ပဲရစ်အိုလံပစ်ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်း တင်းနစ်ပြိုင်ပွဲတွင် ဆားဘီးယားဝါရင့် တင်းနစ်ကစားသမား ဂျိုကိုဗစ်ချ် ရွှေတံဆိပ်ဆု ဆွတ်ခူး
ပြင်သစ်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံ ကျင်းပလျက်ရှိသည့် ပဲရစ်အိုလံပစ်ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်း တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် ဆားဘီးယား ၀ါရင့်တင်းနစ်ကစားသမား ဂျိုကိုဗစ်ချ်နှင့် စပိန်လူငယ် တင်းနစ်ကစားသမား အယ်ကာရက်ဇ်တို့ ယှဉ်ပြိုင်ကစားရာ ဂျိုကိုဗစ်ချ်က အနိုင်ရရှိပြီး ရွှေတံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါပွဲစဉ်တွင် နှစ်ဦးစလုံး လက်ရည်ကွာခြားမှုမရှိဘဲ အပြန်အလှန် ဖိအားပေးမှုများဖြင့် အကြိတ်အနယ်ရှိခဲ့ကာ ဂျိုကိုဗစ်ချ်က ပထမပွဲစဉ်တွင် (၇-၆)ရလဒ်ဖြင့် လည်းကောင်း၊ ဒုတိယပွဲစဉ်တွင်လည်း (၇-၆)ရလဒ်ဖြင့် လည်းကောင်း မပြတ်သားသည့်ရလဒ်များ ဖြင့်အနိုင်ရရှိခဲ့ပြီး ရွှေတံဆိပ်ဆုကို ဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်သည်။
ဂရင်းဆလန်းချန်ပီယံဆု အပါအဝင် ချန်ပီယံဆုများစွာ ဆွတ်ခူးနိုင်ခဲ့သည့် ဂျိုကိုဗစ်ချ်သည် တင်းနစ် လောကတွင် ထိပ်တန်းတင်းနစ် ကစားသမားတစ်ဦး အဖြစ် ရပ်တည်နေသူဖြစ်ပြီး ၎င်း၏ပရော်ဖက်ရှင် နယ်ကစားသမားဘဝ အိုလံပစ်ပြိုင်ပွဲတွင် ပထမ အကြိမ်အဖြစ် ရွှေတံဆိပ်ဆုကို ဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်သည်။
၂၀၂၄ ပဲရစ်အိုလံပစ်ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်း တင်းနစ်ပြိုင်ပွဲတွင် ငွေတံဆိပ်ဆုကို စပိန်တင်းနစ် ကစားသမား အယ်ကာရက်ဇ်၊ ကြေးတံဆိပ်ဆုကို အီတလီတင်းနစ် ကစားသမား မူဆက်တီက ဆွတ်ခူးခဲ့ကြောင်း သိရသည်။