နော်ဝေက ကမ္ဘာ့အကြီးဆုံးဆိုလာအမိုးကို ဘောလုံးကွင်း၌တပ်ဆင်
နော်ဝေနိုင်ငံက ဒေါင်လိုက်ဆိုလာပြားများ အသုံးပြုထားသည့် ကမ္ဘာ့အကြီးဆုံးဆိုလာအမိုးကို ဘောလုံးကွင်း၏ အမိုးအဖြစ် တပ်ဆင်လိုက်ပြီဖြစ်သည်။
အမျိုးသားဘောလုံးကွင်း၌ တပ်ဆင်ထားသည့် ထိုဆိုလာအမိုးသည် လျှပ်စစ်ဓာတ်အားပမာဏ ၂၄၈ ကီလိုဝပ်ကို ထုတ်လုပ်ပေးနိုင်သည်။
သို့သော် အခြားသောဆိုလာတပ်ဆင်မှုများနှင့် မတူသောအချက်မှာ ထိုဆိုလာ အမိုးတစ်ခုလုံးကို လပေါင်းများစွာ မကြာဘဲ ရက်ပိုင်းအတွင်း တပ်ဆင်ပြီးစီးခြင်းဖြစ်သည်။
ကမ္ဘာ့နိုင်ငံများအနေဖြင့် သန့်ရှင်းစွမ်းအင်ကို ပိုမိုလိုလားလာချိန်တွင် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်များကို ထုတ်ယူအသုံးပြုနိုင်ရေးအတွက် နည်းလမ်းများစွာကို တီထွင်ကြံဆလာခြင်းဖြစ်သည်။
ယခုကဲ့သို့ ဒေါင်လိုက်ဆိုလာပြားများ တပ်ဆင်သည့်နည်းလမ်းကို နော်ဝေနိုင်ငံ အော်စလိုမြို့အခြေစိုက် Over Easy Solar ကုမ္ပဏီက ဖန်တီး တီထွင်ထားခြင်းဖြစ်သည်။
သမားရိုးကျဖြစ်သည့် အလျားလိုက် ဆိုလာပြားများကို တပ်ဆင်ရာတွင် လျှပ်စစ်စွမ်းအင်ပမာဏ အများအပြား ရရှိစေရေးအတွက် နေရာအကျယ်အဝန်း အများအပြား လိုအပ်သည်။
ထို့ပြင် ယင်းဆိုလာပြားများတပ်ဆင်ရန် အခြေခံအဆောက်အဦလည်း ကြီးကြီးမားမား လိုအပ်သည်။ ထို့အတွက်ကြောင့် အလေးချိန်သည်လည်း ပိုမိုများပြားရပြီး နေရာတိုင်းတွင်တပ်ဆင်ရန် အခက်အခဲများ ရှိလာသည်။
ဒေါင်လိုက်ဆိုလာပြားများမှာမူ အလျားလိုက် ဆိုလာပြားများနှင့် နှိုင်းယှဉ်လျှင် တပ်ဆင်ရန်လွယ်ကူသည်။ ဆိုလာပြား အရွယ်အစားကိုလည်း ချုံ့လိုက်နိုင်သည့်အတွက် အလေးချိန်လည်းလျော့ကျသွားသည်။
၎င်း၏အလေးချိန်မှာ တစ်စတုရန်း မီတာလျှင် အလေးချိန် ၁၁ ကီလိုဂရမ်သာရှိတော့သည်။ ထို့ကြောင့် ဒေါင်လိုက်ဆိုလာပြားများကို တပ်ဆင်ရန် ကန့်သတ်ချက်ရှိသော အမိုးများအပေါ်တွင်ပင် အလွယ်တကူ တပ်ဆင်နိုင်ခြင်းဖြစ်သည်။
ဆိုလာပြားများကို ဒေါင်လိုက်ထောင်လိုက်ခြင်းအားဖြင့် ဆိုလာပြား၏မျက်နှာပြင်ကို နှစ်ဖက်ဖြစ်သွားစေပြီး သမားရိုးကျဆိုလာ ပြားများနှင့်နှိုင်းယှဉ်ပါက လျှပ်စစ်ဓာတ်အားနှစ်ဆ ထွက်ရှိစေနိုင်သည်။
ယခုအခါ အဆိုပါဆိုလာပြားများကို ဘောလုံးကွင်းအမိုးတွင် တပ်ဆင်လိုက်နိုင်ခြင်းအားဖြင့် ကမ္ဘာ့အကြီးဆုံး ဒေါင်လိုက်ဆိုလာပြားတပ်ဆင်မှုကို ဖြစ်လာစေခြင်းဖြစ်သည်။
အဆိုပါတပ်ဆင်မှုတွင် အမြင့်ဆုံးဝပ် ၂၀၀ အထိထုတ်ပေးနိုင်သည့် ဆိုလာပြား အချပ်ရေပေါင်း ၁၂၄၂ ချပ်ပါဝင်ပြီး စတုရန်းမီတာ၂၅၀၀ တွင်တပ်ဆင်ထားခြင်းဖြစ်သည်။
ယင်းသို့သော ဆိုလာပြားစုစုပေါင်း၏ နှစ်စဉ်ထုတ်လုပ်ပေးနိုင်သော လျှပ်စစ်ဓာတ်အား ပမာဏမှာ ကီလိုဝပ်နာရီပေါင်း ၂၁၉၀၀၀ အထိ ရှိမည်ဖြစ်သည်။
Over Easy Solar ကုမ္ပဏီသည် အဆိုပါ ဆိုလာပြားများကို တောင်-မြောက်တန်းလျက်ပုံစံဖြင့် အရှေ့ဘက်သို့ ၂၀ ဒီဂရီတိမ်းစောင်းကာ တပ်ဆင်ထားခြင်းဖြစ်သည်။
ထိုသို့သောနည်းလမ်းဖြင့် တပ်ဆင်ထားသည့်အတွက် နေ၏အလင်းရောင်ကောင်းစွာ မရရှိနိုင်သော ဆောင်းရာသီမှာပင်လျှင် အကောင်းဆုံးသော စွမ်းဆောင်ရည်ကိုရရှိစေမည်ဟု ကုမ္ပဏီကထုတ်ပြန်ထားသည်။
ယခုဒေါင်လိုက် ဆိုလာပြားများကို တပ်ဆင်ခြင်းဖြင့် နောက်ထပ်အားသာချက်တစ်ခုမှာ လိုအပ်သည့်အချိန်တိုင်းတွင် အမိုးကို စစ်ဆေးခြင်းနှင့် ပြုပြင်ခြင်းတို့ လုပ်ဆောင်နိုင်ခြင်းဖြစ်သည်။