ရေချိုကိုတန်ဖိုးထား ကမ္ဘာကြီးကိုစောင့်ရှောက်

 

ရေချိုကိုတန်ဖိုးထား ကမ္ဘာကြီးကိုစောင့်ရှောက်

 

ယမန်နေ့မှအဆက်

    ယာဉ်ကြီးများသည် ၁၀ တန်ယာဉ်ကြီးများဖြစ်၍ ယာဉ်၏သယ်နိုင်ဝန်နှင့် ညီမျှသောပစ္စည်းကို စုပေါင်း ပြီးဝယ်ယူရန် လိုအပ်သောစက်သုံးဆီ၊ ယာဉ်မောင်း၊ ယာဉ်နောက်လိုက် ပြည့်စုံစွာစီစဉ်ပေးသည်။

သို့သော် အဝေးဆုံး အကွာအဝေးအဖြစ် တပ်ကုန်း၊ ပျဉ်းမနား၊ ပင်လောင်းမြို့များ အထိသာ ခွင့်ပြုသည်။ ရွာသူ၊ ရွာသားအများစုမှာ ရက်ကြိုတင်၍ အချင်းချင်း ညှိနှိုင်းတိုင်ပင်ပြီး ဝယ်ယူမည့်ပစ္စည်းနှင့် လမ်းကြောင်းကိုဖော်ပြ၍  ယာဉ်တောင်းခံကြသည်။   ကွပ်ကဲမှုရုံးတွင် တာဝန်ချထားသည့် ယာဉ်စီမံခန့်ခွဲမှုအရာရှိက ညှိနှိုင်းစီစဉ်ပေးသည်။

အဆိုပါကြီးကြပ်မှုရုံးသို့ မည်သူမဆို တွေ့ကြုံနေကြရသော အခက်အခဲများကို လာရောက်အကြောင်းကြားခွင့် ပေးထားသည်။ လက်ခံဖြေရှင်းပေးမည့် ဝန်ထမ်း အချိန်ပြည့် တာဝန်ချထားပေးသည်။ ဤကဲ့သို့ဆောင် ရွက်ခဲ့မှုကြောင့်   လုပ်ငန်းအားလုံး   အောင်မြင်စွာ ပြီးမြောက်ခဲ့ခြင်းဖြစ်သည်။

ကျေးရွာများပြောင်းရွှေ့ဆဲ အစပိုင်းကာလများတွင် သံဃာတော်များ ဆွမ်းအခက်အခဲ မရှိစေရန် အရုဏ် ဆွမ်းအတွက် ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ ပဲ၊ ငါးခြောက်၊ ငံပြာရည်၊ ငါးပိ စသည့်ကုန်ခြောက်များကို သုံးလစာ လှူဒါန်းပေးခဲ့သည်။

ကျန်းမာရေးဝန်ကြီးဌာနမှလည်း ကျေးရွာအားလုံး၏ ဆုံချက်ဖြစ်သော ပျဉ်းမနား-ပင်လောင်းလမ်းဘေးတွင် ခုတင်-၅၀ ဆံ့ဆေးရုံတစ်ရုံကို ဆောက်လုပ်ကုသပေးသည်။

ဆောက်လုပ်ရေးဝန်ကြီး ဌာနကလည်း ရေလှောင်သည့်အခါ နစ်မြုပ်သွားမည့် လိန်းလီသံပေါင်တံတားဟောင်းအစား သင့်လျော်သော တောင်စွယ်နှစ်ခုကို အသုံးပြု၍ ခေတ်မီကြိုးတံတားတစ်စင်း ဆောက်လုပ်ပေးခဲ့သည်။   လိန်းလီကြိုးတံတား၏ အလှမှာ   ရေပြင်ကျယ်နှင့် နောက်ခံတောင်တန်းများကြား အလွန်ပနံသင့်သည်။ တံတားပေါ်ဖြတ်သန်း  သွားလာကြသည့် တခြားဒေသမှ ခရီးသွားအများစုမှာ ဤရှုခင်းအလှကို ဓာတ်ပုံရိုက်၍ မှတ်တမ်းတင်ကြသည်။

ဤမျှပြည့်စုံအောင်  ဆောင်ရွက်ပေးသော်လည်း ပြည်တွင်း၊ ပြည်ပမီဒီယာတချို့နှင့်  တချို့သောအဖွဲ့ အစည်းများက ပြည်သူလူထုကို ယုံထင်ကြောင်ထင် ဖြစ်အောင် လှုံ့ဆော်ရေးသား ထုတ်လွှင့်မှုများ ရှိနေခဲ့ သေးသည်။

ရေဝပ်ဧရိယာပြောင်းရွှေ့ကျေးရွာအုပ်စု (ထိန်ပင်ကျေးရွာအုပ်စု) ၏ သံဃာ့နာယကကျောင်း ကျောင်းလွှတ်ပူဇာနေ့တွင် မီဒီယာရှင်းလင်းပွဲ ကျင်းပရန်ဖိတ် ကြားခဲ့သည်။ ရှမ်းပြည်နယ် လျှပ်စစ်နှင့်စက်မှုလက်မှု ဝန်ကြီး၊ ရှမ်းပြည်နယ် ဖယ်ခုံမဲဆန္ဒနယ်မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် အပါအဝင်   သက်ဆိုင်ရာ ပင်လောင်းမြို့နယ်   ဌာနဆိုင်ရာများကိုလည်း   ဖိတ် ကြားခဲ့သည်။ ရေဝပ်ဧရိယာကျေးရွာ အားလုံးမှ သံဃာအားလုံးကိုပင့်ဖိတ်သည်။ မိမိကိုယ်တိုင် ပျဉ်းမနားမြို့   ပါဠိတက္ကသိုလ်ကျောင်းတိုက် ပဓာနနာယကဆရာတော် ဦးဝိမလဗုဒ္ဓိနှင့် တပ်ကုန်းကင်းသာ (ပျဉ်းမနား-ပင်လောင်းလမ်း) ရွှေဟင်္သာကျောင်းတိုက် ဆရာတော်ကြီး ဦးပညာဝံသတို့ကိုပါ ပင့်ဖိတ်ခဲ့သည်။

အားလုံးစုံညီသည့်ပွဲတွင် ရေဝပ်ဧရိယာကျေးရွာ အားလုံးမှ ဗုဒ္ဓဘာသာဝင် အိမ်ထောင်စုတိုင်းအတွက် ဉာဏ်တော် ၆ လက်မ၊ ဉာဏ်တော် ၉ လက်မအသီး သီးရှိသော ဗုဒ္ဓရုပ်ပွားဆင်းတုတော် တစ်ဆူစီဒါနပြုသည်။   နံနက်စောစောကတည်းက   ကြိုတင်ညအိပ် ရောက်နှင့်နေသော  ဆရာတော်များက စုပေါင်း၍ ကျောင်းပေါ်တွင် အနေကဇာ တင်ထားပေးပြီးဖြစ်သည်။ ကျောင်းမှာ အလျား ပေ ၇၀၊ အနံ ပေ ၄၀  (လှေကား ဆောင်သီးခြား) ရှိသော ျွ.ဃ နှစ်ထပ်သံကူကွန်ကရစ် ကျောင်းဖြစ်သည်။ ကျောင်းပေါ်တွင် ပရိသတ် ၂၀၀ ခန့်ဆံ့သည်။   ကျေးရွာတိုင်း တက်ရောက်နိုင်စေရန်အတွက် ကျေးရွာတစ်ရွာလျှင် ငါးဦးနှုန်း ကိုယ်စားလှယ် စေလွှတ်တက်ရောက်စေသည်။    ဧည့်ပရိသတ်နှင့် ပေါင်းပါက လူဦးရေ  ၂၅၀ ခန့်ရှိသည်။

ကျောင်းအောက်မြေကွက်လပ်တွင် ကျေးရွာ အိမ်ထောင်စုရှိသမျှ တစ်အိမ်လျှင် နှစ်ပင်နှုန်းဖြင့်ဝေငှပေးရန် နှစ်ရှည်သီးပင် သရက်ပျိုးပင်များ အဆင်သင့် ပြင်ထားသည်။  ဖော်ပြခဲ့သည့်ပွဲတွင်  လာရောက်ကြသော  ကျေးရွာကိုယ်စားလှယ်တိုင်းနှင့်    ဧည့်သည်အားလုံးကို နေ့လယ်စာကျွေး၍ ဒါနပြုသည်။   ဤပွဲ အပြန်တွင်  ရွာသားများအတွက်  အိမ်တိုင်းကို  ဗုဒ္ဓ ရုပ်ပွားဆင်းတုတော်နှင့် ပျိုးပင်များအား ဌာနတာဝန်ရှိသူ များက ပို့ဆောင်ပေးသည်။ ဤဘက်စုံရေစက်ချပွဲတွင် အဆိုပါမီဒီယာများကိုပါ တက်ရောက်စေသည်။

နံနက်စောစော ၈ နာရီခန့်ကတည်းက ပျဉ်းမနား မြို့ရှိ စုရပ်တစ်ခုမှ ဌာနယာဉ်တန်းဖြင့် မီဒီယာသတင်း ထောက်နှင့် တာဝန်ရှိသူများကို ကြိုဆိုခေါ်ဆောင်ခဲ့ သည်။ ၎င်းင်းတို့ကို အခမ်းအနား မစမီကတည်းက ရွာသားကိုယ်စားလှယ်များနှင့် စကားပြောခွင့်ရအောင် စီစဉ်ပေးထားသည်။ ဆရာတော်အပါး  ၃၀ ခန့်နှင့် လျှောက်တင်လိုသည်များ လျှောက်တင်မေးမြန်းနိုင် ရန် စီစဉ်ပေးထားသည်။

မိမိနှင့်အတူပါလာသော ဆရာတော်ကြီးနှစ်ပါးကလည်း ရွာသားများအား အခြေအနေမေးမြန်းကြသည်။ ဤဒေသသည် ၎င်းတို့ငယ်စဉ်က ခြေကျင်သာသနာပြု သွားခဲ့သောဒေသဖြစ်၍ ရှေးဟောင်းနှောင်းဖြစ်များ ပြောမကုန်ကြပေ။

နံနက်  ၁၁ နာရီတွင်  ရေစက်ချတရားနာအပြီး ဆွမ်းကပ်သည်။  ခရီးဝေးပြန်ကြမည့် ဧည့်သည်များ နေ့လယ်စာသုံးဆောင်ပြီး  ပြန်ကြသည်။  မွန်းတည့် ၁၂ နာရီခန့်တွင် ကျောင်းလွှတ်ပူဇာ အစီအစဉ်အားလုံး ပြီးစီးသည်။  ဤအလှူနေ့ ကုန်ကျစရိတ်အားလုံးနှင့် ဗုဒ္ဓရုပ်ပွားတော်များ၊ ပျိုးပင်များအတွက် ဌာနဝန်ထမ်း အားလုံးမှ ကုသိုလ်ပြုခြင်းဖြစ်သည်။

စာရေးသူနှင့် ပြည်နယ်လျှပ်စစ်နှင့်စက်မှုလက်မှု ဝန်ကြီးအပါအဝင် ဌာနတာဝန်ရှိသူများပါ မီဒီယာများ နှင့်တွေ့ဆုံကြရန် ရေဝပ်ဧရိယာကြီးကြပ်ကွပ်ကဲမှုရုံး သို့ ရောက်ရှိလာကြသည်။

တက်ရောက်လာသမျှ မီဒီယာအားလုံးလက်ထဲသို့ စီမံကိန်းအကြောင်း၊    ရေဝပ်ဧရိယာ ကျေးရွာများအကြောင်း၊ ကုစားမှုများ၊ ထောက်ပံ့မှုများ၊ လက်ရှိ ဆောင်ရွက်ထားမှုများကို  ဓာတ်ပုံမှတ်တမ်းများနှင့် တကွ   သိကောင်းစရာ လက်ကိုင်စာအုပ်တစ်အုပ်စီ ဝေငှထားသည်။ Powerpoint Presentation ဖြင့် ဒုတိယညွှန်ကြားရေးမှူးချုပ်က ရှင်းပြသည်။ မိမိက လိုအပ်သည့်နေရာများတွင် ဝင်ရောက်ရှင်းလင်းသည်။

ဒုတိယဝန်ကြီးဖြစ်သည့်အတွက်   မီဒီယာဓလေ့ အတိုင်း   ရေဝပ်ဧရိယာ အကြောင်းသိလိုမှုသာမက မြစ်ဆုံကိစ္စ၊  ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံကိစ္စ၊   တခြား ရေအားလျှပ်စစ်စီမံကိန်းကြီးများ ကိစ္စများကိုပါ အခွင့်အရေးရစဉ်  အမိအရမေးကြသည်။ အားလုံးကျေနပ် လက်ခံသည်အထိ အကျိုးအကြောင်းဖြင့် ရှင်းပြခဲ့သည်။

နောက်နေ့တွင် ၎င်းတို့ကို ကားတစ်စီးတွင် လူလေးဦးခန့်သာ လိုက်ပါနိုင်သော တောင်ပေါ်တက်အားကောင်းသည့် Double Cab ယာဉ်လေးစီးဖြင့် တမံ တည်ဆောက်ရေး၊ စက်ရုံတည်ဆောက်ရေးလုပ်ငန်းခွင်သို့ ဖိတ်ခေါ်ပြသသည်။ တမံအနီးရှင်းလင်းဆောင်တွင် စီမံကိန်းညွှန်ကြားရေးမှူးက Powerpoint Pre-sentation ဖြင့် စီမံကိန်းစတင်ဖြစ်ပေါ်လာပုံမှအစ နိုင်ငံတော်ဓာတ်အား လိုအပ်ချက်အဆုံး ပြည့်စုံအောင် ရှင်းပြသည်။ ပြီးမှ လုပ်ငန်းခွင်သို့  လှည့်လည်ပြသ သည်။ ဤကဲ့သို့ ထူးထူးခြားခြား ဆောင်ရွက်နေသော R.C.C တမံနှင့် တွဲဖက်ဆောင်ရွက်နေသော ၁၄၀ မဂ္ဂါဝပ်ဓာတ်အားပေးစက်ရုံ ဆောင်ရွက်နေမှုများကို ထဲထဲဝင်ဝင်မျက်မြင်သိခွင့်ရကြ၍ ဝမ်းသာကြသည်။ နေ့လယ်စာကျွေးပြီး တောင်ပေါ်မှ ပြန်ဆင်းခဲ့သည်။ မိုင် ၅၀ ခန့်ဝေးသော ပျဉ်းမနားမြို့သို့  ပြန်လည်ပို့ဆောင်ပေးခဲ့သည်။   နောက်တစ်ပတ်ခန့်အကြာ နေ့စဉ်ထုတ်မီဒီယာ၊ အပတ်စဉ်ထုတ်မီဒီယာ တချို့က အဖြစ်မှန်များကို ပြည့်စုံစွာ ရေးသားကြသည်။ တချို့ သည် သတင်းပုံစံသာ ရေးသည်။ တချို့သတင်းဌာနသည် လုံးဝဖော်ပြခြင်းပင် မပြုပါ။

စီမံကိန်းလုပ်ငန်း ဆောင်ရွက်စဉ်  ၂၈-၁-၂၀၁၂ ရက်နေ့၊ ၂၆-၁-၂၀၁၃ ရက်နေ့၊ ၂၃-၈-၂၀၁၄ ရက် နေ့နှင့် ၂၄-၈-၂၀၁၄ ရက်နေ့များတွင် လေးကြိမ်တိုင် မီဒီယာများကို ဖိတ်ကြားရှင်းလင်းခဲ့သည်။ ၂၃-၈-၂၀၁၄ ရက်နေ့တွင် ကိုယ်တိုင်ရှင်းလင်းခဲ့သည်။

၂၀၁၃ ခုနှစ် သြစတြီးယားနိုင်ငံတွင် ကျင်းပသည့် ကမ္ဘာ့ရေအားလျှပ်စစ် ညီလာခံမှာပင် အထက်ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်း စီမံကိန်းအင်ဂျင်နီယာ ဦးအေးချမ်းမြင့်သိန်း ကိုယ်တိုင် ဤကိစ္စကို စာတမ်းပြုစု ဖတ်ကြား ရှင်းလင်းခဲ့သည်။

ဆက်လက်ဖော်ပြပါမည်။