ပဲရစ်အိုလံပစ်ပြိုင်ပွဲ အမျိုးသား ဘောလုံးပြိုင်ပွဲတွင် မော်ရိုကို ယူ-၂၃ အသင်းနှင့် စပိန် ယူ-၂၃ အသင်းတို့ ဆီမီးဖိုင်နယ်သို့ တက်ရောက်
ပြင်သစ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် ပဲရစ်အိုလံပစ်ပြိုင်ပွဲ အမျိုးသားဘောလုံး ပြိုင်ပွဲတွင် မော်ရိုကို ယူ-၂၃ အသင်းနှင့် စပိန် ယူ-၂၃ အသင်းတို့ ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။
ပဲရစ်အိုလံပစ်ပြိုင်ပွဲ အမျိုးသားဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်အဆင့်ပွဲစဉ်အဖြစ် မော်ရိုကို ယူ-၂၃ အသင်းနှင့် အမေရိကန် ယူ-၂၃ အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ဟာကီမီဦးဆောင်သည့် မော်ရိုကို ယူ-၂၃ အသင်းက ခြေစွမ်းပိုင်းအသာစီးဖြင့် ကစားနိုင်ခဲ့ကာ မော်ရိုကို ယူ-၂၃ အသင်းက ၄ ဂိုး-ဂိုးမရှိဖြင့် ဂိုးပြတ်အနိုင်ရရှိသည်။ မော်ရိုကိုအသင်းအတွက် သွင်းဂိုးများကို ပွဲချိန် ၂၉ မိနစ်တွင် ပယ်နယ်တီမှတစ်ဆင့် ရာဟီမီက လည်းကောင်း၊ ပွဲချိန် ၆၃ မိနစ်တွင် အာခိုမက်က လည်းကောင်း၊ ပွဲချိန် မိနစ် ၇၀ တွင် ဟာကီမီကလည်းကောင်း၊ ပွဲချိန် ၉၁ မိနစ်တွင် ပယ်နယ်တီမှတစ်ဆင့် မာအူဘတ်က လည်းကောင်း အသီးသီး သွင်းယူပေးနိုင်ခဲ့ပြီး ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည်။
အလားတူ ကွာတားဖိုင်နယ်အဆင့် ပွဲစဉ်အဖြစ် စပိန် ယူ-၂၃ အသင်းနှင့် ဂျပန် ယူ-၂၃ အသင်းတို့ ကစားခဲ့ရာ စပိန် ယူ-၂၃ အသင်းက ၃ ဂိုး-ဂိုးမရှိဖြင့် ဂိုးပြတ်အနိုင်ရရှိသည်။ စပိန် ယူ-၂၃ အသင်းအတွက် သွင်းဂိုးများကို ပွဲချိန် ၁၁ မိနစ်နှင့် ၇၃ မိနစ်တို့တွင် ဖာမင်းလိုပက်ဇ်က လည်းကောင်း၊ ပွဲချိန် ၈၆ မိနစ်တွင် အေဘယ်ရုဇ်က လည်းကောင်း အသီးသီး သွင်းယူပေးနိုင်ခဲ့ပြီး ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည်။
စပိန် ယူ-၂၃ အသင်းသည် ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ပြီးနောက် ပြိုင်ပွဲတွင် ချန်ပီယံဆု ဆွတ်ခူးနိုင်ရန် ရေပန်းအစားဆုံး အသင်းအဖြစ် ရပ်တည်လျက်ရှိသည်။
ပဲရစ်အိုလံပစ်ပြိုင်ပွဲ အမျိုးသားဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် သြဂုတ်လ ၅ ရက်တွင် စပိန်ယူ-၂၃ အသင်းနှင့် မော်ရိုကို ယူ-၂၃ အသင်းတို့ ယှဉ်ပြိုင်ကစားမည် ဖြစ်ကြောင်း သိရသည်။