ဖျာပုံမြို့နယ်တွင် မလေးရှားနိုင်ငံ ပင်လယ်ရေပြင်သို့ပို့ဆောင်မည့် ငွေကျပ် ၆၉ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၂ ဒသမ ၃ တန်နှင့်အတူ မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား ဖော်ထုတ်ဖမ်းဆီးရမိ
နေပြည်တော်၊ ဩဂုတ် ၂
လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင်လ ၂၂ ရက်နေ့ မွန်းလွဲ ၁ နာရီ အချိန် သတင်းအရ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၊ ကမ်းနားကွင်းကျေးရွာ၊ ခါးပြတ်ချောင်း အတွင်း မောင်းနှင်လာသည့် ကုန်တင်စက်လှေအား စစ်ဆေးရန်ရပ်တန့်ခိုင်းစဉ် ရပ်တန့်ခြင်းမရှိဘဲ အရှိန်တင်မောင်းနှင်ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးခဲ့ရာ ဌေးအောင်၊ ကျော်မြင့်နိုင်၊ ရဲဝင်းနိုင်၊ စောဟန်နှင့် ဆိတ်ဖေတို့ ၅ ဦးအား ဒေသကာလတန်ဖိုးငွေကျပ် ၆၉ ဘီလီယံတန်ဖိုးရှိ စိတ်ပြောင်း ဆေးဝါး အိုက်စ်(မက်သ်အဖက်တမင်း) ၂ ဒသမ ၃ တန်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက် အရ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (ခ)ရပ်ကွက်၊ မြရတနာ(၈)လမ်းရှိ ဖမ်းမိ စက်လှေပိုင်ရှင် လှမောင်ကြီး၏နေအိမ်မှ ပစ္စတိုသေနတ် ၁ လက်၊ ကျည်အိမ် ၁ ခု၊ ၉ မမကျည် ၅၀ တောင့်နှင့်အတူ ထွန်းအောင်အား လည်းကောင်း၊ သိမ်းဆည်းရမိအိုက်စ်များ သယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူများဖြစ်သည့် သန်းဌေး(ခ)အရှည်ကြီး အား ဖျာပုံမြို့နယ်၊ ဆင်မကျေးရွာ၌လည်းကောင်း၊ စက်လှေပိုင်ရှင် လှမောင်ကြီးနှင့် ပဲ့နင်း သားကြီး(ခ)ဇော်သိန်းလှိုင်တို့အား လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၊ (၁၁)ရပ်ကွက်တွင် PRADO မော်တော်ယာဉ် ၁ စီးနှင့်လည်းကောင်း၊ မင်းမျိုးထွန်း(ခ)ကိုမျိုးအား ပြင်ဦးလွင်မြို့နယ်၊ ပြင်စာကျေးရွာ၌ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကျပ် သိန်း ၁၉၀ နှင့်လည်းကောင်း၊ အောင်ဆင့်ထွန်း(ခ)ကိုဆင့်(ခ)ကိုစိုင်းနှင့် ထိန်လင်းအောင်(ခ) ရောဘတ် (ခ)ခွန်ရဲလင်းဦးတို့အား ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ပြည်ထောင်စုလမ်းမရှိ ဧည့်ရိပ်သာတွင် TOYOTA LANDCRUISER မော်တော်ယာဉ် ၁ စီး၊ HILUX SURF မော်တော်ယာဉ် ၂ စီးနှင့်လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ အိုက်စ်(မက်သ်အဖက်တမင်း) များအား ရှမ်းပြည်နယ်(တောင်ပိုင်း)မှ မလေးရှားနိုင်ငံ ပင်လယ်ရေပြင်သို့သယ်ဆောင်ခြင်း ဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက် စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းနှင့် အမှုတွင်ဆက်စပ်ပါဝင် သူများ၏ ငွေကြေးအကျိုးအမြတ် များနှင့် ပိုင်ဆိုင်မှုများကို ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေအရ ဆက်လက်အရေးယူသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။