တပ်မတော်တွင် သတ္တမအကြိမ်အသည်းအစားထိုးခွဲစိတ်ကုသမှုလုပ်ငန်းဆောင်ရွက်မှုသတင်း
နေပြည်တော်၊ ၂၀၂၄ ဩဂုတ်လ - ၃
တပ်မတော်တွင် ပထမအကြိမ်အသည်းအစားထိုးခွဲစိတ်ကုသမှုကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့နှင့် ၂၈ ရက်နေ့တို့တွင် အသည်းအစားထိုးလူနာ ၂ ဦးဖြင့် အောင်မြင်စွာ ခွဲစိတ်ကုသဆောင်ရွက်နိုင်ခဲ့သည်။ အသည်းအစားထိုးခွဲစိတ်ကုသမှုအား ဆက်လက်ဆောင်ရွက် ခဲ့ရာ ၂၀၂၃ ခုနှစ်အတွင်း အသည်းအစားထိုး ခွဲစိတ်ကုသမှု ၃ ကြိမ်၊ လူနာ ၉ ဦး နှင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလနှင့် မေလတို့တွင် လူနာ ၆ ဦးတို့အား အောင်မြင်စွာ ထပ်မံခွဲစိတ်ကုသဆောင်ရွက် ပေးနိုင်ခဲ့သည်။ ယခုအခါ သတ္တမအကြိမ် အသည်း အစားထိုးခွဲစိတ်ကုသမှုအား လူနာ ၃ ဦးဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး ပထမနေ့ အသည်းအစားထိုးခွဲစိတ်ကုသမှုကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၃ ရက်နေ့တွင် မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးရုံကြီး(ခုတင် ၁၀၀၀)၊ အထူးကုသမှု စင်တာ၌ ပြုလုပ်ခဲ့သည်။
အဆိုပါ အသည်းအစားထိုးခွဲစိတ်ကုသမှုကို တပ်မတော်မှ အသည်းအစားထိုး ခွဲစိတ် ကုသမှုအဖွဲ့နှင့် အိန္ဒိယနိုင်ငံမှ အသည်းအစားထိုးခွဲစိတ်ကုသမှုအဖွဲ့တို့ ပူးပေါင်းဆောင်ရွက် ခဲ့ကြခြင်းဖြစ်ပြီး လူနာဖြစ်သူ ဦးတင်ယု နှင့် တူမဖြစ်သူ အသည်းအလှူရှင် မသီရိဝင်းကို တို့ကို ခွဲစိတ်ကုသခဲ့ခြင်းဖြစ်သည်။
အသည်းအစားထိုးခွဲစိတ်ကုသမှု ဆောင်ရွက်ရာတွင် အသည်းအလှူရှင် လူနာထံမှ အသည်းထုတ်ယူခြင်းကို နံနက် ၉ နာရီခွဲအချိန်တွင် စတင်ခဲ့ပြီး ထုတ်ယူရရှိသော အသည်းကို ညနေ ၅ နာရီခွဲအချိန်ခန့်တွင် အသည်းလက်ခံလူနာထံသို့ အစားထိုးခွဲစိတ်ကုသခြင်း ဆောင်ရွက်ခဲ့ကာ စုစုပေါင်း ခွဲစိတ်ချိန် ၁၁ နာရီခန့် ကြာမြင့်ခဲ့သည်။ အသည်းအလှူရှင်လူနာနှင့် အသည်းလက်ခံ လူနာများ၏ ခွဲစိတ်ပြီးနောက်ပိုင်း ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိပြီး အထူးကြပ်မတ်ကုသခန်း၌ လိုအပ်သော ပြုစုကုသမှုများကို သက်ဆိုင်ရာပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြု/ကျွမ်းကျင်သူများက ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။
အသည်းအစားထိုးခွဲစိတ်ကုသမှုကို တပ်မတော်မှ တာဝန်ရှိသူအရာရှိကြီးများက ကြည့်ရှု အားပေးခဲ့ပြီး ဩဂုတ်လ ၄ ရက်နေ့နှင့် ၅ ရက်နေ့များတွင် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။