ဟားမက်နိုင်ငံရေးခေါင်းဆောင် လုပ်ကြံခံရမှုက မီးလောင်ရာကို ပင့်ပေးမယ့် လေတစ်စ

 

ဟားမက်နိုင်ငံရေးခေါင်းဆောင် လုပ်ကြံခံရမှုက မီးလောင်ရာကို ပင့်ပေးမယ့် လေတစ်စ

 

     ပြီးခဲ့တဲ့ ဇူလိုင်လ နောက်ဆုံးပတ်ကတော့ အရှေ့အလယ်ပိုင်းဒေသမှာ  တော်တော်လေးကို အပူတွေများခဲ့ပါတယ်။  ရာသီဥတုကြောင့် ပူပြင်းတာတော့ မဟုတ်ပါဘူး။

ဒေသတွင်းမှာ တင်းမာမှုတွေက တစ်နေ့တခြားမြင့်တက်လာတာကြောင့် ဘယ်တော့များ မီးကုန်ယမ်းကုန်စစ်ပွဲကြီး စတင်ဖြစ်ပွားလာမလဲလို့  ရင်တထိတ်ထိတ်နဲ့ စောင့်စားနေရတာကြောင့်ပါ။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက အမေရိကန်နိုင်ငံကို ချစ်ကြည်ရေး ခရီးသွားတယ်။ အဲဒီခရီးစဉ်အတွင်း အမေရိကန်ကွန်ဂရက်မှာ မိန့်ခွန်းပြောခဲ့ရုံသာမက ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံလိုက်ပါသေးတယ်။

နေတန်ယာဟုရဲ့ခရီးစဉ်က အစ္စရေးအနေနဲ့ လက်ဘနွန်အကြမ်းဖက် အုပ်စုလို့ သတ်မှတ်ခံထားရတဲ့   ဟစ်ဇဘိုလာတို့ အပေါ် ရွက်ကုန်ဖွင့် တိုက်စစ်ဆင်ဖို့အတွက် အမေရိကန်ဆီက ခွင့်ပြုချက်သွားတောင်းသလို အမေရိကန်တို့ကလည်း ခွင့်ပြုလိုက်ဖွယ်ရှိတယ်လို့     ကျွမ်းကျင်ပညာရှင် တော်တော်များများက သုံးသပ်ပါတယ်။

ဇူလိုင်လ  ၂၇ ရက်မှာ အစ္စရေးတို့ သိမ်းပိုက်ထားတဲ့ ဂိုလန်ကုန်းမြင့်ဒေသရှိ မာဂျဒယ်ရှမ်းဆိုတဲ့ကျေးရွာရဲ့ ဘောလုံးကွင်းအတွင်းကို  ဒုံးကျည်တစ်စင်း ကျရောက်ပေါက်ကွဲတယ်။   ကလေးငယ်  ၁၂ ဦးသေဆုံးပြီး လူ ၆၀ ဒဏ်ရာရတယ်။

နေတန်ယာဟုက  အမေရိကန်ခရီးစဉ်ကနေ  အစောကြီးပြန်ရောက်လာတယ်။ အဲဒီနောက်ပိုင်း အစ္စရေးအစိုးရဆီကနေ ထုတ်ပြန်ချက်တွေ တသီကြီးထွက်လာတော့တာပါပဲ။

အဲဒီထုတ်ပြန်ချက်တွေမှာ ပြောထားတာက ဒီဒုံးကျည်ကို ဟစ်ဇဘိုလာတို့က ပစ်လွှတ်လိုက်တာဖြစ်တယ်။    အဲဒီဒုံးကျည်ကို အီရန်က ထုတ်လုပ်တယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အစ္စရေးတပ်မတော်က ပြင်းပြင်းထန်ထန် တုံ့ပြန်တိုက်ခိုက် သွားမယ်ဆိုပြီးတော့ဖြစ်ပါတယ်။

ဟစ်ဇဘိုလာတို့ကတော့ သူတို့အပေါ် စွပ်စွဲချက်တွေကိုငြင်းဆန်တာပေါ့။ လက်ဘနွန်တာဝန်ရှိသူတွေကလည်း  အဲဒီဒုံးကျည်ဟာ တကယ်တမ်းမှာ အစ္စရေးလေကြောင်းရန်ကာကွယ်ရေးဒုံးကျည်ဖြစ်တယ်လို့ ခန့်မှန်းကြတယ်။ တစ်ချိန်တည်းမှာပဲ ဒီဖြစ်စဉ်ဟာ ဒရာမာခင်းတဲ့ လုပ်ဇာတ်တစ်ခုသာဖြစ်တယ်လို့   အီရန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်လာပါတယ်။

မြေပြင်မှာတော့ အပြစ်မဲ့ပြည်သူများဟာ ဘယ်ကကျလာမှန်းမသိတဲ့ ဒုံးကျည်ပေါက်ကွဲမှုကြောင့်  အသက်တွေဆုံးရှုံးခဲ့ရပေမယ့် ဒီတိုက်ခိုက်မှုကို ဘယ်သူတွေ လုပ်တာလဲဆိုတာ အခုအချိန်အထိတော့ အဖြေမပေါ်သေးပါဘူး။

ဇူလိုင်လ ၃၀ ရက်  ညနေခင်းတစ်ခုမှာ လက်ဘနွန်နိုင်ငံ  ဘေရွတ်မြို့ဆင်ခြေဖုံး ရပ်ကွက်တစ်ခုကို    အစ္စရေးတပ်မတော်က တိုက်ခိုက်မှု တစ်ခုလုပ်ပါတယ်။ ဒီတိုက်ခိုက်မှုဟာ အတိအကျပစ်မှတ်ထားတဲ့ လုပ်ကြံသတ်ဖြတ်မှု စစ်ဆင်ရေးတစ်ခုဖြစ်တယ်လို့ အစ္စရေးက အတိအလင်းကို   ပြောထားပါတယ်။

ဒီစစ်ဆင်ရေးရဲ့အဓိကပစ်မှတ်က ဟစ်ဇဘိုလာ စစ်ဘက်ခေါင်းဆောင်များအနက် တစ်ဦးဖြစ်တဲ့  ဖူအတ်ရှူခါဖြစ်ပြီး သူက အပေါ်မှာပြောခဲ့တဲ့ဒုံးကျည် ပစ်ခတ်တိုက်ခိုက်မှုအတွက် တာဝန်ရှိသူဖြစ်တယ်လို့ အစ္စရေးဘက်က ထုတ်ပြန်ထားပါတယ်။

အစ္စရေးတို့ရဲ့အတိအကျပစ်မှတ်ထားတဲ့ လုပ်ကြံသတ်ဖြတ်မှု စစ်ဆင်ရေးမှာ အနည်းဆုံးလူ ၁၀ ဦးသေဆုံးပြီး ၇၅ ဦးလောက်က ဒဏ်ရာရရှိသွားပါတယ်။

လက်ဘနွန်နိုင်ငံရဲ့မြို့တော်မှာ အစ္စရေးက ဒီလိုမျိုးတိုက်ခိုက်မှုတွေလုပ်တာဟာ အခုမှ ပထမဆုံးမဟုတ်ပါဘူး။  ဒီနှစ်အစောပိုင်းတုန်းကလည်း ဟားမက်တို့ရဲ့နိုင်ငံရေး ဗျူရို ဒုတိယအကြီးအကဲ ဆာလေးအယ်အာရိုရီကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှု လုပ်ခဲ့ပါသေးတယ်။

အခု ဟစ်ဇဘိုလာအဖွဲ့ အတွင်းရေးမှူးချုပ် ဟက်ဆန်နာဆရယ်လာရဲ့ အဓိကလက်ရုံးတစ်ခုဖြစ်တဲ့  ဖူအတ်ရှူခါ လုပ်ကြံခံလိုက်ရတာဟာ   တင်းမာမှုတွေကိုမြင့်တက်စေခဲ့ပေမယ့်   လက်ဘနွန်နဲ့ အစ္စရေးတို့ကြား မီးကုန်ယမ်းကုန်စစ်ပွဲ ဖြစ်ရလောက်တဲ့အထိ မဟုတ်ပါဘူး။

ဒါပေမဲ့ ဇူလိုင်လ ၃၁ ရက်မှာ ဟားမက်အဖွဲ့ရဲ့ နိုင်ငံရေးဗျူရိုအကြီးအကဲ အစ္စမေးဟားနီယေးတစ်ယောက် လုပ်ကြံခံလိုက်ရတယ်ဆိုတဲ့ သတင်းက လက်ရှိဖြစ်ပွားနေတဲ့ တင်းမာမှုတွေအပေါ် မီးလောင်ရာလေပင့် ပေးလိုက်သလိုပါပဲ။

အစ္စမေးဟားနီယေးဟာ  အီရန်သမ္မတ အသစ်ရဲ့ကျမ်းကျိန်ပွဲကို လာတက်နေစဉ် အီရန်မြေပေါ်မှာပဲ လုပ်ကြံခံလိုက်ရတာပါ။

အစ္စမေးဟားနီယေးအနေနဲ့ သူတည်းခိုရာ နေရာမှာရှိနေစဉ်   အစ္စရေးတို့ရဲ့ လုပ်ကြံခြင်းကို ခံလိုက်ရတာဖြစ်တယ်လို့ နောက်တစ်ရက်မှာ ဟားမက်တို့က အတည်ပြုထုတ်ပြန်လိုက်ပါတယ်။

အစ္စမေးဟားနီယေးဆိုတာ အမေရိကန်၊ အစ္စရေး၊ အီဂျစ်၊  ကာတာနဲ့ဟားမက်တို့ပါဝင်တဲ့  ဂါဇာဒေသအပစ်အခတ် ရပ်စဲရေးဆွေးနွေးပွဲမှာ  ဟားမက်ဘက်ကနေ ပါဝင်ဆွေးနွေးနေတဲ့ အဓိကခေါင်းဆောင်တစ်ဦးပါ။ သူ့အနေနဲ့  အခုလိုမျိုး လုပ်ကြံခံလိုက်ရပြီဆိုခြင်းက အခြေအနေတစ်ခုဟာ နောက်ပြန်လှည့်လို့မရတဲ့နေရာကို  ဖြတ်ကျော်လိုက်သလိုဖြစ်သွားပါပြီ။

လုပ်ကြံခံရတဲ့နေရာက  အီရန်နိုင်ငံရဲ့ မြို့တော် တီဟီရန်မှာဖြစ်နေခြင်းကလည်း အခြေအနေတွေကိုပိုပြီး ရှုပ်ထွေးသွားစေပါတယ်။ အီရန်နိုင်ငံဟာ လက်ရှိဖြစ်ပွားနေတဲ့ အရှေ့အလယ်ပိုင်း အရေးတော်တော်များများမှာ ရှေ့ထွက်လာခြင်းမရှိဘဲ လက်ရှောင်နေခဲ့တာပါ။ အခုတော့ သူ့ရဲ့ဂုဏ်သတင်းကို အဖတ်ဆယ်ဖို့၊    နောက်နောင်တွေမှာ အလားတူ   ဖြစ်စဉ်မျိုးမဖြစ်စေဖို့အတွက် ရှေ့ကိုမဖြစ်မနေ   ထွက်လာရတော့မယ့် အခြေအနေဖြစ်သွားပါပြီ။

အစ္စမေးဟားနီယေးကို သူတို့ကလုပ်ကြံ တိုက်ခိုက်လိုက်ပါတယ်လို့တော့ အစ္စရေးတို့က အတိအလင်းထုတ်ပြန်ထားခြင်း မရှိသလို ဟားမက်တို့ရဲ့ စွပ်စွဲချက်ကိုလည်း  ငြင်းဆိုထားခြင်းမရှိပါဘူး။ ဒီတော့  ဆိတ်ဆိတ်နေခြင်းက စွပ်စွဲချက်တွေ မှန်ကန်ကြောင်း အစ္စရေးတို့က ဝန်ခံနေသလိုပါပဲ။

အခုဖြစ်စဉ်ကို  ဒေသတွင်းနိုင်ငံများကသာမက ရုရှားနဲ့တရုတ်တို့လိုမျိုး ကမ္ဘာ့နိုင်ငံတချို့ကပါ အပြစ်တင်ရှုတ်ချထားပါတယ်။ အများစုကတော့   ဒီလိုမျိုးနိုင်ငံရေးအရ လုပ်ကြံမှုဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ပျက်စီးစေပြီး ဒေသတွင်းမှာ ပဋိပက္ခတွေကိုသာ ပိုမိုမြင့်တက်လာစေလိမ့်မယ်လို့ ဆိုထားကြတာပါ။

တစ်ချိန်တည်းမှာပဲ   ဟားမက်တို့က သာမက အီရန်နိုင်ငံကပါ  အစ္စရေးကို လက်တုံ့ပြန်တိုက်ခိုက်မှုတွေ   လုပ်သွားမယ်လို့ တရားဝင် ထုတ်ပြန်လာပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့လည်း အီရန်က အစ္စရေးကို အကြီးအကျယ်တိုက်ခိုက်မှုတွေ   လုပ်လာနိုင်တယ်လို့ အမေရိကန် တာဝန်ရှိသူတွေက သတိပေးထားပါသေးတယ်။

အစ္စရေးအနေနဲ့ဒေသတွင်းမှာ သူ့အပေါ် ဆန့်ကျင်တဲ့အဖွဲ့တွေအပေါ်  သဘောထား တင်းမာနေရတဲ့ အဓိကအကြောင်းရင်း သုံးရပ်ရှိပါတယ်။ ပထမအကြောင်းရင်းက သူ့အပေါ်ဆန့်ကျင်တဲ့အဖွဲ့တွေကို တိုက်ခိုက်ခြင်းအားဖြင့် အစ္စရေးနိုင်ငံအပေါ်  ကျရောက်လာနိုင်တဲ့အန္တရာယ်တွေလျော့ပါးစေဖို့ပါ။

ဒုတိယအကြောင်းရင်းက  ပြည်တွင်းမှာရင်ဆိုင်နေရတဲ့ နိုင်ငံရေး အကျပ်အတည်းတွေ၊ အစိုးရအပေါ်ပြည်သူလူထုရဲ့ မကျေနပ်မှုတွေကနေရှောင်ရှားပြီး    အစိုးရအဖွဲ့ရဲ့ ရပ်တည်မှုနေရာကို ပိုမိုခိုင်မာစေဖို့ဖြစ်ပါတယ်။ တတိယအကြောင်းရင်းက လက်ယာစွန်းရောက်များက ပါလက်စတိုင်းကို  နိုင်ငံတစ်နိုင်ငံအဖြစ် မရောက်လာစေဖို့အတွက် ဖြစ်ပါတယ်။

အစ္စရေးတို့က အခုတိုက်ခိုက်မှုကို လုပ်ရတဲ့နောက်ကွယ်က အဓိက အကြောင်းရင်းကြီးတစ်ခုရှိပါသေးတယ်။  အဲဒါကတော့ တရုတ်နိုင်ငံပေကျင်းမြို့မှာ ပါလက်စတိုင်းဒေသရှိ အဖွဲ့အစည်း အသီးသီးကြားရရှိခဲ့တဲ့ သဘောတူညီချက်ကို ပျက်ပြားစေဖို့ပါပဲ။

အဲဒီသဘောတူညီချက်မှာ ဖော်ပြထားတာက   ပါလက်စတိုင်းရှိ  အဖွဲ့အစည်းအသီးသီးအနေနဲ့   ညီညွတ်ရေးအစိုးရ တစ်ရပ်ကိုဖွဲ့စည်းဖို့ဖြစ်ပါတယ်။ အဲဒီအစိုးရအဖွဲ့မှာ ဟားမက်အဖွဲ့ အထူးသဖြင့် အစ္စမေးဟားနီယေးက  အဓိကကျတဲ့ အခန်းကဏ္ဍမှာပါဝင်နေပါတယ်။

အခုလိုမျိုးအစ္စမေးဟားနီယေးကို လုပ်ကြံလိုက်နိုင်ပြီဆိုတော့  နောင်မှာပါလက်စတိုင်းဒေသအတွင်း     အစိုးရဖွဲ့မယ့်သူတွေကိုလည်း အလားတူဖြစ်စဉ်မျိုးနဲ့ ရင်ဆိုင်ရလိမ့်မယ်ဆိုပြီး အစ္စရေးက အကြောက်တရားနဲ့ ခြိမ်းခြောက်လိုက်တာလည်း ဖြစ်ပါလိမ့်မယ်။

တကယ်လို့များ နေတန်ယာဟုအနေနဲ့ လက်ဘနွန်နိုင်ငံအတွင်းကို   တိုက်ခိုက်ဖို့အတွက် အမေရိကန်ရဲ့ အတည်ပြုချက်မရသေးဘူးလို့ သုံးသပ်ရမယ်ဆိုရင် အခုလိုမျိုး လုပ်ကြံလိုက်ခြင်းအားဖြင့် အီရန်၊ ဟစ်ဇဘိုလာနဲ့ ဟားမက်တို့က လက်တုံ့ပြန် တိုက်ခိုက်မှုတွေလုပ်လာပါက ဒီအခြေအနေဟာ အစ္စရေးတို့အတွက်  လက်ဘနွန်ကို ကျူးကျော်တိုက်ခိုက်ဖို့ အကြောင်းပြချက်ကောင်း တစ်ခုဖြစ်လာနိုင်ပါတယ်။

အစ္စရေးက ဟားမက်အဖွဲ့ရဲ့ခေါင်းဆောင်ပိုင်းတွေကို    လုပ်ကြံသတ်ဖြတ်မှုတွေ လုပ်ဆောင်ထားခြင်း၊  အီရန်မြေပေါ်အထိသွားပြီး  အောင်မြင်စွာ လုပ်ကြံနိုင်ခြင်းတို့ဟာဟားမက်၊   ဟစ်ဇဘိုလာနဲ့  အီရန်တို့ရဲ့ ပူးပေါင်း လက်စားချေမှုကို    မဖြစ်မနေ ထွက်ပေါ်လာစေမှာပါ။

ဒီလိုအခြေအနေမျိုးမှာ   အမေရိကန်အနေနဲ့   အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကို လက်မခံလို့မရတော့သလို အစ္စရေးကိုစစ်ရေး အကူအညီတွေမဖြစ်မနေ ပေးရမယ့်အနေအထား ဖြစ်လာနိုင်ပါတယ်။ နောက်တစ်ခုက အခုလိုမျိုးအစ္စရေးတို့က အစ္စမေးဟားနီယေးကို လုပ်ကြံမှုအပေါ်    အမေရိကန်တို့က တရားဝင် အပြစ်တင်လို့မရပါဘူး။

ဘာကြောင့်လဲဆိုရင် အစ္စရေးက ဂါဇာကို ကွက်စိပ်တိုက်ဗုံးကြဲပြီး ကျူးကျော်ဝင်ရောက် တိုက်ခိုက်မှုတွေ လုပ်တုန်းက ပါလက်စတိုင်းပြည်သူထောင်ပေါင်းများစွာ သေဆုံးခဲ့တဲ့အတွက် အဲဒီလိုလုပ်မယ့်အစား ဟားမက်ခေါင်းဆောင်ပိုင်းတွေကို  အဓိကပစ်မှတ်ထားပြီး သုတ်သင်ရှင်းလင်းဖို့ အမေရိကန်က အကြံပြုခဲ့တဲ့အတွက်ပါ။

အစ္စမေးဟားနီယေး လုပ်ကြံမခံရခင်က အစ္စရေးနဲ့ ဟားမက်တို့ကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိလုနီးပါးအခြေအနေပါ။ အခုတော့ အဲဒီအခြေအနေတွေအားလုံးက   ပြောင်းပြန်ဖြစ်သွားပါပြီ။ နေတန်ယာဟု တစ်ယောက်လည်း တင်းမာမှု မြင့်တက်ပြီး နောက်ပြန်လှည့်မရတော့တဲ့ အလှည့်အပြောင်းတစ်ခုကို ရွေးချယ်လိုက်ပါပြီ။

ဒါကြောင့်   အဆုံးသတ်အနေနဲ့ပြောရမယ်ဆိုရင်   အရှေ့အလယ်ပိုင်းအရေး အထူးသဖြင့် အစ္စရေးနဲ့ ဆန့်ကျင်ရေးအဖွဲ့ များဖြစ်တဲ့  ဟားမက်၊ ဟစ်ဇဘိုလာတို့ကြားက တင်းမာမှုဟာ နောက်တစ်ဆင့်ကို တက်လှမ်းသွားပါပြီ။

အီရန်မြေပေါ်မှာ   မိတ်ဖက်အဖွဲ့ရဲ့ ခေါင်းဆောင်တစ်ဦး လုပ်ကြံခံလိုက်ရခြင်းကလည်း အီရန်တို့အနေနဲ့ အရှက်ရစရာဖြစ်တဲ့ အတွက်   အီရန်အစိုးရက ဒီအခြေအနေကို ငြိမ်ပြီး  ထိုင်ကြည့်နေမှာ မဟုတ်တာတော့ အသေအချာပါပဲ။ လက်တုံ့ပြန်မှုတွေ မဖြစ်မနေ ပေါ်ပေါက်လာမှာပါ။

အစ္စရေးနဲ့ဟားမက်တို့ကြားက ငြိမ်းချမ်းရေး ဆွေးနွေးပွဲကလည်း  ဒီပုံစံအတိုင်းဆို ပျက်စီးသွားပါပြီ။ ဆွေးနွေးပွဲ ပျက်စီးသွားတဲ့အတွက် စစ်ရေးနည်းလမ်းနဲ့ဖြေရှင်းမှုတွေကို ပိုမိုမြင်တွေ့လာရနိုင်ခြေ ရှိပါတယ်။

ဒီအခြေအနေမှာ ပဋိပက္ခအဖွဲ့ဝင်များ အနေနဲ့  မီးကုန်ယမ်းကုန် စစ်ပွဲဖြစ်ပွားမှုကို ရှောင်ရှားဖို့   အစွမ်းကုန်ကြိုးစားမှသာရပါလိမ့်မယ်။   ဒီလိုသာမဟုတ်ဘူးဆိုရင်တော့ နောက်ဆက်တွဲရလဒ်တွေက အရှေ့အလယ်ပိုင်းဒေသ တစ်ခုလုံးကို အလုံးစုံ ပျက်စီးသွားစေမှာဖြစ်ကြောင်း ရေးသား တင်ပြလိုက်ရပါတယ်။   ။                    

Ref: RT