ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ကလပ်ပေါင်းစုံ ကရာတေးပြိုင်ပွဲ ISPE-Ygn ကလပ်အသင်း တံခွန်စိုက်ဆုဖလား ဆွတ်ခူး
ရန်ကုန် သြဂုတ် ၅
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ကလပ်ပေါင်းစုံ ကရာတေးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယနေ့ညနေပိုင်းတွင် တောင်ဥက္ကလာပမြို့နယ်ရှိ ပဒေသာအားကစား ခန်းမ၌ ကျင်းပရာ ISPE-Ygn ကလပ်အသင်း တံခွန်စိုက်ဆုဖလား ဆွတ်ခူးရရှိကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲသို့ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ကရာတေးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး ကရာတေး ဆပ်ကော်မတီဥက္ကဋ္ဌနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြပြီး ဗိုလ်လုပွဲစဉ်များဖြစ်သည့် အမျိုးသား၊ အမျိုးသမီးအကြီးတန်းနှင့် သက်လတ်တန်း ခတ၊ ကုမိတဲ့ အတိုက်ပြိုင်ပွဲများကို ကြည့်ရှုအားပေးကြသည်။
ပြိုင်ပွဲများအပြီး ဆုပေးပွဲကို ဆက်လက်ကျင်းပရာ သက်ငယ်တန်း၊ သက်လတ်တန်း ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယနှင့် ပူးတွဲတတိယဆု ရရှိကြသူများ၊ သက်တန်းအလိုက် ပြိုင်ပွဲများတွင် အကောင်းဆုံးအမျိုးသားဆု၊ အကောင်းဆုံး အမျိုးသမီးဆု ရရှိကြသူများအား တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကရာတေး အဖွဲ့ချုပ် အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးဝန်ကြီးများက ဆုတံဆိပ်များနှင့် ငွေသားဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာကော်မတီ နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမျိုးသား၊ အမျိုးသမီးအကြီးတန်း ခတနှင့် ကုမိတဲ့ အတိုက်ပြိုင်ပွဲများတွင် ဆုရရှိကြသော အားကစားသမားများနှင့် တံခွန်စိုက်ဖလား ရရှိသည့် ISPE-Ygn ကလပ်အသင်းအား ဆုဖလားနှင့် ငွေသားဆုပေးအပ်ချီးမြှင့်သည်။
၎င်းကလပ်ပေါင်းစုံ ကရာတေးပြိုင်ပွဲကို ကလပ်အသင်း ၁၅ သင်းမှ အားကစားသမား ၂၃၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။