွဲထုတ်ရယူပါသည်။
ဝါဂွမ်းသည် အဝတ်အထည်၊ မျက်နှာသုတ်ပဝါ၊ အိပ်ရာနှင့် အခြားအထည်အလိပ်များ အပါအဝင် ထုတ်ကုန်အမျိုးမျိုး ပြုလုပ်ရန် အသုံးပြုသည့် သဘာဝအမျှင် တစ်မျိုးဖြစ်သည်။ တာယာ၊ ဆန်ခါများနှင့် စက္ကူ ကဲ့သို့သော စက်မှုထုတ်ကုန်များစွာတွင်လည်းအသုံးပြုသည်။ ဝါဂွမ်း၏ ၈၀ ရာခိုင်နှုန်းခန့်ကို အဝတ်အထည်များတွင် အသုံးပြုကြပါသည်။ အိမ်တွင်းအလှဆင်ပစ္စည်းများတွင် ၁၅ ရာခိုင်နှုန်းကို အသုံးပြုကြပြီးကျန် ၅ ရာခိုင်နှုန်းမှာ စစ်ထုတ်ခြင်းနှင့် စုပ်ယူခြင်းကဲ့သို့သော အသုံးအဆောင်များအတွက် အများဆုံး အသုံးပြုကြသည်။
မိုးပြာရောင်ဂျင်း၊ ကော်ဇောနှင့် ကြမ်းခင်းအထည်များကဲ့သို့ လူအများနှစ်သက်သော အထည်များကို ၀ါချည်ဖြင့်ပြုလုပ်ထားသည်။
၀ါစေ့တွင် မျိုးစိတ်နှင့် အရည်အသွေးပေါ် မူတည်၍ အဆီ ၁၅ ရာခိုင်နှုန်းမှ ၂၀ရာခိုင်နှုန်းထိ ပါဝင်ပါသည်။ အဆီတွင် မပြည့်ဝဆီ ၇၀ ရာခိုင်နှုန်းခန့် ပါဝင်ပါသည်။ သန့်စင်ထားသော ဝါစေ့ဆီသည် အရသာရှိပြီး နူးညံ့သောရွှေရောင်ရှိသည်။ ဝါစေ့သည် ပရိုတင်းဓာတ်ကြွယ်ဝပြီး လူစားသုံးရန် သို့မဟုတ် တိရစ္ဆာန်အစာအတွက် အသုံးပြုသည်။ ဝါစေ့အား ပြန်လည်စိုက်ပျိုးရန် မျိုးအဖြစ်လည်းကောင်း၊ ဆီကြိတ်၍ စားသုံးဆီအဖြစ် လည်းကောင်း၊ ဆပ်ပြာ၊ ဖယောင်းတိုင်၊ အလှကုန်များကဲ့သို့သော ဆီအခြေခံထုတ်ကုန် များစွာပြုလုပ်ရန် စက်မှုကုန်ကြမ်းသုံးဆီ အဖြစ်လည်းကောင်း၊ ဝါစေ့ဆီကြိတ်ဖတ်အား တိရစ္ဆာန်အစာအဖြစ် လည်းကောင်း အသုံးပြုကြပါသည်။
၁၉၅၀ ပြည့်နှစ်များက အထည်ရက်လုပ်ရာတွင် ဝါဂွမ်းကို ၈၄ ရာခိုင်နှုန်း၊ သိုးမွေး ၁၂ ရာခိုင်နှုန်းနှင့်လျှော် ၄ ရာခိုင်နှုန်း သုံးစွဲခဲ့ရာက ၁၉၄၀ ပြည့်နှစ်တွင် ချည်မျှင်တုရေယွန်နှင့်နိုင်လွန်တို့ တီထွင်လာသောကြောင့် ၁၉၇၀ ပြည့်နှစ် အလွန်တွင် ဝါဂွမ်းချည်သုံးစွဲမှုလျော့ကျသွားခဲ့သည်။
ယခုခေတ်တွင် ဝါဂွမ်းချည်သည် စျေးနှုန်းသက်သာသော ပိုလီအက်စတာ ချည်မျှင်တုနှင့် ယှဉ်ပြိုင်နေရသည်။ ၂၀၁၀ ပြည့်နှစ်များတွင် အထည်အလိပ်လုပ်ငန်းများတွင် ဝါဂွမ်း ၃၇ ရာခိုင်နှုန်းခန့် သုံးစွဲကြောင်း သိရှိရပါသည်။ သို့သော် ဝါဂွမ်းချည်၏ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိသည့် ဂုဏ်သတ္တိများက ဖွံ့ဖြိုးပြီးနိုင်ငံရှိ လူအများကို ဆွဲဆောင်နိုင်သောကြောင့် ဝါဂွမ်းချည်သုံးစွဲမှုသည် ပြန်လည်မြင့်တက်လာခဲ့ပါသည်။
ဝါသီးနှံနှင့် သဘာဝ ပတ်ဝန်းကျင် ဝါသည် ဇီဝပိုးမွှားများကို ချေဖျက်နိုင်ပြီး ပြန်လည်ပြည့်ဖြိုးမြဲဖြစ်သော သဘာဝအမျှင်ဖြစ်၍ ဓာတုအမျှင်များနှင့် နှိုင်းယှဉ်ပါက သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်စေပါသည်။ သို့သော် ဝါစိုက်ပျိုးခြင်းနှင့် ကုန်ထုတ်လုပ်ငန်းစဉ်များတွင် ရေရှည်တည်တံ့စေရန် ကိုင်တွယ်ဖြေရှင်းရမည့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများရှိပါသည်။ အဆိုပါ စိန်ခေါ်မှုများတွင် ရေသုံးစွဲမှု၊ ပိုးသတ်ဆေးအသုံးပြုမှုနှင့် မြေဆီလွှာပျက်စီးမှုတို့ ပါဝင်သည်။ ကုလသမဂ္ဂ သဘာဝပတ်ဝန်းကျင် အစီအစဉ် (United Nations Environment Programç UNEP)၏ အဆိုအရ ဝါဂွမ်းစိုက်ပျိုးမှုသည် ကမ္ဘာ့စိုက်ပျိုးမြေ၏ ၂ ဒသမ ၅ ရာခိုင်နှုန်းရှိသော်လည်း နှစ်စဉ်ပိုးသတ်ဆေး တန်ချိန် ၂၀၀၀၀၀ နှင့် ဓာတ်မြေသြဇာ တန်ချိန် ၈သန်းခန့် အသုံးပြုနေပြီး ကမ္ဘာ့သုံးစွဲမှု၏ ၁၆ ရာခိုင်နှုန်းနှင့် ၄ ရာခိုင်နှုန်း အသီးသီးရှိကြောင်း သိရှိရပါသည်။ သို့သော်လည်း သန်းပေါင်းများစွာသော လူများအတွက် အလုပ်အကိုင်နှင့် ဝင်ငွေကို ထောက်ပံ့ပေးသောကြောင့် ဝါဂွမ်းသည် နိုင်ငံများစွာအတွက် အလွန်အရေးပါသော သီးနှံဖြစ်သည်။
ယင်းစိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံးဖြစ်စေမည့် ရေရှည်တည်တံ့သော ဝါသီးနှံထုတ်လုပ်မှု အလေ့အကျင့်များကို မြှင့်တင်ရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြသည်။ အော်ဂဲနစ်ဝါစိုက်ပျိုးခြင်း၊ ပိုးမွှားဒဏ်ခံနိုင်ရည်နှင့် မိုးခေါင်မှုဒဏ်ခံနိုင်ရည် စသည့် စရိုက်လက္ခဏာများရှိသည့် မျိုးရိုးဗီဇပြုပြင်ထားသော (Genetically Modified) GM ဝါမျိုးများကို စိုက်ပျိုးခြင်းစသည်တို့ပါဝင်သည်။
အော်ဂဲနစ်စိုက်ပျိုးရေး အလေ့အကျင့်များသည် မြေဆီလွှာ ထိန်းသိမ်းရေး၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် ရေထိန်းသိမ်းမှုကို မြှင့်တင်ပေးသည်။ အော်ဂဲနစ်ဝါဂွမ်းသည် ကမ္ဘာလုံးဆိုင်ရာ ဝါဂွမ်းထုတ်လုပ်မှု၏ သုည ဒသမ ၅ ရာခိုင်နှုန်းခန့်သာ ရှိပါသည်။ အနည်းငယ်သော ရာခိုင်နှုန်းကိုသာ ကိုယ်စားပြုသော်လည်း ရေရှည်တည်တံ့ပြီး သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သော ထုတ်ကုန်များဖြစ်သည့်အတွက် သုံးစွဲသူများ၏ ဝယ်လိုအားတိုးလာပြီး လူကြိုက်များလာပါသည်။ အိန္ဒိယနိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ အော်ဂဲနစ်ဝါဂွမ်း ထောက်ပံ့မှု၏ ၇၀ ရာခိုင်နှုန်းခန့် ထုတ်လုပ်ပြီး အများဆုံး ထုတ်လုပ်သူဖြစ်သည်။
ဘီတီဝါ (BT Cotton) ဟု လူသိများသော ဝါသည် ပိုးမွှားဒဏ်ခံနိုင်ရန် မျိုးရိုးဗီဇပြုပြင်ထားသော (Genetically modified) GM ဝါမျိုးဖြစ်ပြီး ကမ္ဘာ့ဝါစိုက်ပျိုးမှု၏ ၆၉ ရာခိုင်နှုန်းအထိ ရှိပါသည်။ ယင်းဝါမျိုးကို အမေရိကန်၊ အိန္ဒိယနှင့် တရုတ်နိုင်ငံတို့တွင် ကျယ်ကျယ်ပြန့်ပြန့် လက်ခံကျင့်သုံးကြပြီး ကုန်ထုတ်စွမ်းအား တိုးမြင့်လာကာ ပိုးသတ်ဆေး သုံးစွဲမှု လျော့ကျလာစေသည်။ သို့သော်လည်း သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွားထိခိုက်မှုများ အပေါ် စိုးရိမ်မှုများနှင့်အတူ GM ဝါဂွမ်းကို လက်ခံကျင့်သုံးမှုသည် အခြေအတင်ဖြစ်နေဆဲဖြစ်ပါသည်။
ကမ္ဘာ့ဝါထုတ်လုပ်မှု
ဝါကို နှစ်ထောင်ပေါင်းများစွာကတည်းက စိုက်ပျိုးခဲ့ပြီး ကမ္ဘာပေါ်တွင် အရေးကြီးဆုံးသော သဘာဝအမျှင်များထဲမှ တစ်ခုဖြစ်ပါသည်။ ဝါကို ကမ္ဘာ့နိုင်ငံပေါင်း ၇၀ ကျော်တွင် စိုက်ပျိုးသည်။ လက်ရှိအချိန်၌ ကမ္ဘာတစ်ဝန််းတွင် ၀ါတန်ချိန် ၂၅ သန်း ခန့် ထုတ်လုပ်လျက်ရှိပါသည်။ ကမ္ဘာတွင် ဝါဂွမ်းအများဆုံး ထုတ်လုပ်သည့် နိုင်ငံမှာ တရုတ်နိုင်ငံဖြစ်ပြီး ၂၀၂၂ ခုနှစ်တွင် ၀ါတန်ချိန် ၆ သန်းခန့် ရိတ်သိမ်းနိုင်ခဲ့သည်။ ထိပ်တန်းထုတ်လုပ်သူများမှာ တရုတ်၊ အိန္ဒိယ၊ အမေရိကန်နှင့် ဘရာဇီးတို့ဖြစ်သည်။ မြန်မာနိုင်ငံသည် ဝါထုတ်လုပ်သည့် နိုင်ငံများတွင် ၁၆ နိုင်ငံမြောက်ဖြစ်ပါသည်။
မြန်မာ့ဝါစိုက်ပျိုးထုတ်လုပ်မှု
မြန်မာနိုင်ငံတွင် ဝါသီးနှံသည် အဓိက သီးနှံ ၁၀ မျိုးတွင် ပါဝင်ပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ဝါသီးနှံစိုက်ဧကသည် စုစုပေါင်းသီးနှံစိုက်ဧက၏ ၁ ဒသမ ၂၅ ရာခိုင်နှုန်းရှိပြီး သီးနှံထွက်ကုန်များ စုစုပေါင်းတန်ဖိုး၏ ၁ ဒသမ ၄ ရာခိုင်နှုန်းခန့် ရှိကြောင်းတွေ့ရှိရပါသည်။
မြန်မာနိုင်ငံတွင် ဝါကိုပျူခေတ်ကတည်းက စိုက်ပျိုးနေပြီဖြစ်ပြီး ဝါဂွမ်းမှ အဝတ်အထည်များ ရက်လုပ်သုံးစွဲနေပြီဖြစ်ကြောင်း တွေ့ရှိရပါသည်။ မြန်မာနိုင်ငံတွင် ရှေးယခင်က ချည်မျှင်တိုဝါမျိုးကို စိုက်ပျိုးခဲ့ကြသော်လည်း ၁၉၆၂ ခုနှစ်မှစ၍ ချည်မျှင်ရှည်ဝါကို ကျယ်ကျယ်ပြန့်ပြန့် စတင်စိုက်ပျိုးခဲ့ပါသည်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ၀ါစိုက်ဧရိယာ ၅၃၇-၃၁၂ ဧကကို စိုက်ပျိုးခဲ့ပြီး ချည်မျှင်ရှည်ဝါသည် စိုက်ဧရိယာအများဆုံးနှင့် တစ်ဧကအထွက်နှုန်း အမြင့်ဆုံးဖြစ်ကာ စုစုပေါင်း ဝါထွက်ရှိမှု၏ ၉၇ ဒသမ ၆ ရာခိုင်နှုန်း ရှိကြောင်း တွေ့ရှိရပါသည်။
ဝါသည် အပူပိုင်းဒေသတွင် ဖြစ်ထွန်းသော သီးနှံဖြစ်၍ မြန်မာနိုင်ငံတွင် မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် စိုက်ပျိုးဖြစ်ထွန်းပြီး ယင်းဒေသများသည် ဝါအများဆုံးထုတ်လုပ်သည့် ဒေသများဖြစ်ပါသည်။
ယင်းဒေသများအပြင် နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင်လည်း စိုက်ပျိုးကြသည်။ ၂၀၁၂-၂၀၁၃ ခုနှစ်မှ ၂၀၂၂-၂၀၂၃ ခုနှစ် ကာလတစ်လျှောက် ဝါထုတ်လုပ်မှုကို လေ့လာကြည့်ပါက ၂၀၁၅-၂၀၁၆ ခုနှစ်တွင် စုစုပေါင်း ထုတ်လုပ်မှု တန်ချိန် ၅၁၂၈၁၄ တန် ဖြင့် အမြင့်ဆုံးဖြစ်ခဲ့ပြီး ၂၀၁၈-၂၀၁၉ ခုနှစ်တွင် ၂၆၂၂၇၇ တန် အနိမ့်ဆုံးသို့ လျော့ကျရောက်ရှိခဲ့သည်။ နိုင်ငံတော်အစိုးရ၏ အားပေးလမ်းညွှန်မှုဖြင့် ဝါထုတ်လုပ်မှုသည် ၂၀၂၂-၂၀၂၃ ခုနှစ်တွင် သိသိသာသာ ပြန်လည်ကောင်းမွန်လာကာ တန်ချိန် ၃၂၃၀၆၆ သို့ ပြန်လည် မြင့်တက်လာပါသည်။ မြန်မာ့ချည်ထည် လုပ်ငန်းအတွက် အဓိက အချက်အချာကျသော မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ထုတ်လုပ်မှု တိုးလာခြင်းကြောင့် ပြန်လည်ဦးမော့လာခြင်းဖြစ်ပါသည်။
မြန်မာ့ဝါကို အားပေးမြှင့်တင်ခြင်း
ယခုအခါ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ ဝါသီးနှံ အထွက်တိုးရေးကို ဆောင်ရွက်လျက်ရှိပြီး အရည်အသွေးမြင့်မားသည့် ချည်ထည်များ ထုတ်လုပ်နိုင်အောင် ကြိုးပမ်းဆောင်ရွက် နေပါသည်။ စျေးကွက်ဝယ်လိုအားရှိသည့် ချည်မျှင်ရှည်ဝါများ တိုးတက်စိုက်ပျိုးထုတ်လုပ်ရန် ပြည်တွင်းရှိချည်မျှင်နှင့် အထည်စက်ရုံများအတွက် အရည်အသွေးကောင်း ဝါများစိုက်ပျိုးထုတ်လုပ်ပြီး ပြည်ပမှ ဝါဂွမ်းနှင့် ချည်များတင်သွင်းမှုကို လျှော့ချရန်၊ ၀ါသီးနှံတန်ဖိုးကွင်းဆက် ဖွံ့ဖြိုးတိုးတက်ပြီး ဝါစိုက်တောင်သူများနှင့် ဝါလုပ်ငန်းရှင်များ ကုန်ထုတ်လုပ်မှု မြင့်မားစေရန် ရည်ရွယ်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။ ဝါသီးနှံစိုက်ပျိုးရေး စီမံကိန်းကို ၂၀၂၂-၂၀၂၃ ခုနှစ်မှ ၂၀၂၅-၂၀၂၆ ခုနှစ်အထိ ချမှတ်ထားပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးတို့နှင့် ရှမ်းပြည်နယ်နှင့် နေပြည်တော်ကောင်စီနယ်မြေတို့ကို စီမံကိန်းဒေသအဖြစ်သတ်မှတ်၍ ဝါစိုက်ပျိုးရေးဇုန် ၁၉ ခု အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန် မှာကြားချက်များနှင့်အညီ ဝန်ကြီးဌာနများ အနေဖြင့် ပြည်တွင်း ဝါ၊ ချည်မျှင်နှင့် အထည်အလိပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၀ါစိုက်ပျိုးထုတ်လုပ် ရောင်းချသူများ၊ ဝါလုပ်ငန်းရှင်များ၊ ပုဂ္ဂလိက ဝါစေ့ဆီစက်များ၊ဝါကြိတ်လုပ်ငန်းများနှင့် ချည်မျှင်နှင့် အထည်စက်ရုံများသို့ သွားရောက်၍ တွေ့ဆုံဆွေးနွေးညှိနှိုင်းခြင်း၊ ဝါစိုက်ပျိုးထုတ်လုပ်မှုမှ အထည်အလိပ်များ ထုတ်လုပ်သည်အထိ တန်ဖိုးမြှင့်ကွင်းဆက်တစ်လျှောက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခြင်းတို့ ဆောင်ရွက်လျက်ရှိပါသည်။
လက်ရှိတွင် နိုင်ငံတော်မှလည်း ဝါစိုက်ပျိုးရေးဇုန် ၁၉ ခု အကောင်အထည်ဖော်၍ ၀ါအထွက်နှုန်းတိုးမြင့်အောင် ဆောင်ရွက်လျက်ရှိပြီး အဆင့်မီသည့် ချည်ထည် ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်မည်ဆိုပါက ပြည်တွင်းအဝတ်အထည် လိုအပ်ချက်ကို ပြည့်စုံအောင် ဖြည့်ဆည်းပေးနိုင်သည်သာမက ပြည်ပသို့လည်း တင်ပို့နိုင်မည် ဖြစ်ပါသည်။
ရေရှည်တည်တံ့သော မြန်မာ့ဝါဖွံ့ဖြိုးတိုးတက်ရေးဆီသို့
မြန်မာ့ဝါသည် သိသာထင်ရှားသော အလားအလာကောင်းများရှိပြီးဖြစ်ကာ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှု ရရှိရန် ဆောင်ရွက်နေပြီဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ဝါဂွမ်းစိုက်ပျိုးခြင်းသည် မြေဆီလွှာ ပျက်စီးမှု၊ ရေရှားပါးမှုနှင့် ပိုးမွှားကျရောက်မှုအပါအဝင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများစွာကို ရင်ဆိုင်ရပါသည်။ ဘက်စုံပိုးမွှားကာကွယ် နှိမ်နင်းရေး (Integrated Pest Managementç IPM) ဓာတုသွင်းအားစုများကို ရှောင်ရှားပြီး သဘာဝဖြစ်စဉ်များကို အလေးပေးသည့် အော်ဂဲနစ်စိုက်ပျိုးရေးနှင့် ထိရောက်သော ဆည်မြောင်းစနစ်များ ကဲ့သို့သော ရေရှည်တည်တံ့သော စိုက်ပျိုးရေး အလေ့အကျင့်များကို မြှင့်တင်ခြင်းဖြင့် အဆိုပါစိန်ခေါ်မှုများကို လျော့ပါးသက်သာစေနိုင် မည်ဖြစ်ပါသည်။
ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှု မြှင့်တင်ခြင်းအပြင် တစ်ဖက်တွင် ဝါဂွမ်းမှ အဆင့်မီအထည်အလိပ် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ရန်အတွက် ဝါကြိတ်စက်များ၊ ချည်မျှင်နှင့် အထည်စက်များအား စွမ်းဆောင်ရည်မြှင့်တင်ခြင်း၊ အထည်ချုပ်လုပ်ငန်းများ ဖွံ့ဖြိုးအောင် ဆောင်ရွက်ခြင်းတို့အား တစ်ဆက်တစ်စပ်တည်း ဆောင်ရွက်သွားရမည်ဖြစ်သောကြောင့် ယင်းလုပ်ငန်းများအား ဒေသအလိုက် ထူထောင်နိုင်ရေးနှင့် ရေရှည်ရှင်သန်နိုင်ရေး၊ စျေးကွက်တွင် ယှဉ်ပြိုင်နိုင်ရေးအတွက် ပံ့ပိုးကူညီပေးရန်နှင့် ပြည်တွင်း၊ ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများ တိုးမြင့်လာအောင် ဖိတ်ခေါ်ဆောင်ရွက်သွားရမည် ဖြစ်ပါသည်။
နိဂုံး
အရည်အသွေးမြင့် ချည်မျှင်ရှည်ဝါမျိုးများကို အာရုံစိုက်ပြီး စိုက်ပျိုးမှုမှသည် အဆင့်မီအထည်အလိပ် ထုတ်လုပ်ခြင်းအထိ ဝါတန်ဖိုးကွင်းဆက် တစ်ခုလုံး တိုးတက်ကောင်းမွန်လာအောင် ဆောင်ရွက်ခြင်းသည် ကမ္ဘာ့ဝါကဏ္ဍတွင် မြန်မာနိုင်ငံ၏ ရပ်တည်ချက်ကို အားကောင်းစေမည်ဖြစ်ပါသည်။သွင်းကုန်မှီခိုမှုကို လျှော့ချရန်နှင့် ပြည်တွင်းအထည်အလိပ် လုပ်ငန်း၏ စွမ်းဆောင်ရည်ကို မြှင့်တင်ရန် ရည်ရွယ်၍ ဝါအထွက်နှုန်းနှင့် အရည်အသွေးမြှင့်တင်ရန် နိုင်ငံတော်က အားပေး ဆောင်ရွက်လျက်ရှိပြီး ရေရှည်တည်တံ့သော အလေ့အကျင့်များနှင့် နည်းပညာ တိုးတက်မှုများကို လက်ခံကျင့်သုံးခြင်းဖြင့် ဝါဂွမ်းထုတ်လုပ်မှုတွင် စိန်ခေါ်မှုများကို ကျော်လွှားနိုင်မည်ဖြစ်ပါသည်။
ဝါသီးနှံ၏အရေးပါမှုနှင့် ဝါကဏ္ဍရှိ တိုးတက်မှုများကို ဂုဏ်ပြုရန်၊ ဝါသည် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို ပံ့ပိုးပေးသော အရေးကြီးသော ကုန်ပစ္စည်းတစ်ခုအဖြစ် ဆက်လက်တည်ရှိစေရန်၊ စီးပွားရေးတိုးတက်မှုနှင့် သဘာဝပတ်ဝန်းကျင် တည်တံ့ခိုင်မြဲစေရန်၊ ရာသီဥတု ပြောင်းလဲမှု၊ စျေးကွက်မတည်ငြိမ်မှုနှင့် အလုပ်သမားပြဿနာများကို ဖြေရှင်းရန်၊ ရေရှည်တည်တံ့သော ဝါဂွမ်းထုတ်လုပ်မှု၊ လယ်သမားများ၏ စွမ်းအားမြှင့်တင်ခြင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများဖြင့် ဝါဂွမ်းကဏ္ဍသည် အပြုသဘောဆောင်သော အခန်းကဏ္ဍမှဆက်လက် ပါဝင်နေရန် အားလုံးပါဝင်ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပါသည်။
အားလုံးအတွက် ပိုမိုကောင်းမွန်သော အနာဂတ်ကို ဖန်တီးပေးနိုင်ရန်နှင့် ဝါနှင့် ချည်ထည်ကဏ္ဍတွင် ရေရှည်တည်တံ့ပြီး အားလုံးပါဝင်နိုင်သော တိုးတက်မှုကို ပံ့ပိုးကူညီကြရန် ကမ္ဘာ့ဝါသီးနှံနေ့ကို နိုင်ငံအများအပြားတွင် ဆောင်ရွက်နေသကဲ့သို့ မြန်မာ့ဝါသီးနှံကဏ္ဍ ဝါစိုက်ပျိုးထုတ်လုပ်သူမှသည် ချည်မျှင်နှင့် အထည်အလိပ်လုပ်ငန်းများအထိ ဝါသီးနှံ တန်ဖိုးကွင်းဆက် တစ်လျှောက် ဖွံ့ဖြိုးတိုးတက်မှုရရှိရန် နိုင်ငံတော် ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များနှင့် အညီ အားပေးမြှင့်တင် ဆောင်ရွက်လျက်ရှိပါသည်။ ယင်းသို့ဆောင်ရွက်လျက်ရှိရာတွင် ဝါသီးနှံတန်ဖိုးကွင်းဆက်တစ်လျှောက်ရှိ ဝါစိုက်ပျိုးတောင်သူများမှသည် အထည်ချုပ်လုပ်သားများအထိ ပါဝင်ပတ်သက် လုပ်ကိုင်နေသူများအား ဂုဏ်ပြုသောအားဖြင့် မြန်မာ့ဝါသီးနှံနေ့တစ်နေ့အဖြစ် သတ်မှတ် ဂုဏ်ပြုပေးသင့်ပါကြောင်း တင်ပြအပ်ပါသည်။ ။