မြို့နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
နေပြည်တော်၊ ၂၀၂၄ ဩဂုတ်လ - ၃
၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေးနှင့် စာသင် ကျောင်းများ ဥပဓိရုပ်ကောင်း မွန်စေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းပတ်ဝန်းကျင်သန့်ရှင်း သာယာလှပရေး လုပ်ငန်းများကို စုပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ အပါအဝင် မြို့နယ် ၃ မြို့နယ်တို့ရှိ အခြေခံပညာကျောင်းများ၌ လည်းကောင်း၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကော့သောင်းမြို့ရှိ အမှတ်(၄)အခြေခံပညာအလယ်တန်းကျောင်း၌ လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ် အပါအဝင် မြို့နယ် ၁၁ မြို့နယ် တို့ရှိ အခြေခံပညာကျောင်းများ၌ လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌လည်းကောင်း စာသင်ကျောင်းများ အတွင်း/ အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်း ခြင်းနှင့် ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းများ တူးဖော်ပေးခြင်းတို့ကို စုပေါင်းဆောင်ရွက်ပေးကြသည်။
ထိုသို့စာသင်ကျောင်းများပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် နယ်မြေခံတပ်မတော်သားများက မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင် များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများနှင့်အတူ စုပေါင်းဆောင်ရွက်ပေးကြ သည်။
ထို့အတူ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ သူနာပြုသင်တန်းကျောင်း၌ လည်ကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်ရှိ ပြည်သူ့ဆေးရုံကြီး၊ မင်္ဂလာဒုံ မြို့နယ်ရှိ တပ်မတော်အရိုးရောဂါအထူးကုဆေးရုံကြီး(ခုတင်-၅၀၀)၊ ခရမ်းမြို့နယ်ရှိ မြို့နယ်ပြည်သူ့ဆေးရုံတို့၌လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ လေးကျွန်းရန်အောင်ဖောင်တော်ဦး စေတီတော်၌လည်းကောင်း အမှိုက်များရှင်းလင်းခြင်း၊ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်း လင်းပေးခြင်းစသည့် စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးကြသည်။
ယင်းသို့ ဆောင်ရွက်နေမှုများကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက လိုက်လံ ကြည့်ရှုအားပေးပြီး လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။