ရေချိုကိုတန်ဖိုးထား ကမ္ဘာကြီးကိုစောင့်ရှောက်

 

ရေချိုကိုတန်ဖိုးထား ကမ္ဘာကြီးကိုစောင့်ရှောက်

 

ယမန်နေ့မှအဆက်

      ဤကျောင်းလွှတ်ပူဇာပွဲမတိုင်မီ ရေဝပ်ဧရိယာရွှေ့ပြောင်း ကျေးရွာများတွင်ရှိသည့် မွေးမြူရေး စိတ်ဝင်စားသူများကို စုစည်းသည်။ ကျေးရွာပေါင်း ၁၄ ရွာမှ မွေးမြူရေး စိတ်ဝင်စားသူ ၁၈၃ ဦး တက်ရောက်သည်။ ၎င်းတို့လိုအပ်နေသော  မျိုးကောင်းမျိုးသန့်များကို   သက်ဆိုင်ရာ ဦးစီးဌာနမှ တာဝန်ရှိသူများက ဖြည့်ဆည်းပေးသည်။

ဒေသကျွဲ ၂၁ ကောင်၊ ဒေသနွားငါးကောင်၊ ဒေသဝက် အကောင် ၃၀၀၊  ဥစားဘဲအကောင်  ၆၀၀ ဖြန့်ဝေပေးသည်။  မြို့နယ်အလိုက်  ထပ်မံတောင်းခံနိုင်ပြီး  မျိုးပွားယူကြရန်လည်း တိုက်တွန်းခဲ့သည်။ စာရေးသူနှင့်အတူ  မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာန  ဒုတိယဝန်ကြီးတို့သည်    ဒေသခံကျေးရွာသူ၊  ကျေးရွာသားများနှင့်ပူးပေါင်း၍ ရေလှောင်ကန်အတွင်းသို့ ငါးအကောင်ရေ ၁၅၀၀၀၀ ကို ၈-၁၁-၂၀၁၄ ရက်တွင် စိုက်ထည့်ပေးခဲ့သည်။

ပြောင်းရွှေ့ကျေးရွာများအတွက် ရွာသူ၊ ရွာသားများ လက်ထဲအရောက် ထောက်ပံ့ပေးခဲ့သော ငွေမှာ ငွေကျပ် ၁၁၃၉၈ ဒသမ ၇၃၂ သန်းဖြစ်သည်။

ထို့ပြင်  လမ်း၊  ရေ၊  မီးနှင့်  တခြားသော အဆောက်အအုံအားလုံးအတွက် အသုံးပြုခဲ့သောငွေမှာ ငွေကျပ် ၁၉၂၆၂ ဒသမ ၁၉၆ သန်း ဖြစ်သည်။

သို့ဖြစ်ပါ၍  စုစုပေါင်း ကုန်ကျစရိတ်မှာ ငွေကျပ် ၃၀၆၆၀ ဒသမ ၉၂၈ သန်းဖြစ်သည်။ ဤငွေထဲတွင် နိုင်ငံခြားငွေနှင့်ညီမျှသော ငွေကျပ် ၃၈၄၄ ဒသမ ၈၆၁ သန်းပါဝင်သည်။

ဤလုပ်ငန်းကြီးအောင်မြင်စေရေး  အဘက်ဘက်မှပံ့ပိုးပေးခဲ့သော ဒုတိယသမ္မတ(၂)နှင့် သက်ဆိုင်ရာအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊  ဒုတိယဝန်ကြီးများ၊   ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့်  ပြည်နယ်ဝန်ကြီးများ၊ ပအိုဝ်းဒေသလွှတ်တော် ကိုယ်စားလှယ်နှင့်  ဖယ်ခုံမြို့နယ် ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အပါအဝင်   သက်ဆိုင်ရာဌာနများမှ  ရာထူးအဆင့်ဆင့်သော ဝန်ထမ်းများ၊  မိမိဝန်ကြီးဌာနမှ တည်ဆောက်ရေး(၁) ဝန်ထမ်းများနှင့်  ဆက်စပ်ဌာနများမှ ဝန်ထမ်းအားလုံးကို  ကျေးဇူးအထူးတင်ရှိပါသည်။  ပို၍ကျေးဇူးတင်ရမည်မှာ ဒေသခံရွာသူ၊ ရွာသားများ ဖြစ်သည်။ မည်သည့်ပယောဂမှ အဝင်မခံဘဲ မိမိတို့နှင့် လက်တွဲ၍ ကျေးရွာရွှေ့ပြောင်းမှု လုပ်ငန်းအားလုံးတွင်  စိတ်ပါလက်ပါ ဆောင်ရွက်ခဲ့ကြပြီးလ ၂၀ အတွင်း ရွာ ၂၃ ရွာ ပြောင်းရွှေ့မှုအောင်မြင်ခဲ့၍ ကျေးဇူးတင်ခြင်း ဖြစ်သည်။ အထူးကျေးဇူးတင်ရမည့်သူမှာ ဝန်ကြီးဦးခင်မောင်စိုးဖြစ်သည်။ မိမိတင်ပြမှုများအပေါ် စိတ်ဝင်စားစွာ အားပေးထောက်ခံသည်။ လိုအပ်သည်များ ခွင့်ပြုပေးသည်။

မှတ်တမ်းတင်ထားသင့်သော ပုဂ္ဂိုလ်များမှာ     မိမိတို့ဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်(နောင်တွင် ညွှန်ကြားရေးမှူးချုပ်၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနဝန်ကြီး)  ဦးသောင်းဟန်၊ စီမံကိန်းညွှန်ကြားရေးမှူး (နောင်တွင် ဒုတိယညွှန်ကြားရေးမှူးချုပ်-ခေတ္တညွှန်ကြားရေးမှူးချုပ်) ဦးစန်းဝေ၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးမြင့်အောင်နှင့် ဝန်ထမ်းများ၊ စူးစမ်းလေ့လာရေး ဌာနခွဲမှ ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ၊ စက်မှုယန္တရားဌာနခွဲမှ  ညွှန်ကြားရေးမှူးနှင့်ဝန်ထမ်းများ၊  စီမံခန့်ခွဲရေးဌာနခွဲမှ ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများအပါအဝင် တခြားသက်ဆိုင်ရာ ဌာနများမှ ဝန်ထမ်းများပင်ဖြစ်သည်။

မည်သည့်မြို့ကြီးနှင့်မျှမနီးသော    တောင်ပေါ်တွင်ပြန့်ကျဲနေသည့် ရွာများအား စုစည်းထားသော ရွာစုကြီးကို  ၂၃-၆-၂၀၁၅ ရက်မှစ၍ ပေါင်းလောင်းမြို့ဟု အမည်ပေးကာ မြို့သစ်တစ်ခုကို ပြည်ထဲရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ်-၈၀၁/၂၀၁၅ ဖြင့် သတ်မှတ်ပေးခဲ့သည်။ မြို့ဖြစ်လာသည့်အတွက် မြို့တစ်မြို့နှင့် လိုက်လျောညီထွေသော အင်္ဂါရပ်များ၊ အခွင့်အရေးများပါ ထပ်မံရရှိလာခဲ့သည်။

ဤကျေးရွာရွှေ့ပြောင်းရေး လုပ်ငန်းသည် ယနေ့အထိပြီးဆုံးပြီဟု မဆိုနိုင်ပါ။ ၎င်းကျေးရွာသူ၊ ကျေးရွာသားများအတွက်  အလုပ်အကိုင် အခွင့်အလမ်းပိုမိုရရှိစေရေး  သင့်လျော်ရာ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို နိုင်ငံတော်က ဆက်လက်စီမံပေးနိုင်ပါက ပိုမိုပြည့်စုံသွားမည်ဟု ယုံကြည်ပါသည်။

မီဒီယာများဘက်ကလည်း နိုင်ငံအကျိုးရှေးရှု၍ အပြုသဘောအကြံပြုမှုများဖြင့် ပူးပေါင်းကူညီကြလျှင် နိုင်ငံ၏ဖွံ့ဖြိုးရေး လုပ်ငန်းများ ပိုမိုအောင်မြင်မည်ဟု ယုံကြည်ပါသည်။

အပိုင်း(ဂ)

ကမ္ဘာကြီးပူနွေးလာမှုနှင့် ပြန်လည်ကုစားခြင်း

အခန်း(၂၄)

ကမ္ဘာ့လေထုကိုလေ့လာခြင်း

    ယနေ့ကမ္ဘာကြီး မကျန်းမမာဖြစ်နေသည်။ သက်တော်ရှည်ကမ္ဘာကြီး သည် ၁၇၅၀ ပြည့်နှစ်များနောက်ပိုင်း စက်မှုတော်လှန်ရေးစတင်ချိန်မှစ၍ ရောဂါတစ်မျိုးပြီးတစ်မျိုး စွဲကပ်လာနေသည်။ စွဲကပ်လာသော ရောဂါများထဲတွင် ကမ္ဘာကြီး၏ အပူရှိန်မြင့်တက်လာမှုသည် အဆိုးဆုံးဖြစ်သည်။

ကမ္ဘာကြီးကိုယ်အပူရှိန်မြင့်လာသည်ကို   ကမ္ဘာကြီးပူနွေးမှု  (Global Warming) ဖြစ်လာနေသည်ဟု ပြောနေကြသည်။

ဤရောဂါကိုကုသရန် ဆေးရှိသည်။ သို့သော် ၎င်းဆေးကို သောက်သုံး ရမည့်သူများသည် သက်မဲ့ကမ္ဘာကြီးမဟုတ်။ သက်ရှိလူသား တစ်ဦးစီက ဤဆေးကို မှန်မှန်သောက်သွားလျှင် ရောဂါသက်သာလာမည်။ ရောဂါ အရှင်းမပျောက်လျှင်ပင် အတော်သက်သာပြီး ကမ္ဘာကြီးသက်တမ်းစေ့ နေသွားရလိမ့်မည်။ လူသားများက ဆေးမှန်မှန်သောက်ရန်နှင့် အနေ အထိုင်၊ အစားအသောက် ဆင်ခြင်ရန်တော့လိုမည်။

ကမ္ဘာကြီးက လူသားတွေကို သောက်စရာရေ ရှာပေးသည်။ စားစရာ အစားအစာရှာပေးသည်။ နေစရာရှာပေးသည်။ ဝတ်စရာအဝတ်ရှာပေးသည်။ အရိပ်မရှိပါက အရိပ်ရှာပေးသည်။ အေးနေပါက အနွေးဓာတ် ပေးသည်။ သူ့တာဝန်သူကျေသည်။   သို့သော်  သူရှာကျွေးနေမှုကို လူသားတွေက မတင်းတိမ်နိုင်ကြ။ ကျေးဇူးရှင်ကမ္ဘာကြီး ရောဂါပိုတိုးစေ မည့်လုပ်ဆောင်မှုများကို လောဘဇောတိုက်၍ ပြုလုပ်နေကြသည်။ ဤသို့သော လူသားများကို ကမ္ဘာကြီးက ကြည့်နေမည်မဟုတ်ပေ။

ဆက်လက်ဖော်ပြပါမည်။