ကျောက်ဆည်မြို့နယ်နှင့် တာချီလိတ်မြို့တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
နေပြည်တော် သြဂုတ် ၃
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင်လ ၃၁ ရက် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် ကျောက်ဆည်မြို့နယ်၊ သံကျေးရွာအုပ်စု၊ သံကျေးရွာအနီးတွင် ဇော်ကိုကိုလတ်(ခ)ဘိုတိုး မောင်းနှင်လာသည့် AD VAN အမျိုးအစားမော်တော် ယာဉ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသည့် စိတ်ပြောင်းဆေးဝါးများ ဖြစ်သည့် Happy Water သုည ဒသမ ၇၅ ကီလို၊ ကက်တမင်း သုည ဒသမ ၂၅ ကီလိုကို လည်းကောင်း၊ သြဂုတ်လ ၁ ရက် ညနေ ၅ နာရီတွင် တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်၊ မြို့ပတ်လမ်းတွင် စိုင်းသိန်းလှိုင် မောင်းနှင်ပြီး စိုင်းအိုက်ဆာ(ခ)အိုက်ခမ်း လိုက်ပါလာသည့် TOYOTA CROWNအမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်နောက်ခန်းရှိ စက္ကူဂျပ်ဖာအတွင်းမှ စိတ်ပြောင်းဆေးဝါး ကက်တမင်း ၇ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူ ထားကြောင်း သိရသည်။