ရေချိုကိုတန်ဖိုးထား ကမ္ဘာကြီးကိုစောင့်ရှောက်

 

ရေချိုကိုတန်ဖိုးထား ကမ္ဘာကြီးကိုစောင့်ရှောက်

 

ယမန်နေ့မှအဆက်

      ကမ္ဘာကြီး မကျန်းမမာဖြစ်လာနေသည်ကို တချို့က ရာသီဥတုပြောင်းလဲလာပြီ၊ ကမ္ဘာကြီးပူနွေးလာပြီ တိုက်ဖျက်ကြဟု ဆိုနေကြပြန်သည်။

ယခုရာသီဥတုပြောင်းလဲမှု  (Climate  Change) ပဲပြောပြော၊ ကမ္ဘာကြီးပူနွေးမှု  (Global Warming) ပဲပြောပြော တိုက်ဖျက်ကြဆိုလျှင် ဘာကိုတိုက်ကြပြီး ဘာကိုဖျက်ကြမည်နည်း။

တိုက်စရာ  ဘာမှမရှိ၊  ဖျက်စရာလည်း ဘာမှမလိုပါ။  လူသားများကိုယ်တိုင် အနေအထိုင်ဆင်ခြင်ပြီး ဘဝနေနည်းပုံစံ ပြောင်းပေးရန်သာ လိုသည်။

ရာသီဥတုပြောင်းလဲမှု၊  ကမ္ဘာကြီးပူနွေးမှုဆိုသည့် ရောဂါမှာ  လွန်ခဲ့သောနှစ် ၂၇၀ ကျော်က စတင်စွဲကပ်လာသော ရောဂါဖြစ်သည့်အတွက် အပြီးအပိုင်  ရောဂါပျောက်ကင်းရေး ဆိုသည်မှာမလွယ်ပေ။  နောက်ကျနေပြီ။  ရောဂါအခြေအနေ သက်သာကောင်းမွန်လာအောင်ပင်  အတော် လုပ်ယူရမည်။  ဆေးမှန်မှန်သောက်၊  အနေအထိုင်ဆင်ခြင်ပြီး   ရောဂါသက်သာလာအောင် ကုရန်ပင် နောက်ထပ်နှစ်ရာချီ၍ အချိန်ပေးရမည် ဖြစ်သည်။

ဤရောဂါကိုအချိန်မီ ကုသနိုင်လျှင် ကမ္ဘာကြီးသက်တမ်းစေ့ နေသွားရလိမ့်မည်။ ဤကမ္ဘာမြေပေါ်၌  မှီတင်းနေထိုင်ကြသော ပုသူရှည်သူ၊ မည်းသူဖြူသူ၊ ဝသူပိန်သူ၊ ကြီးသူငယ်သူ၊ အာဏာရှိသူ၊ အာဏာမရှိသူ မည်သူမဆို ကမ္ဘာကြီးကိုယ်အပူရှိန် ကျအောင်ဆောင်ရွက်ရန် တာဝန်ရှိသည်။

ဤသို့ဆိုလျှင် ကမ္ဘာကြီးပူနွေးလာသည်၊ ရာသီဥတုပြောင်းလဲလာသည် ဆိုသည်မှာ မည်သည်ကိုဆိုသနည်း။    မည်သည့်အကြောင်းကြောင့် ဤရောဂါဖြစ်လာသနည်း။ ဤရောဂါကြောင့်  ယခု မည်သည့်ဖြစ်ရပ်တွေ ဖြစ်နေသနည်း။ ဤရောဂါသာဆက်ပြီး ကြီးထွားသွားလျှင်  နောင်တွင် မည်သည့်ဆိုးကျိုးများ ကြုံရမည်နည်း။ ဤသို့ဆိုလျှင် ယခု မည်သို့စလုပ်ကြမည်နည်း စသည့်မေးခွန်းပေါင်းများစွာပါသည့် မေးခွန်းစာရွက်ကို ဦးစွာဖြေဆိုကြရပါလိမ့်မည်။

ဤမေးခွန်းများကို လူသားတစ်ဦးချင်းစီက ဖြေကြရမည်။ ကိုယ်စားဝင်ဖြေ၍မရပါ။  ဤမေးခွန်းများကို ဖြေနိုင်ပါမှ၊  အဖြေလည်းမှန်ပါမှ ကမ္ဘာကြီးပူနွေးမှု၊    ရာသီဥတုပြောင်းလဲမှု လျှော့ချရေးစာမေးပွဲကို အောင်မြင်ပါလိမ့်မည်။ ဤစာမေးပွဲကို လူတိုင်းအောင်မှဖြစ်မည်။ စာမေးပွဲ ကျနေသူများနေလျှင်လည်း  ကျန်းမာရေး မကောင်းသော  ကမ္ဘာကြီးက ခွင့်လွှတ်လိမ့်မည် မဟုတ်ပေ။     အောင်မှတ်ရထားသူများကလည်း စာမကျက်သူများကို ဖြေဆိုအောင်မြင်စေရန် ကူညီဖေးမကြရမည်။ 

ယခုပင် စာမေးပွဲကိုဖြေနိုင်အောင် စာကျက်ကြပါစို့-

ကမ္ဘာ့လေထုကြီးကိုလေ့လာမည

      အထက်တွင်ဖော်ပြခဲ့သည့် မေးခွန်းပေါင်းများစွာကို ဖြေဆိုအောင်မြင်ရေးအတွက်   ကမ္ဘာ့လေထုကြီးအကြောင်းကို   ဦးစွာသိထားရန်လိုသည်။

ကမ္ဘာကြီးကို ဓာတ်ငွေ့မျိုးစုံပါဝင်သော လေထုကြီးက လွှမ်းခြုံထားသည်။ လေထုထဲတွင် အောက်ဆီဂျင် သက်သက်ရှိနေခြင်းမဟုတ်။ တခြားသောဓာတ်ငွေ့များလည်း  ရောနေသည်။  ၎င်းတို့မှာ    Nitrogen  (နိုက်ထရိုဂျင်) ၇၈ ရာခိုင်နှုန်း၊ Oxygen (အောက်ဆီဂျင်) ၂၁ ရာခိုင်နှုန်း၊ Argon (အာဂွန်)  သုည  ဒသမ  ၉  ရာခိုင်နှုန်းနှင့် တခြားဓာတ်ငွေ့များ သုည ဒသမ ၁ ရာခိုင်နှုန်း အသီးသီးပါဝင်သည်။ လေထုကို အောက်ပါ အတိုင်း အလွှာငါးလွှာ ခွဲခြားလေ့လာနိုင်သည်။

The Troposphere

    Troposphere အလွှာသည် ကမ္ဘာမြေထုနှင့် အနီးကပ်ဆုံးအလွှာဖြစ်သည်။ ကမ္ဘာမြေမှ ၁၀ မိုင်အတွင်းတွင်ရှိသည်။  အီကွေတာနှင့်နီးသောနေရာတွင် ပို၍ထူသည်။ ဝင်ရိုးစွန်းဒေသများတွင် ပို၍ပါးသည်။ Troposphere  သည် ကမ္ဘာ့လေထု၏ ၇၅ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်း ထိရှိနေသည်။ ဤအလွှာတွင် ရေခိုးရေငွေ့နှင့် ဖုန်မှုန့်များ၊ မီးခိုးပြာမှုန့်များ  အများဆုံးရှိနေသည်။  မိုးတိမ်တိုက်များသည်လည်း   ဤအလွှာ အတွင်းမှာသာရှိသည်။  ဤအလွှာအတွင်းတွင်   အမြင့်ရောက်လေ ပို၍အေးလေဖြစ်သည်။ အပူချိန်မှာ - ၆၀ မှ  ၆၂ ဒီဂရီဖာရင်ဟိုက်ကြား ရှိသည်။

The Stratosphere

      နောက်ထပ်အလွှာတစ်ခုမှာ Stratosphere  ဆိုသောအလွှာဖြစ်သည်။ ၎င်းအလွှာသည် Troposphere  အလွှာ၏ အထက်တွင်ရှိသည်။ ကမ္ဘာ့မြေပြင်မှ ၁၁ မိုင်နှင့် ၃၁ မိုင်ကြားတွင်ရှိသည်။

ဤအလွှာအတွင်းတွင် Ozone (အိုဇုန်း) O3 က အဓိကပါဝင်နေသည်။ O3 သည် အောက်ဆီဂျင်အက်တမ် (atom)သုံးလုံး ပါဝင်နေသောဒြပ်ပေါင်း ဖြစ်သည်။  နေရောင်ခြည်တွင်ပါလာသော   ခရမ်းလွန်ရောင်ခြည် (Ultraviolet)  ကို ကာကွယ်ပေးထားသော အလွှာဖြစ်သည်။ အပူချိန်မှာ ၅ မှ -၆၀ ဒီဂရီဖာရင်ဟိုက်ကြားရှိသည်။

The Mesosphere  

      ၎င်းသည် O3အလွှာကို အပေါ်မှ ထပ်ဖုံးထားသည်။ ကမ္ဘာမြေပြင်အထက် ၃၂ မိုင်မှ ၈၅ မိုင်အတွင်းတွင်ရှိသည်။ အလွန်အေးသောအလွှာဖြစ်သည်။  အပူချိန်မှာ  ၃၂  မှ - ၁၃၀  ဒီဂရီဖာရင်ဟိုက်ကြား ရှိသည်။

The Thermosphere

      The mesosphere  အလွှာပေါ်တွင် Thermosphere အလွှာရှိသည်။ ကမ္ဘာမြေမှ ၈၆ မိုင်မှ ၃၇၂ မိုင်ကြားတွင်ရှိသည်။ ၎င်းအလွှာအတွင်း မြင့်လျှင်မြင့်သလို အပူချိန်မြင့်မားလာသည်။ အပူချိန်မှာ ၉၃၂ မှ ၃၆၃၂ ဒီဂရီဖာရင်ဟိုက်ကြားရှိသည်။

The Exosphere    

      ဤအလွှာသည်  အလွှာအားလုံး၏    အထက်ဆုံးတွင်ရှိသည်။ အာကာသဟုလည်း လူသိများသည်။ ဤအလွှာအတွင်းသို့ရောက်လျှင် ကမ္ဘာမြေဆွဲအား အလွန်နည်းသွားတော့သည်။ ကမ္ဘာမြေမှ ၃၇၂ မိုင်မှ ၆၂၀၀ မိုင်ကြားတွင်ရှိသည်။ အပူချိန်မှာ ၂၇၀၀ ဒီဂရီဖာရင်ဟိုက်ခန့်ထိရှိသည်။

ဤအလွှာအားလုံးတွင် မိမိတို့ကမ္ဘာကြီး၏ ဆိုးမွေကောင်းမွေကို  ဖန်တီး ပေးနေသောအလွှာမှာ  နှစ်လွှာရှိသည်။ ၎င်းတို့မှာ Troposphere   နှင့် Stratosphere အလွှာတို့ဖြစ်သည်။ ကမ္ဘာကြီးနှင့် အနီးဆုံး အလွှာနှစ်ခုဖြစ်သည်။

ဤအလွှာနှစ်ခုကိုရှင်းပြပါမည်။

နေရောင်ခြည်သည် ဖော်ပြခဲ့သော အလွှာများကို ဖောက်ဝင်လာပြီး ကမ္ဘာမြေပေါ်ကို ကျရောက်သည်။ ကျရောက်သောမျက်နှာပြင်ပေါ် မူတည်ပြီး တချို့က အလင်းပြန်သွားသည်။ တချို့က အပူလှိုင်းဖြစ်သွားသည်။

ဆက်လက်ဖော်ပြပါမည်။