ဒဏ်ရာကြောင့် ယိုရိုအနေဖြင့် သုံးလခန့်နှင့် ဟိုက်လန်းအနေဖြင့် တစ်လခွဲခန့် အနားယူရမည်ဖြစ်ကြောင်း မန်ယူအသင်း အတည်ပြု
ဒဏ်ရာကြောင့် မန်ယူအသင်း အဓိက ကစားသမားနှစ်ဦးဖြစ်သည့် ခံစစ်ကစားသမား ယိုရိုအနေဖြင့် သုံးလခန့်နှင့် တိုက်စစ်ကစားသမား ဟိုက်လန်းအနေဖြင့် တစ်လခွဲခန့် အနားယူရမည်ဖြစ်ကြောင်း မန်ယူအသင်းက အတည်ပြုခဲ့သည်။
မန်ယူအသင်းနှင့် အာဆင်နယ်အသင်းတို့ ကစားသည့်ခြေစမ်းပွဲ၌ ဟိုက်လန်းအနေဖြင့် ပွဲချိန် ၁၆ မိနစ်တွင် တံကောက်ကြောဒဏ်ရာကြောင့် လူစားလဲ ထွက်ခွာခဲ့ရသကဲ့သို့ ယိုရိုသည်လည်း ပွဲချိန် ၃၅ မိနစ် တွင် ခြေထောက်ဒဏ်ရာ ရရှိခဲ့သည့်အတွက် လူစားလဲ ထွက်ခွာခဲ့ရသည်။
ယိုရို၏ ခြေထောက်ဒဏ်ရာနှင့် ပတ်သက်ပြီး အသေးစိတ်စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ဒဏ်ရာမှာ ပြင်းထန်သည့်အတွက် ခြေထောက် အကာအကွယ်များ တပ်ဆင်ထားရကာ ချိုင်းထောက်ကို အသုံးပြု၍ သွားလာနေရပြီး ကြံ့ခိုင်မှုပြန်လည်ပြည့်ဝရန်် အနည်းဆုံး သုံးလခန့်အနားယူရမည်ဟု မန်ယူအသင်းက အတည်ပြုခဲ့သည်။
အလားတူ ဟိုက်လန်း၏ တံကောက်ကြော ဒဏ်ရာမှာ ပြင်းထန်မှု မရှိသော်လည်း အသေးစိတ် စစ်ဆေးမှုများပြုလုပ်ပြီး ကြံ့ခိုင်မှုပြန်လည်ပြည့်ဝရန် အနည်းဆုံး တစ်လခွဲခန့် အနားယူရမည်ဖြစ်သည့်အတွက် ၎င်းတို့နှစ်ဦးအနေဖြင့် မန်စီးတီးအသင်း နှင့်ကစားမည့် ကွန်မြူနတီဒိုင်း ဗိုလ်လုပွဲကို လွဲချော်မည်ဖြစ်သည့်အပြင် ရာသီအစပိုင်း ပရီးမီးယားလိဂ်ပွဲစဉ်များကိုပါ လွဲချော်မည်ဖြစ်သည်။
ထို့ပြင် မန်ယူအသင်းနှင့် ဘတ်တစ်အသင်းတို့ ကစားသည့် ခြေစမ်းပွဲတွင်လည်း တိုက်စစ်ကစားသမား များဖြစ်သည့် ရက်ရှ်ဖို့ဒ်နှင့် အန်တိုနီတို့လည်း ဒဏ်ရာ အသီးသီး ရရှိခဲ့သည့်အတွက် မည်သည့်အချိန်ထိ အနားယူရမည်ကို ဆက်လက်စောင့်ကြည့်ရမည်ဖြစ်ပြီး မန်ယူအသင်းအတွက် ရာသီသစ်မစတင်မီ ကစား သမားများ ဒဏ်ရာပြဿနာများနှင့် တွေ့ကြုံနေရ သည့်အတွက် ရာသီအစပိုင်းပွဲစဉ်များတွင် နည်းပြ တန်ဟတ်အတွက် ဖိအားများ ရှိလာကြောင်း သိရ သည်။