ကိုးမိနစ်အားသွင်းရုံဖြင့် မိုင် ၆၀၀ အထိသွားနိုင်ပြီး နှစ်ပေါင်း၂၀ သက်တမ်းရှိမည့် ဆမ်ဆောင်း၏ EV ဘက်ထရီ
တောင်ကိုရီးယားနိုင်ငံမှ နည်းပညာ ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် ဆမ်ဆောင်းက ဘက်ထရီနည်းပညာတွင် ခေတ်ရှေ့ပြေးသည့် နည်းပညာတစ်ခုကို ထုတ်ဖော်ပြသလိုက်ပြီဖြစ်သည်။ အထူးသဖြင့် အစိုင်အခဲပုံစံ ဘက်ထရီများအတွက်ဖြစ်သည်။
ဆမ်ဆောင်း၏အဆိုပါ ဘက်ထရီများ ထုတ်လုပ်ရေးလုပ်ငန်းမှာ လက်ရှိအချိန်တွင် အပြည့်အဝလည်ပတ်ရန် အသင့်ဖြစ်နေပြီဟု ကုမ္ပဏီက ဆိုးမြို့၌ကျင်းပသော SNE Battery Day 2024 ကုန်စည်ပြပွဲတွင် ပြောလာသည်။
“ကျွန်တော်တို့အနေနဲ့ အစိုင်အခဲပုံစံ ဘက်ထရီများကို ၂၀၂၇ ခုနှစ်မှာ ပမာဏအများအပြား ထုတ်လုပ်နိုင်ရေးအတွက် ပြီးခဲ့တဲ့နှစ်မှာ ရှေ့ပြေးထုတ်လုပ်ရေး လုပ်ငန်းကိုစတင်ခဲ့ပါတယ်”ဟု ဆမ်ဆောင်းကုမ္ပဏီက ထုတ်ပြန်ထားသည်။
ထို့ပြင် အဆိုပါ ဘက်ထရီများကို လျှပ်စစ်ကားများတွင် စမ်းသပ် အသုံးပြုနိုင်ရေးအတွက် လျှပ်စစ်ကားထုတ်လုပ်သူများထံသို့ ပို့ဆောင်ထားပြီးဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။
ယင်းကဲ့သို့ လျှပ်စစ်ကား ထုတ်လုပ်သူများထံသို့ ပေးပို့စမ်းသပ်ချက်များအရ ၎င်းတို့ထံမှ အပြုသဘောဆောင်သော သဘောထား မှတ်ချက်များ ရရှိထားသည်ဟုလည်း ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်ကို တွေ့ရသည်။
အဆိုပါစမ်းသပ်မှုများအနက် ထင်ရှားသောအချက်မှာ ဘက်ထရီကို ကိုးမိနစ်ကြာ အားသွင်းရုံဖြင့် လျှပ်စစ်ကားမှာမိုင်ပေါင်း ၆၀၀ ခရီးသွားနိုင်သည့်အပြင် ဘက်ထရီ၏ သက်တမ်းမှာလည်း နှစ်ပေါင်း ၂၀ အထိ ကြာရှည်ခံမည်ဟူသော အချက်ပင်ဖြစ်သည်။
ထိုဘက်ထရီများသည် လက်ရှိလျှပ်စစ်ကားများတွင် အသုံးပြုနေသော လီသီယံအိုင်းယွန်း ဘက်ထရီများထက် အရွယ်အစား ပိုမိုသေးငယ်ခြင်း၊ အလေးချိန်ပိုမိုပေါ့ပါးခြင်းနှင့် ပိုမိုဘေးကင်း စိတ်ချရမှုရှိခြင်းဟူသည့် ဂုဏ်ပုဒ်များကို ပိုင်ဆိုင်ထားသည်။
ယင်းအတွက်ကြောင့် ဆမ်ဆောင်းကုမ္ပဏီက ထုတ်လုပ်လာမည့် ဘက်ထရီများသည် လျှပ်စစ်ကားလုပ်ငန်းကို တစ်ခေတ်ဆန်းသစ်စေမည်ဟု ယူဆရသည်။
|အစိုင်အခဲပုံစံ ဘက်ထရီတွေအားလုံးက ဘက်ထရီတစ်လုံးမှာ အသုံးပြုရတဲ့ အရည်အဖြစ်ပါဝင်သော ဓာတ်ပစ္စည်းများကို အစိုင်အခဲများနဲ့ အစားထိုးလိုက်တာဖြစ်တဲ့အတွက် ဘေးကင်းစိတ်ချရမှုကတော့ ပိုကောင်းပါတယ်။ လက်ရှိထုတ်လုပ်ပြီးသော ဘက်ထရီအံအတွင်း ထည့်လိုက်မယ်ဆိုရင်လည်း အလေးချိန်ပိုမို ပေါ့ပါးပြီး နေရာယူမှုကလည်း ပိုမိုနည်းပါးသွားပါတယ်” ဟု ကုမ္ပဏီက အလေးပေး ဖော်ပြထားသည်။
သို့သော် ထိုသို့သော ဘက်ထရီများကို ထုတ်လုပ်ခြင်းအတွက် ကုန်ကျစရိတ်မှာ လွန်စွာကြီးမြင့်နေသောကြောင့် ကနဦးအနေဖြင့် ယင်းဘက်ထရီများကို အဆင့်မြင့် ဇိမ်ခံတန်ဖိုးကြီး လျှပ်စစ်ကားများတွင်သာ အသုံးပြုနိုင်စေဦးမည် ဖြစ်သည်။
ဆမ်ဆောင်းဘက်ထရီ၏ စွမ်းအင်သိပ်သည်းဆမှာ လက်ရှိအသုံးပြုနေသည့် လျှပ်စစ်ကား ဘက်ထရီများ၏ စွမ်းအင် သိပ်သည်းဆထက် နှစ်ဆနီးပါးပိုများခြင်းကလည်း လျှပ်စစ်ကားများကို ခရီးဝေးပိုမို သွားနိုင်စေသည့် အကြောင်းရင်းများအနက် တစ်ခုဖြစ်လာသည်။
စျေးကွက်အတွင်းရှိ လျှပ်စစ်ကားများအတွက် ဘက်ထရီများ၏ စွမ်းအင်သိပ်သည်းဆမှာ တစ်ကီလိုဂရမ်လျှင် ၂၇၀ ဝပ်နာရီရှိစဉ် ဆမ်ဆောင်းဘက်ထရီ၏ စွမ်းအင်သိပ်သည်းဆမှာ ၅၀၀ ဝပ်နာရီအထိရှိသည်။
ထို့ပြင် ကိုးမိနစ်သာ အားသွင်းရန်လိုသည်ဟူသော အခြေအနေမှာ ဘက်ထရီစွမ်းအင် သုည ရာခိုင်နှုန်းမှ ၁၀၀ ရာခိုင်နှုန်းအထိ အားအပြည့်သွင်းခြင်းကို ဆိုလိုခြင်း မဟုတ်ဘဲ ၁၀ သို့မဟုတ် ၂၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းအထိကို ဆိုလိုခြင်းဖြစ်သည်။
ဘက်ထရီစွမ်းအင် ၈၀ ရာခိုင်နှုန်းနှင့် အထက်ကို အားသွင်းပါက အခြားသော ဘက်ထရီများနည်းတူ ဘက်ထရီ၏ သက်တမ်းရှည်ကြာစေရေးအတွက် အားအဝင်နည်းသွားမည်ဖြစ်သည်။
သို့သော် ထိုကဲ့သို့သော ဘက်ထရီများအတွက် အချိန်တိုအတွင်း လုံလောက်သော ဘက်ထရီစွမ်းအင်ပမာဏကို ရရှိစေမည့် အားသွင်းစက်များ ရှားပါးမှုက စိန်ခေါ်မှုတစ်ရပ် အဖြစ်ရှိနေဆဲဖြစ်သည်။