မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွင် ISPE အသင်းက မြဝတီအက်ဖ်စီအသင်းကို ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိ

 

မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွင် ISPE အသင်းက  မြဝတီအက်ဖ်စီအသင်းကို ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိ

 

ရန်ကုန်  သြဂုတ်  ၂

    မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ် ကော်မတီက ကြီးမှူးကျင်းပ လျက်ရှိသည့်   မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲ  ပွဲစဉ်(၅)အဖြစ် ယနေ့ညနေ ၃ နာရီခွဲတွင် ရန်ကုန်မြို့  YUSC   အားကစားကွင်း၌ ISPE အသင်းနှင့် မြဝတီအက်ဖ်စီအသင်းတို့ ကစားခဲ့ရာ  ISPE အသင်းက၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

    အဆိုပါပွဲစဉ်တွင် ပွဲစကတည်းက နှစ်သင်းလုံးခြေစွမ်းပိုင်း ကွာခြားမှုမရှိခဲ့ဘဲ အပြန် အလှန်ဖိအားပေးမှုများဖြင့် အကြိတ်အနယ် ရှိခဲ့ကာ ပွဲချိန် ၁၈ မိနစ်တွင် ဝင်းပြည့်မောင် က ISPE အသင်းအတွက် ဦးဆောင်ဂိုး သွင်းယူပေးနိုင်ခဲ့သည့်အတွက် ပထမပိုင်းတွင်  ISPE  အသင်းက ၁ ဂိုး ဂိုးမရှိဖြင့် ဦးဆောင်နိုင်ခဲ့သည်။

ထို့နောက် ဒုတိယပိုင်းပြန်လည်စတင်ချိန်တွင်လည်း မြဝတီအက်ဖ်စီအသင်း၏ ချေပဂိုး နှင့် အနိုင်ဂိုးများအတွက် ပြန်လည်ဖိအားပေး မှုများကြောင့် ပိုမိုအကြိတ်အနယ်ရှိခဲ့ပြီး မြဝတီအက်ဖ်စီအသင်း ချေပဂိုးအတွက် အခွင့်အရေးများ ရရှိခဲ့သော်လည်း အသုံးချနိုင်ခြင်း မရှိခဲ့ဘဲ ပွဲချိန် ၈၁ မိနစ်တွင် နိုင်နိုင်ကျော်က ISPE  အသင်းအတွက် ဒုတိယဦးဆောင်ဂိုး သွင်းယူပေးနိုင်ခဲ့သည့်အတွက် ပွဲပြီးဆုံးချိန်တွင် ISPE အသင်းက မြဝတီအက်ဖ်စီ အသင်းကို ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

အဆိုပါပွဲစဉ်အတွက် အကောင်းဆုံးကစားသမားဆုကို  ISPE အသင်းနှင့် ခြေစွမ်းပြ ကစားနိုင်ခဲ့သည့် ဝင်းပြည့်မောင်က ဆွတ်ခူး နိုင်ခဲ့သည်။

မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်(၅)အဖြစ် သြဂုတ်လ ၃ ရက် (ယနေ့)ညနေ ၃ နာရီခွဲတွင် ရန်ကုန်မြို့  သုဝဏ္ဏအားကစားကွင်း၌ ရတနာပုံအက်ဖ်စီအသင်းနှင့် ရခိုင်ယူနိုက်တက်အသင်းတို့  ဆက်လက်ကစား သွားမည်ဖြစ်ကြောင်း သိရသည်။

Dates: 
Saturday, August 3, 2024 - 19:26