တရားမဝင် သစ်မျိုးစုံ၊ စားသောက်ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံး ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

တရားမဝင် သစ်မျိုးစုံ၊ စားသောက်ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံး ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

နေပြည်တော်  သြဂုတ်  ၅

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီး အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ သြဂုတ်လ ၁ ရက် တွင် နေပြည်တော်ကောင်စီ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် လယ်ဝေးခရိုင်အတွင်း၌ တရားမဝင် အခြားသစ် (သုည ဒသမ ၁၇၅)တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၁၉၄၀၈)ကို  ဖမ်းဆီးရမိခဲ့ပြီး  သစ်တောဥပဒေနှင့်အညီ   အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် သြဂုတ်လ ၃ ရက်တွင် အကောက်ခွန် ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ခရီးသည် (၂)ဦး၏ ဝန်စည်များအတွင်းမှ   တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် တရုတ်နိုင်ငံထုတ် Pan Power Solar Inverter (၃)လုံး၊ အင်တာနက်အပိုပစ္စည်း Electronic  devices- Fortinet  (၁၀) အပါအဝင်   ကုန်ပစ္စည်း (၃)မျိုး(ခန့်မှန်းတန်ဖိုးငွေကျပ် ၃၁၉၅၀၀၀၀)ကို လည်းကောင်း၊ အေးရှားဝေါလ်ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ(၉)လုံး အတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသည့် တရုတ်နိုင်ငံထုတ် Hollow GI Pipe (၁၃၅၀၀)ကီလိုဂရမ်(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၈၄၅၀၀၀)ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၁၇၉၅၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် သြဂုတ်လ ၃ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင်အမှတ် (၃၈၆)မိုင်၊ စဉ့်ကိုင်မြို့နယ်၊ ဇီးခြံကျေးရွာအနီး၌ မော်တော်ယာဉ် (၂)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် ထိုင်းနိုင်ငံထုတ် Lipovitan-Dပုလင်း (၁၅၁၅၀၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၂၇၀၅၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Truck (၁)စီး၊ Nissan Diesel Truckု (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၅၀၀၀၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၇၂၇၀၅၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် သြဂုတ်လ ၄ ရက်တွင် ပဲခူးတိုင်းဒေသကြီး  တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏   စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ညောင်ခါးရှည် X-Ray စက်စစ်ဆေးရေးဂိတ်၌ မော်လမြိုင်မြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်(၁)စီးပေါ်မှ တရုတ်နိုင်ငံထွက် ပန်းသီး (၄၀၅)ကီလိုဂရမ် အပါအဝင် ကုန်ပစ္စည်း(၂)မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၅၅၇၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Toyota Hiace  မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀၀၀၀၀၀)ကို လည်းကောင်း၊ ဘုရားကြီးမြို့၊ ရွှေသံလွင်တိုးဂိတ်အနီး၌ မော်လမြိုင်မြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့်  ပုစွန်တစ်ကောင် စားအုန်းဆီ (၁၈)လီတာပါ ပုံး (၉၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅၀၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် ့ကအသညါ ကြျ (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၀၀၀၀၀၀)ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၆၀၅၇၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်၍ သြဂုတ်လ ၁ ရက်၊ ၃ ရက်နှင့် ၄ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၂)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၅၂၄၁၉၀၈)ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

Dates: 
Tuesday, August 6, 2024 - 13:16