တိုးတက်မှုနှင့်ဖွံ့ဖြိုးမှုဆီ ထာဝရရှေးရှုဦးတည်နေသည့် CPC

 

တိုးတက်မှုနှင့်ဖွံ့ဖြိုးမှုဆီ ထာဝရရှေးရှုဦးတည်နေသည့် CPC

 

      စာရေးသူဟာ ပြီးခဲ့တဲ့လက တရုတ်နိုင်ငံ ပေကျင်းမြို့ကို  အလုပ်ကိစ္စနဲ့ သွားခဲ့ရပါသေးတယ်။ ဒါနဲ့ဆိုရင် နှစ်ကြိမ်မြောက်ပေါ့။   ပထမတစ်ခေါက်တုန်းက ဝူဟန်ကိုသွားပြီး နှီးနှောဖလှယ်ပွဲ တက်ခဲ့တာပါ။

ဒီတစ်ခေါက်ခရီးအတွက်   အဓိကတာဝန်ကတော့ ဇူလိုင်လ ၁၅ ရက်ကနေ ၁၈ ရက်အထိ ပေကျင်းမြို့မှာကျင်းပတဲ့ အကြိမ်(၂၀)မြောက် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီရဲ့ တတိယအကြိမ် မျက်နှာစုံညီအစည်းအဝေးကို သွားရောက်လေ့လာရတာပါ။

ပထမခရီးစဉ်မှာတုန်းက ကျွန်တော့်အနေနဲ့ တရုတ်နိုင်ငံရဲ့နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုတွေကို ကျကျနနလေ့လာခွင့်ရခဲ့သလို အခုတစ်ခေါက်မှာလည်း တရုတ်ကွန်မြူနစ်ပါတီရဲ့    အမြော်အမြင်နဲ့ ရည်မှန်းချက်တွေကို အသေးစိတ် သိရှိခွင့် ရခဲ့ပြန်ပါတယ်။

ဒါကြောင့်   တရုတ်နိုင်ငံရဲ့ဖွံ့ဖြိုး တိုးတက်မှုတွေက ဘယ်လိုအခြေအနေ ရှိနေတယ်။ သူတို့ရဲ့  မျှော်မှန်းချက်တွေ၊ ရည်မှန်းချက်တွေက ဘယ်ဆီကိုဦးတည် နေတယ်ဆိုတာနဲ့ပတ်သက်ပြီး စာချစ်သူများ လေ့လာသိရှိနိုင်အောင်လို့ ဒီဆောင်းပါးလေးကို ရေးသားလိုက်ရပါတယ်။

တရုတ်ကွန်မြူနစ်ပါတီမှာ   ဗဟိုကော်မတီဆိုတာ ရှိပါတယ်။ ဗဟိုကော်မတီထဲမှာ ပါတီရဲ့ထိပ်ပိုင်းခေါင်းဆောင်တွေ ပါဝင်ပြီး သူတို့ရဲ့အဓိက တာဝန်က နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆုံးဖြတ်ချက်များ ချမှတ်ပေးရတာပါ။ ဒါ့အပြင် တစ်ဖက်ကလည်း စည်းမျဉ်းစည်းကမ်းတွေ ထုတ်ပြန်ပြီး ပါတီကိုထိန်းကျောင်းမှုတွေ လုပ်ရပါတယ်။

အခုကျင်းပတဲ့  မျက်နှာစုံညီအစည်းအဝေးက အကြိမ် (၂၀) မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီရဲ့ တတိယ အကြိမ်  မျက်နှာစုံညီ အစည်းအဝေးပါ။ ဒီအစည်းအဝေးကို   ဗဟိုကော်မတီရဲ့ နိုင်ငံရေးဗျူရိုက   သဘာပတိအဖြစ် ဆောင်ရွက်ပြီး အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖျင်က အရေးကြီးတဲ့မိန့်ခွန်းများကို ပြောသွားပါတယ်။

အဲဒီနောက် ရှီကျင့်ဖျင်က နိုင်ငံရေး ဗျူရိုကိုယ်စား ဗျူရိုရဲ့လုပ်ငန်း ဆောင်ရွက်မှုတွေကို ဖတ်ကြားတင်ပြမှုအပေါ် ဗဟိုကော်မတီက နားထောင်ဆွေးနွေးမှုတွေ လုပ်ပါတယ်။ ပြီးတဲ့အခါ တရုတ်ကွန်မြူနစ် ပါတီဗဟိုကော်မတီက   နိုင်ငံအတွက် အရေးကြီးတဲ့   ဆုံးဖြတ်ချက်တစ်ရပ်ကို စဉ်းစားသုံးသပ် ချမှတ်လိုက်ပါတယ်။

ထိုဆုံးဖြတ်ချက်ကတော့ ရှေ့ဆက်တရုတ်နိုင်ငံရဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်မှု အတွက်  နက်ရှိုင်းတဲ့  ဘက်စုံပြုပြင် ပြောင်းလဲမှုအပေါ် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီရဲ့ ဆုံးဖြတ်ချက်လို့ အမည် ပေးထားပါတယ်။

ဆုံးဖြတ်ချက်အမည်ကိုကြည့်ခြင်းအားဖြင့် တရုတ်နိုင်ငံဟာ အနာဂတ်အတွက်    ပြုပြင်ပြောင်းလဲမှုတွေကို ဘယ်လောက်    အတိုင်းအတာအထိ လုပ်ဆောင်သွားဖို့ ရည်မှန်းထားတယ်ဆိုတာ မြင်ရမှာပါ။

ဒီဆုံးဖြတ်ချက်ရဲ့ ယေဘုယျရည်မှန်းချက်များက တရုတ်မူတရုတ်ဟန်နဲ့ ဆိုရှယ်လစ် စနစ်ကို ပိုမိုဖွံ့ဖြိုး တိုးတက်အောင်၊ တရုတ်နိုင်ငံရဲ့ အုပ်ချုပ်မှုစနစ်နဲ့စွမ်းရည်တွေကို ခေတ်နှင့်အညီဖွံ့ဖြိုး တိုးတက်လာအောင် ဆက်လက် လုပ်ဆောင်သွားဖို့ဖြစ်ပါတယ်။

ပြောရရင် ဘက်စုံထောင့်စုံကနေ ဖွံ့ဖြိုးတိုးတက်မှုဆီ ဦးတည်တာပါ။ တရုတ်နိုင်ငံဟာ နည်းပညာအကူအညီနဲ့ စီးပွားရေးဖွံ့ဖြိုး တိုးတက်စေဖို့ကို အဓိကရည်မှန်း လုပ်ဆောင်နေတဲ့ နိုင်ငံအဖြစ် တွေ့မြင်ရပါတယ်။ ဒါကြောင့်လည်း ၂၀၃၅ ခုနှစ်ရောက်တဲ့အခါ ဘက်စုံ ကဏ္ဍစုံမှာ အဆင့်အတန်းမြင့်မားတဲ့ ဆိုရှယ်လစ်စျေးကွက် စီးပွားရေးစနစ်ကို အပြီးတည်ဆောက်သွားမယ်လို့ ဆိုထားတာပါ။

အခုလုပ်ဆောင်မယ်ဆိုတဲ့အချက်တွေဟာ တရုတ်နိုင်ငံအတွက်တော့ အခြေခံအုတ်မြစ်တွေပါပဲ။   ဘာအတွက်လဲဆိုရင် ယခုရာစုနှစ်ဝက်ဖြစ်တဲ့ ၂၀၅၀ ပြည့်နှစ်ဝန်းကျင်ရောက်တဲ့အချိန် တရုတ်နိုင်ငံကို  ကဏ္ဍပေါင်းစုံမှာ  တကယ့်ကို ကြီးကျယ်ခမ်းနားတဲ့ ခေတ်မီဆိုရှယ်လစ် နိုင်ငံတော်အဖြစ် တည်ဆောက်ဖို့အတွက်ပါ။

အဓိကကတော့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို ဦးစားပေး လုပ်ဆောင်သွားမယ်လို့   နားလည်ထားပါတယ်။ ယခုဆုံးဖြတ်ချက်က ချမှတ်လိုက်တဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေဆိုတာက တရုတ်ပြည်သူ့သမ္မတနိုင်ငံ   တည်ထောင်မှု အနှစ် (၈၀) ပြည့်မြောက်တဲ့ ၂၀၂၉ ခုနှစ်မှာ  အပြီးသတ်စေရမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီက   ဘက်စုံထောင့်စုံကနေ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် စနစ်တကျစီစဉ်ထားတဲ့     နက်ရှိုင်းသောပြုပြင် ပြောင်းလဲမှုဆိုင်ရာ အစီအမံတွေကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီအစီအမံတွေ အကြောင်းကိုတော့ တစ်ခုချင်းစီတင်ပြသွားပါမယ်။

အဆင့်အတန်းမြင့်မားတဲ့ ဆိုရှယ်လစ် စျေးကွက်စီးပွားရေးစနစ်ကို ဖော်ဆောင်ဖို့ အတွက်ဆိုရင် ပိုမိုမျှတမှုရှိပြီး ပြောင်းလဲနိုင်စွမ်းရှိတဲ့ စျေးကွက်ဆိုင်ရာ အသိုင်းအဝိုင်းတစ်ခုနဲ့အတူ စျေးကွက်ရဲ့ အခန်းကဏ္ဍကိုမြှင့်တင်ရမှာဖြစ်ပြီး ဒီအတွက်လည်း အရင်းအမြစ်တွေကို ထိရောက်မှု အရှိနိုင်ဆုံးနဲ့ အတတ်နိုင်ဆုံးခွဲဝေ အသုံးပြုသွားရမယ်လို့ ဆိုပါတယ်။

တစ်ချိန်တည်းမှာပဲ စျေးကွက်အပေါ် ချမှတ်ထားတဲ့   ကန့်သတ်ချက်တွေကို ဖယ်ရှားပြီး စျေးကွက်အတွင်းအစီအစဉ် တကျရှိမှုကို  အကောင်းဆုံးထိန်းသိမ်းနိုင်ဖို့နဲ့ စျေးကွက်ဆုံးရှုံးမှုတွေကို အကောင်း ဆုံးကုစားပေးနိုင်မယ့် ထိရောက်မှုရှိတဲ့ စည်းမျဉ်းစည်းကမ်းများကို ချမှတ်သွားရမယ်လို့ ဖော်ပြထားပါတယ်။

အရည်အသွေးမြင့်မားတဲ့   ဖွံ့ဖြိုးတိုးတက်မှုကို  အားပေးမြှင့်တင်ဖို့ဆိုရင် ထောက်ပံ့ရေးကဏ္ဍရဲ့ ဖွဲ့စည်းတည်ဆောက်ပုံကိုပြုပြင် ပြောင်းလဲဖို့၊    မက်လုံးပေး ဆွဲဆောင်မှုများ ပိုမိုဖွံ့ဖြိုးတိုးတက်လာ စေဖို့၊   အမှန်တကယ်ဖွံ့ဖြိုး တိုးတက်မှုအတွက်   မောင်းနှင်အားအသစ်များနဲ့ စွမ်းပကားအသစ်များ ဖန်တီးဖို့   ဗဟိုကော်မတီက တိုက်တွန်းထားပါတယ်။

နောက်တစ်ခုက    ဘက်ပေါင်းစုံမှာ တီထွင်ဖန်တီးနိုင်မှု စွမ်းရည်တွေ တိုးတက်လာစေဖို့ကို ကူညီထောက်ပံ့ပေးနိုင်ဖို့ပါ။ ဒီလိုမျိုးတိုးတက်မှုကို  ပံ့ပိုးပေးနိုင်စေဖို့အတွက်ဆိုရင်   ပညာရေး၊  သိပ္ပံနဲ့ နည်းပညာဆိုင်ရာ ဖွဲ့စည်းပုံ၊ ပါရမီရှင်များဖွံ့ဖြိုးတိုးတက်မှု အဖွဲ့အစည်းဆိုင်ရာ ဖွဲ့စည်းပုံတွေကို   နက်နက်ရှိုင်းရှိုင်းနဲ့ဘက်စုံပြုပြင်ပြောင်းလဲမှုတွေ လုပ်ရမယ်လို့ ဆိုထားပါတယ်။

တရုတ်နိုင်ငံဟာ လက်ရှိအခြေအနေမှာကိုပဲ တီထွင်ဖန်တီးနိုင်စွမ်းတွေက တခြားကမ္ဘာ့နိုင်ငံတွေနဲ့   ယှဉ်ပြိုင်နိုင်နေတဲ့ အနေအထားပါ။ ဒီအနေအထားကိုမှ  ပိုမိုဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ စီမံချက်တွေရေးဆွဲ ချမှတ်ထားတာဟာ သူတို့ရဲ့အမြော်အမြင်ကို  အရှင်းသား မြင်နေရတာလို့ဆိုရပါလိမ့်မယ်။

ဒါ့အပြင် နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုး တိုးတက်ဖို့အတွက်  မက်ခရိုစီးပွားရေးကလည်း အင်မတန်မှအရေးပါပါတယ်။ ဒါကြောင့် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီက မက်ခရိုစီးပွားရေး အုပ်ချုပ်မှုစနစ် ပိုမိုတိုးတက်စေဖို့ကို အကောင်အထည်ဖော်ရမယ့် ကဏ္ဍတစ်ခုအနေနဲ့ ထည့်သွင်းထားပါတယ်။

ဒီကဏ္ဍမှာတိုးတက်စေဖို့အတွက် ဆိုရင် ဘဏ္ဍာရေး၊ ငွေကြေး၊ အခွန်နဲ့ တခြားအရေးပါတဲ့ နယ်ပယ်တွေမှာ  ပေါင်းစပ်ပြုပြင်ပြောင်းလဲမှုတွေ လုပ်ရမယ့်အပြင် အမျိုးသား မဟာဗျူဟာမြောက်စီမံကိန်း ရေးဆွဲရေးစနစ်နဲ့ မူဝါဒပေါင်းစပ်မှု ယန္တရားတွေကို တိုးတက်အောင်လုပ်ခြင်းနဲ့အတူ မက်ခရိုမူဝါဒ တစ်သမတ်တည်းဖြစ်ရေး အားပေးမြှင့်တင်မှုတွေကိုလည်း လုပ်ဆောင်ရမယ်လို့ ဆိုထားတာကို တွေ့ရပါတယ်။

မြို့ပြနဲ့ကျေးလက်ဒေသ အတူတကွ ဖွံ့ဖြိုးတိုးတက်ရေးကလည်း လူတန်းစားကွာဟမှုကို လျှော့ချရေးနဲ့ တန်းတူညီမျှ ဖွံ့ဖြိုးတိုးတက်ရေးအတွက်   အရေးပါပါတယ်။ ဒီအတွက် ကွန်မြူနစ်ပါတီက မြို့ပြနဲ့ကျေးလက်ကြားမှာ  ထုတ်ကုန်သွင်းအားစုတွေ အညီအမျှနဲ့အပြန်အလှန် စီးဆင်းလည်ပတ်စေဖို့အတွက် တွန်းအားပေးသွားရမယ်လို့ ဆိုပါတယ်။ မြေယာစနစ်ပြုပြင်ပြောင်းလဲမှုကိုလည်း   ပိုမိုနက်ရှိုင်းအောင် လုပ်ဆောင်သွားရလိမ့်မယ်လို့ ပြောထားပါသေးတယ်။

တရားဥပဒေစိုးမိုးရေးအတွက်ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အညီ အပြည့်အဝအကောင်အထည် ဖော်ရမယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကပေးအပ်ထားတဲ့ လုပ်ပိုင်ခွင့်အာဏာကို စွဲကိုင်ထိန်းသိမ်းရမယ်။

အားထားယုံကြည်ရလောက်တဲ့ဥပဒေပြုရေး၊ တရားဥပဒေစိုးမိုးရေး၊ တရားစီရင်ရေး၊ ဥပဒေကိုစောင့်ထိန်း လိုက်နာရေးတို့ ပိုမိုတိုးတက်စေဖို့အတွက်   ပြုပြင်ပြောင်းလဲမှုတွေကို ပေါင်းစည်းဆောင်ရွက်ရမယ်။ တရားဥပဒေရှေ့မှောက်မှာ အားလုံးကိုညီတူညီမျှရှိစေမယ့် ယန္တရားတွေ ပိုမိုတိုးတက်ကောင်းမွန်ရမယ်လို့ ဆိုထားပါတယ်။

တစ်ဆက်တည်းမှာပဲ  ပြည်သူများ ချမ်းသာသုခရရှိစေရေးအတွက် ဝင်ငွေတိုးတက်များပြားစေမယ့် စနစ်၊ အလုပ်အကိုင်ရရှိရေး ဦးစားပေးမူဝါဒနဲ့ လူမှုဖူလုံရေးစနစ်တို့ကို ပိုမိုတိုးတက်အောင်လုပ် ဆောင်ပြီး ဆေးဘက်ဆိုင်ရာနဲ့ ကျန်းမာရေးစောင့်ရှောက်မှု စနစ်များကို ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ကာ လူဦးရေတိုးတက်ရေးကိစ္စ အဆင်ပြေချောမွေ့စေရေးနဲ့ ဆက်စပ်ဝန်ဆောင်မှု လုပ်ငန်းများ ပံ့ပိုးပေးနိုင်ရေးတို့အတွက် စနစ်တွေကို ပိုမိုတိုးတက်အောင် လုပ်ရမယ်လို့လည်း ဗဟိုကော်မတီကလုပ်ငန်းစဉ် ချမှတ်ပေးထားပါသေးတယ်။

ဒီကနေ့ကမ္ဘာ့နိုင်ငံများဟာ ကာဗွန်ကင်းစင်ကမ္ဘာကြီးကို တည်ဆောက်နိုင်ဖို့အတွက် ကိုယ်စီကြိုးစား အားထုတ်နေကြတာပါ။ အဲဒီထဲမှာ တရုတ်နိုင်ငံသည်လည်း ထိပ်ဆုံးကပါဝင်ပါတယ်။ ဒီအတွက်ကိုတော့ ဂေဟစနစ်ထိန်းသိမ်းရေး ဆိုတဲ့အစီအစဉ်ထဲမှာ   လုပ်ဆောင်ရမယ့် အရာတွေကို ထည့်သွင်းထားပါတယ်။

ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေး၊ ညစ်ညမ်းမှုလျှော့ချရေး၊ အစိမ်းရောင် စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေး၊ ရာသီဥတုပြောင်းလဲမှုကို တက်ကြွစွာတုံ့ပြန်ရေး၊ ရေပြင်ပြာပြာများနဲ့ တောင်တန်းစိမ်းစိမ်းကြီးတွေက တန်ဖိုးမဖြတ်နိုင်တဲ့ ပိုင်ဆိုင်မှုတွေဖြစ်တယ်ဆိုတဲ့ အခြေခံသဘောတရားကို ကောင်းစွာအသုံးချရေးအတွက် စနစ်များနဲ့ယန္တရားများ တိုးတက်ဖွံ့ဖြိုးစေဖို့ လျင်မြန်စွာ လှုပ်ရှားရေးတို့ကို ပေါင်းစပ်ဆောင်ရွက်ရမယ်လို့ ဆိုပါတယ်။

အမျိုးသားလုံခြုံရေးနဲ့  နိုင်ငံတော် ကာကွယ်ရေးကတော့ တရုတ်နိုင်ငံရဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်မှုအတွက် ပဓာနကျတဲ့နေရာကနေ  ပါဝင်နေပါတယ်။

တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် ဆိုရင် ၂၀၂၇ ခုနှစ်အရောက်မှာ ဖွဲ့စည်းတည်ထောင်မှု  နှစ် ၁၀၀ ပြည့်မှာပါ။ အဲဒီအတွက်လည်း ရည်မှန်းချက်တွေ ချမှတ်ထားပြီး ချမှတ်ထားတဲ့ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်သွားမှာ ဖြစ်တယ်လို့ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီက ထုတ်ပြန်ထားပါတယ်။

ရည်မှန်းချက်တွေထဲမှာတော့ တပ်မတော်ကိုပြုပြင်ပြောင်းလဲမှုတွေကနေ တစ်ဆင့် အင်အားတောင့်တင်းခိုင်မာစေမယ့် မဟာဗျူဟာကို အပြည့်အဝကျင့်သုံး အကောင်အထည်ဖော်သွားမယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင် တပ်မတော်အပေါ် ပါတီရဲ့အကြွင်းမဲ့ခေါင်းဆောင်မှု ဆက်လက်တည်ရှိနေစေရေး အတွက် လုပ်ဆောင်ဖို့ကိုလည်း ဗဟိုကော်မတီက တိုက်တွန်းထားပါသေးတယ်။

တကယ်တမ်းမှာ   တရုတ်နိုင်ငံရဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်မှုဆိုတာက ငြိမ်းချမ်းစွာ  ဖွံ့ဖြိုးတိုးတက်မှုကို ခေတ်နဲ့အညီတိုးတက်မှုရှိအောင် လုပ်ဆောင်ခြင်းသာဖြစ်ပါတယ်။  ဒီအတွက်အရေးကြီးတဲ့ ပြည်ပနိုင်ငံများနဲ့ဆက်ဆံရေးမှာဆိုရင် တရုတ်နိုင်ငံက  သီးခြားလွတ်လပ်သော ငြိမ်းချမ်းတဲ့  နိုင်ငံခြားရေးမူဝါဒကို ဆက်လက်စွဲကိုင်ကာ မျှဝေသောအနာဂတ်နဲ့အတူ လူ့အဖွဲ့အစည်းကို ဖွံ့ဖြိုးတိုးတက်အောင် စွမ်းဆောင်သွားမယ်လို့ ဗဟိုကော်မတီက အလေးပေး ပြောထားတာကိုလည်း တွေ့ရပါတယ်။

တရုတ်နိုင်ငံဟာ ဖွံ့ဖြိုးဆဲနိုင်ငံစာရင်းဝင်အဖြစ်မှာသာ ရှိနေသေးပေမယ့်လည်း သူတို့ရဲ့    ဖွံ့ဖြိုးတိုးတက်မှုအတွက် စွမ်းဆောင်ရည်ကတော့ အံ့မခန်းလောက်အောင်ပါပဲ။ နည်းပညာပိုင်းဆိုင်ရာမှာ ဆိုရင်လည်း ကမ္ဘာနဲ့အညီရင်ပေါင်တန်းနိုင်တယ်။ စစ်အင်အားမှာဆိုရင်လည်း ကမ္ဘာ့ထိပ်တန်း အဆင့်ဝင်ဖြစ်တယ်။ စီးပွားရေးမှာကတော့    လျင်မြန်မှုရှိစွာ အရှိန်အဟုန်နဲ့ အအောင်မြင်ဆုံး ကမ္ဘာ့ စီးပွားရေး အင်အားကြီးနိုင်ငံဖြစ်ပါတယ်။

ဒီလိုမျိုးအဘက်ဘက်က   ဖွံ့ဖြိုးတိုးတက်မှုတွေ၊  အောင်မြင်မှုတွေရရှိအောင် စွမ်းဆောင်ထားနိုင်တာက တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီရဲ့ ဦးဆောင်လမ်းညွှန်မှု၊ သက်ဆိုင်ရာအလွှာ အသီးသီးမှ တာဝန်ရှိသူများရဲ့ အကောင်အထည်ဖော်မှု၊   တရုတ်ပြည်သူများရဲ့ တစ်ပြေးညီ   လိုက်ပါ လုပ်ဆောင်မှုတို့ကြောင့်သာဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ တရုတ်ကွန်မြူနစ် ပါတီဟာ နိုင်ငံတော်ရဲ့ကဏ္ဍ အသီးသီးမှာ အခုထက်ပိုပြီး   ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် အကြိမ် (၂၀) မြောက်  ဗဟိုကော်မတီရဲ့ တတိယအကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးမှာ ရည်မှန်းချက်တွေ၊  မျှော်မှန်းချက်တွေ၊  ရေတို၊ ရေရှည်   အကောင်အထည်ဖော်ရမယ့် စီမံကိန်းတွေကို  ဆုံးဖြတ်ချက်တစ်ရပ် အနေနဲ့ ထည့်သွင်းအတည်ပြုလိုက်ခြင်းဟာ နိုင်ငံတော်အတွက်  တိုးတက်မှုနဲ့ဖွံ့ဖြိုးမှုဆီ ထာဝရဦးတည်နေတဲ့ သူတို့ရဲ့ အမြော်အမြင်ကို အထင်းသားမြင်တွေ့ နေရကြောင်း ရေးသား တင်ပြလိုက်ရပါတယ်။  ။

Ref: Xinhua