တရားမဝင် သစ်မျိုးစုံ၊ စက်သုံးဆီများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ
နေပြည်တော် သြဂုတ် ၂
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင် ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇူလိုင်လ ၃၀ ရက်နှင့် ၃၁ ရက် တို့တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ MITT ဆိပ်ကမ်း၌ ကုန်သေတ္တာ(၃)လုံးအတွင်းမှ ပိုင်ရှင်မှ စွန့်လွှတ်ကြောင်း တင်ပြလာသည့် အိန္ဒိယနိုင်ငံထုတ် Ramming Mass (၈၁၀၀၀)ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၁၁၃၀၀၀)ကို လည်းကောင်း၊ ရန်ကုန်လေဆိပ်(ကုန်လှောင်ရုံ)၌ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် တရုတ်နိုင်ငံထုတ် LED Injection Mold (၁)ခု၊ Controller (၂)ခု၊ Polo ကျားဝတ်ရှပ် အင်္ကျီအထည် (၃၀၀) ၊ Circuit Board/ Plastic/ Door Lock (၁၀၀)ခု အပါအဝင် ကုန်ပစ္စည်း(၄)မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၄၂၇၇၅၀၀)ကို လည်းကောင်း၊ ရွာသာကြီး Dry Port ၌ မန္တလေးမြို့မှ ရန်ကုန်မြို့သို့မောင်းနှင်လာသည့် မော်တော်ယာဉ် (၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်း မရှိသည့် Pencil Case ကီလိုဂရမ် (၄၀၀) အပါအဝင် ကုန်ပစ္စည်း(၆)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၂၁၀၃၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Faw Tractor Head (၁)စီးနှင့် နောက်တွဲယာဉ် (၁)တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၅၀၀၀၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၆၆၀၀၈၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ဇူလိုင်လ ၃၁ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြိတ်ခရိုင်နှင့် ထားဝယ်ခရိုင်တို့အတွင်း၌ လိုင်စင်မဲ့ Hijet မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅၀၀၀၀၀) ကို ပို့ကုန်သွင်းကုန်ဥပဒေအရ လည်းကောင်း၊ တရားမဝင်အခြားသစ် (၁၉ ဒသမ ၀၁၂)တန်နှင့် ဒီရေမျောတိုင် (၆၆၁၁)လုံး(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၅၈၀၈၄၀)နှင့် အဆိုပါသစ်များ တင်ဆောင်ထားသည့် စက်လှေ (၂)စင်းနှင့် ထော်လာဂျီ(၄)စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၄၀၀၀၀၀)တို့ကို သစ်တောဥပဒေအရ လည်းကောင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ ဇလွန်းကျေးရွာ၌ တရားမဝင်စက်သုံးဆီ ဒီဇယ်ဆီဂါလန်(၂၃၀)၊ ဓာတ်ဆီ(၁၂၉၈)ဂါလန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၉၄၃၀၀၀)နှင့်အင်ဂျင်ဝိုင် (၄၆)ဂါလန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၂၈၀၀၀)ကို ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေအရ လည်းကောင်း၊ ကော့သောင်းခရိုင် အတွင်း၌ လိုင်စင်မဲ့ Honda Fit မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၀၀၀၀၀)ကိုပို့ကုန်သွင်းကုန် ဥပဒေအရ လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၄၂၅၁၈၄၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ဇူလိုင်လ ၃၁ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့်တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြစ်ငယ်စစ်ဆေးရေး စခန်း၌ ရန်ကုန်မြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၂)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်း မရှိသည့် မလေးရှားနိုင်ငံထုတ် Polar Bear White Cement (၄၀)ကီလိုဂရမ်ပါ အိတ်(၁၈၀၀)(ခန့်မှန်းတန်ဖိုးငွေကျပ် ၉၈၂၈၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Cheng Long Tractor Head(၁)စီး၊ Nissan Diesel Tractor Head (၁)စီးနှင့်နောက်တွဲယာဉ်(၂)တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ်၁၆၂၀၀၀၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆၀၂၈၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ ဇူလိုင်လ ၃၀ ရက်နှင့် ၃၁ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၂၉)မှု၊ (ခန့်မှန်း တန်ဖိုးငွေကျပ် ၄၈၁၁၃၂၆၄၀)ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။