ရေချိုကိုတန်ဖိုးထား ကမ္ဘာကြီးကိုစောင့်ရှောက်
ယမန်နေ့မှအဆက်
ဤအပူများကို လေထုထဲတွင်ရှိနေသော Carbondioxide(CO2), Methane (CH4), Nitrous Oxide (N2O), Ozone(O3), Chlorofluorocarbons(CFC), Sulfur hexafluoride(SF6) များက စုပ်ယူလိုက်သည်။ ဤသို့ အပူစုပ်ယူထားမှုကြောင့် လူသားနှင့် သက်ရှိသတ္တဝါတို့ ကမ္ဘာမြေပေါ်တွင် နေထိုင်နိုင်ရန် အနွေးဓာတ်ကို ရရှိနေခြင်းဖြစ်သည်။ ဤဓာတ်ငွေ့များက အနွေးဓာတ်ပေးထားသည့် အတွက် နေရောင်မရှိတော့သည့် ညအချိန် လွန်လွန်ကဲကဲ မအေးခြင်းဖြစ်သည်။ ဤဓာတ်ငွေ့များကို Green House Gas (GHG) (မှန်လုံအိမ် ဓာတ်ငွေ့)ဟု ပေါင်း၍ နာမည်ပေးထားသည်။
ဤဓာတ်ငွေ့များ၏ သက်ရောက်မှုကို Green House Gas Effect (မှန်လုံအိမ်အာနိသင်)ဟု ခေါ်သည်။
မှန်လုံအိမ်အာနိသင်ကို ပေးစွမ်းနိုင်သည့် အချိုးအစားများမှာ ဓာတ်ငွေ့အလိုက် မတူကြပေ။ သက်ရောက်နိုင်မှု အချိုးများမှာ-
- ရေနွေးငွေ့နှင့်မိုးတိမ်များ (Vapour) ၃၆-၇၂ ရာခိုင်နှုန်း
- ကာဗွန်ဒိုင်အောက်ဆိုက် (CO2) ၉ - ၂၆ ရာခိုင်နှုန်း
- မီသိန်း (CH4) ၄ - ၉ ရာခိုင်နှုန်း
- အိုဇုန်း (O3) ၃ - ၇ ရာခိုင်နှုန်း
အသီးသီးဖြစ်ကြသည်။
ဖော်ပြခဲ့သောအချိုးများကို လေ့လာလျှင် ရေခိုးရေငွေ့နှင့် မိုးတိမ် ကြောင့် ပူနွေးစေသောအာနိသင်မှာ အမြင့်ဆုံးတွေ့ရမည်။ ဤဖြစ်ရပ်ကြောင့် နေ့ပိုင်းနေပူပြီး ညပိုင်းတိမ်ထူသည့်အခါ ပို၍နွေးသည်။ ပို၍ အိုက်သည်။ အလားတူပင် မိုးမရွာမီ လေထဲတွင် ရေခိုးရေငွေ့ (Humidity) မြင့်မားနေလျှင်လည်း နွေးသည်။ အိုက်သည်။ ပူသည်။ ဤအခြေအနေမှာ သာမိုမီတာတွင်ပြနေသော အပူချိန်ထက် ၂ ဒီဂရီမှ ၃ ဒီဂရီထိပို၍ ပူအိုက်သော ခံစားမှုကို ရရှိတတ်သည်။
သို့သော် ဤရေခိုးရေငွေ့သည် အရည်အဖြစ် မိုးရွာလိုက်သည့်အခါ အပူစုပ်နိုင်စွမ်းကျသွားသည်။ တိမ်မရှိတော့သည့်အခါ အပူဓာတ်၊ အနွေးဓာတ်လျော့သွားသည်။ ဤရေငွေ့နှင့်တိမ်သည် ကမ္ဘာကြီးပူနွေးမှု ကို သာမန်ခရီးသွားဟန်လွဲ သက်ရောက်သွားခြင်းသာ ဖြစ်သည်။ လူသားတို့အတွက် ထာဝရအပူ မြင့်မားစေရန် မဖန်တီးပါ။
ကမ္ဘာကြီးပူနွေးမှုအတွက် ဒုတိယစွမ်းဆောင်နိုင်ဆုံးမှာ ကာဗွန်ဒိုင် အောက်ဆိုက်(CO2) ဖြစ်သည်ကို ပါဝင်မှုအချိုး ၉ မှ ၂၆ ရာခိုင်နှုန်းက ပြနေသည်။ အချိုးကျမျှတနေသော CO2 သည် ကမ္ဘာကြီးကို အနွေးဓာတ် ပေးမှုသာ စွမ်းဆောင်ပေးသော်လည်း ၎င်းထက်ပိုလာလျှင် ပူသည့်ဘက် သို့ ရောက်လာတော့သည်။
မီသိန်း (CH4) ဆိုသည်မှာလည်း မွေးမြူရေး၊ စိုက်ပျိုးရေးတို့မှ အဓိက ထုတ်လွှတ်သည့်ဓာတ်ငွေ့ဖြစ်သည်။ ကြီးမားသော အမှိုက်ပုံကြီးများသည် လည်း သိသာသော CH4ပမာဏကို ထုတ်လွှတ်သည်။ ၎င်း၏ပြင်းအား သည် CO2 ထက် ၂၁ ဆပို၍ပြင်းသည့်အတွက် ကမ္ဘာကြီးပူနွေးမှုကို အဓိကပ့ံပိုးပေးသည့် ဓာတ်ငွေ့ဖြစ်နေသည်။
အိုဇုန်း (O3) အကြောင်း အနည်းငယ် ဆက်ရှင်းပြပါဦးမည်။ ၎င်း သည် ဒုတိယအလွှာ The Stratosphere တွင်ရှိနေသော ဓာတ်ငွေ့ဖြစ်သည်။ နေရောင်ခြည်ကြောင့် လူသားတို့ကို အန္တရာယ်ပေးမည့် ခရမ်းလွန်ရောင်ခြည် (Ultraviolet Rays) ကို ကာကွယ်ပေးထားသော ဒိုင်းကြီးတစ်ခုကဲ့သို့ တာဝန်ထမ်းသည်။ ဒုတိယအလွှာထဲတွင် O3 ရှိနေခြင်းသည် လူသားတို့အတွက် အကျိုးရှိစေသည်။
လေထုအတွင်းမှ အောက်ဆီဂျင် (O2) မော်လီကျူးများသည် နေရောင်ခြည်ကြောင့် အောက်ဆီဂျင်အက်တမ်နှစ်ခု O နှင့် O ဟု ကွဲထွက်သွားသည်။ ၎င်းအက်တမ်နှစ်ခုသည် လေထုထဲတွင် လွတ်လပ်စွာ ရှိနေစဉ် တခြားအောက်ဆီဂျင် မော်လီကျူး (O2) တစ်ခုနှင့် ပေါင်းမိ သွားသောအခါ အိုဇုန်း (O3) အဖြစ် စုမိသွားသည်။ ဤအလွှာကို အိုဇုန်းလွှာဟု ခေါ်သည်။
ပထမအလွှာ(လူသားတို့ဝန်းကျင်မှ အလွှာ)ထဲသို့လည်း O3 များ ရောက်ရှိလာတတ်သည်။ သို့သော် အဆိုပါ O3 မော်လီကျူးအချိုးသည် ပထမအလွှာအတွင်းမှ တခြားဓာတ်ငွေ့များနှင့်ဓာတ်ပြုပြီး ပြန်လည် ပြိုကွဲသွားသည်။ ဤဖြစ်စဉ်မှာ သဘာဝအတိုင်းဖြစ်ပေါ်ပြီး ဟန်ချက် ညီနေသည်။ သို့သော် လူတို့တီထွင် ထုတ်လုပ်လိုက်သော ပစ္စည်းများကို သုံးစွဲ၍ ထွက်ရှိလာသောဓာတ်ငွေ့တချို့ကြောင့် ပထမအလွှာတွင် O3 များလာပြီး ပြိုကွဲနိုင်မှုထက် ကျော်လာသည့်အခါ လူကိုဒုက္ခပေးသော O3 ဖြစ်လာတော့သည်။
နေရောင်ခြည်မှလွှတ်နေသော ခရမ်းလွန်ရောင်ခြည်သည် နံနက် စောစောတွင် ကျန်းမာရေးကို အထောက်အကူပြုသော်လည်း နေ့ပိုင်း နေတက်ချိန်မှ နေကျချိန်အတွင်း ခန္ဓာကိုယ်ပေါ်သို့ တိုက်ရိုက်ကျရောက်ပါက လူသားတို့ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေသည်။
အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း ယခုအခါ O3 သည် ဒုတိယအလွှာ တွင်သာမကတော့ဘဲ မိမိတို့လူသားများ ရှင်သန်နေသော ပထမအလွှာ ထဲသို့ ရောက်လာနေပြီဖြစ်သည်။ ဤ O3 သည် သူ့နေရာမှာသူနေပါက ခရမ်းလွန်ရောင်ခြည်ကို ၉၉ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်သည်။ အဝေးမှာရှိနေလျှင် အကျိုးပြုစေသော်လည်း လူနားသို့ ရောက်လာပြီ ဆိုလျှင်တော့ အန္တရာယ်ကြီးလာတော့သည်။ အရွယ်မတိုင်မီ ကွယ်လွန်ခြင်း (Premature death့)၊ နှလုံးသွေးကြော ဖောက်ပြန်ခြင်းနှင့် အဆုတ် ရောဂါရရှိခြင်း၊ အရေပြားကင်ဆာဖြစ်ခြင်း၊ မျက်စိမှုန်လွယ်ခြင်း စသည်တို့ဖြစ်ပေါ်စေသည်။ ဤသည်မှာ လူသားများအနီးသို့ O3 ရောက်ရှိလာမှု၏ ဆိုးကျိုးဖြစ်သည်။
နောက်တစ်ခုဖော်ပြရန်ရှိသည်။ ၎င်းမှာ မိမိတို့ပတ်ဝန်းကျင်တွင်ရှိနေ သော ပထမအလွှာ၏ အပေါ်၌ ထပ်မံအုပ်မိုးပေးထားသော O3 လွှာသည် မြေပြင်မှ ၁၂ မိုင်နှင့် ၁၅ မိုင်အတွင်းတွင် ရှိနေသည်။ အထူမှာ ၃ မိုင် ခန့်သာရှိသည်။ ဤအထူသည် လူသားတို့ထုတ်လွှတ်လိုက်သော မှန်လုံ အိမ်ဓာတ်ငွေ့အနည်းအများပေါ်မူတည်၍ O3 အလွှာမှာ ပါးလိုက်ထူလိုက် ဖြစ်နေသည်။ အလွန်ပါးသွားပါက နေရောင်ခြည်ကို ကာကွယ်ပေးနိုင် စွမ်းလျော့လာပြီး လူသားတို့ခန္ဓာကိုယ်ပေါ်သို့ ခရမ်းလွန်ရောင်ခြည် ကျရောက်မှု ပိုများလာသည်။ နေရောင်ခြည်အပူရှိန်ကို မကာကွယ်နိုင် တော့သောနေရာတွင် ရေခဲတောင်များ အရည်ပျော်ခြင်း၊ ပင်လယ်ရေ ပူနွေးခြင်း၊ ကုန်းမြေဖြစ်ပါက ရေတွင်း၊ ရေကန်များ ခန်းခြောက်ခြင်း၊ တောမီးလောင်ခြင်း၊ လယ်ယာထွက်ကုန်များ ထိခိုက်ပြီး လူနှင့်တိရစ္ဆာန်များအတွက် စားရေရိက္ခာ ထိခိုက်ခြင်း စသည်တို့ဖြစ်လာတော့သည်။
ဆက်လက်ဖော်ပြပါမည်။