သားကောင်းတစ်ယောက် ကျောက်ကောင်းတစ်စေ့

 

သားကောင်းတစ်ယောက် ကျောက်ကောင်းတစ်စေ့

 

   “ငါ့သားများ စစ်ထဲဝင်ရင်လေ သူ့ကိုပြောလိုက်စမ်းပါကွာ၊   စစ်တပ်ဆိုတာ အမှန်သာလိုက်နာနိုင်ရင်  တကယ့်ယောကျ်ားမြတ်ဖြစ်စေနိုင်တဲ့ တရားတွေကို သင်ကြားပေးတဲ့ကျောင်းကြီးပေါ့”  စစ်သည်တော်ဟောင်းတစ်ဦး၏ မရိုးနိုင်သော    စကားတစ်ခွန်းဖြစ်သည်။

ထိုစကားတစ်ခွန်းတွင် တပ်မတော်သား တစ်ဦးဖြစ်ရခြင်း၏  အနှစ်သာရနှင့် အဓိပ္ပာယ်များ ပေါင်းစပ်ပါဝင်နေသည်။

ဝါဆိုဝါခေါင်ရေဖောင်ဖောင်ဟု ဆိုရိုးရှိသည်နှင့်အညီ သည်နှစ်လအတွင်း မိုးဖြိုင်ဖြိုင်ရွာသဖြင့် တောင်သူလယ်သမားတို့ အလုပ်များကြသည်။ အခါများစွာ မျှော်လင့်ခဲ့ရသောမိုးကို ဝဝလင်လင်သောက်သုံးရသဖြင့် ကောက်ပဲသီးနှံတို့ ဖွံ့ထွားစိုပြည်

လျက်ရှိသည်။ ထက်ကောင်းကင်၌လည်း သရဝဏ်ရွှေကြယ်မင်းက  ထွန်းလင်းတောက်ပလျက်ရှိသည်။ ထို့အတူ သင်တန်းကျောင်းအသီးသီးမှ  တိုင်းချစ်ပြည်ချစ်၊ မျိုးချစ်စိတ်တို့ ပြည့်ဖိတ်လျှံဝေနေသော နိုင်ငံ့သားကောင်းတို့သည်လည်း  အမိမြန်မာနိုင်ငံတော်   ကာကွယ်ရေးတည်းဟူသော ပင်မလုပ်ငန်းခွင်ကြီး အတွင်းသို့ ထောင်သောင်းမက   များလှစွာပင် တသွင်သွင်စီးဝင်ရောက်ရှိ လာတော့မည်ဖြစ်သည်။

လူငယ်ဆိုသည်မှာ    နိုးကြား၏။ တက်ကြွ၏။ ဖျတ်ဖျတ်လတ်လတ်ရှိ၏။ ရိုးသား၏။  ဖြူစင်၏။ ပရိယာယ်ဝေဝုစ်ကင်း၏။  အရာရာ၌စိတ်နှင့်ကိုယ်သည် တစ်ထပ်တည်းမျှ ထင်ရလောက်အောင် လှုပ်ရှားရှင်သန်   နေကြသူများဖြစ်၏။ နိုင်ငံရေးအရ  မင်းသားကြီးမလုပ်ရ၍ ပတ်မကြီးထိုးဖောက်လိုသော သန္ဓေမမှန်သည့် နိုင်ငံရေးသမားတချို့က လူငယ်တို့၏ ရိုးသားဖြူစင်မှုနှင့် နိုးကြားတက်ကြွမှုကို တလွဲဆံပင်ကောင်း အသုံးချ၍ လမ်းမှားသို့ ရောက်စေခဲ့ကြသည်။ သို့ဖြင့် တိုင်းပြည်၏ အဖူးအညွန့်များဖြစ်ကြသော  လူငယ်များစွာမှာ  တိုင်းရင်းသား လက်နက်ကိုင်များ     ထိန်းချုပ်ထားသော နယ်မြေများ၌ ပေးတာယူ၊ ကျွေးတာစား၊  ခိုင်းတာလုပ်၊ ထမင်းစားကျွန်ခံဘဝဖြင့် ဇာတ်သိမ်းနေကြရသည်။ MNDAA ၊ TNLA ၊ AA ၊ KNDF  အစရှိသော  အကြမ်းဖက်သောင်းကျန်းသူများအတွက်   အကြမ်းဖက်စစ်ပွဲများတွင် ရှေ့ဆုံးမှအဓိပ္ပာယ်မဲ့ အသက်စွန့်တိုက်ခိုက်ပေးနေရသည်။ အကြမ်းဖက် သောင်းကျန်းသူများ၏နောက်မြီးဆွဲ PDF အကြမ်းဖက်သမားများအဖြစ်  ကျင်လည်နေကြရသည်။ သူတို့လက်ချက်ဖြင့် မြို့ရွာများပျက်စီးခြင်း၊    ဒေသခံပြည်သူများ   အတိဒုက္ခရောက်ရခြင်းများကို အောင်မြင်မှု အသီးအပွင့်အဖြစ် လွဲမှားစွာကြွေးကြော်နေကြရသည်။

စေ့စေ့တွေးကြည့်လျှင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ သွေးဆောင်မှုဖြင့် အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်နေကြသော PDF အကြမ်းဖက်သမားများနှင့် လမ်းမှားရောက်နေသော လူငယ်များ၏ အဖြစ်မှာ သားတစ်သာမြင်၍ ကျော့ကွင်းမမြင်ကြသူများနှင့် ပုံပမာတူသည်။ စင်စစ်ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို  ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေသော အကြမ်းဖက်  သောင်းကျန်းသူများမှာ  နောက်မြီးဆွဲ PDF အကြမ်းဖက်သမားများကို  ခုတုံးလုပ်၍  “မျောက်မြီးနှင့်မျောက်ချည်”နေကြခြင်းသာဖြစ်သည်။

နိုင်ငံတော်နှင့် ပြည်သူ့အတွက်ဆိုသော စကားလုံးများကို တွင်တွင်ဟစ်နေကြသော်လည်း  လက်တွေ့တွင်မူ နိုင်ငံတော်နှင့် ပြည်သူ့အကျိုး ပျက်စီးရာပျက်စီးကြောင်းများကိုသာ ထပ်ပြန်တလဲလဲ ကျူးလွန်နေကြသူများဖြစ်သည်။ ၎င်းတို့ လွှမ်းမိုးခြယ်လှယ်ထားသော အရပ်ဒေသမှ တိုင်းရင်းသားများ၏ဘဝမှာ တောင်ယာရှင်မျောက်မောင်း ခံရသည့်နှယ် ဖြစ်နေကြရရှာသည်။ သူခိုးက လူပြန်ဟစ်ခြင်းကို ခံနေကြရရှာသည်။

မသိနိုးနား နိုင်ငံရေးအပါးမဝသော လူငယ်များအပေါ်   အမြတ်ထုတ်နေသည်မှာ ရင်နာဖွယ်ကောင်းလှသည်။ တစ်တောတစ်ကြက်ဖတွန်၍  သေနတ်ပြောင်းဝ၌ အာဏာတည်သော  သူတို့လောကတွင် “အကန်းထဲမှာ  မျက်ကန်းကလူမော်” လုပ်နေကြသည်ကို  ရှင်းရှင်းပြတ်ပြတ် သိမြင်ကြဖို့လိုသည်။

တစ်ဖက်တွင်မူ  နိုင်ငံ့သားကောင်း ရတနာလေးများသည် တပ်မတော်၏စနစ်တကျ ဖွဲ့စည်းထားသော  လေ့ကျင့်ရေးကျောင်းအသီးသီး၌ စစ်ပညာရပ်များကို ၁၂ ပတ်တာကာလမျှ အပတ်တကုတ် ကြိုးစားသင်ယူကြလျက်ရှိသည်။ စစ်နည်းဗျူဟာ ဘာသာရပ်များ၊ လက်နက်နည်းပညာဆိုင်ရာ ဘာသာရပ်များ၊ ကြံ့ခိုင်မှုဆိုင်ရာ ဘာသာရပ်များ၊  ခေါင်းဆောင်မှုဆိုင်ရာ ဘာသာရပ်များ၊ စစ်စည်းကမ်းနှင့် ဥပဒေဆိုင်ရာ ဘာသာရပ်များ၊ အထွေထွေဗဟုသုတဆိုင်ရာ ဘာသာရပ်များ အစရှိသည့်  ယောကျ်ားကောင်း ယောကျ်ားမြတ်ဖြစ်စေနိုင်သော  သင်ခန်းစာများကို  စာတွေ့လက်တွေ့ သင်ကြားလေ့ကျင့်လျက်ရှိသည်။

ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့   ခိုင်မြဲရေးဆိုသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန် တာဝန်ရှိသဖြင့် ၎င်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရေး အတွက် အလေးအနက်ထား သင်ကြားနေကြခြင်းဖြစ်သည်။ နိုင်ငံတော်ကာကွယ်ရေး အတွက်  စစ်မှုထမ်းဆောင်နိုင်ရန် အပင်ပန်းအဆင်းရဲခံ၍ ဇွဲနပဲဖြင့် သင်ကြားနေကြခြင်းဖြစ်သည်။ 

ပြည်သူ့စစ်မှုထမ်း  လူငယ်များ၏ ရည်ရွယ်ချက်မှာ PDF အကြမ်းဖက်သမားများနှင့် ပြဒါးတစ်လမ်း သံတစ်လမ်းဟုဆိုရလိမ့်မည်။ လူချင်းတူသော်လည်း အသက်ရှူပုံချင်းကွဲသည်ဟု ဆိုရလိမ့်မည်။ ငယ်စဉ်က သင်ကြားခဲ့ရသည့်  ကျေးညီနောင်ပုံပြင်ကိုပင် ပြန်၍အမှတ်ရဖွယ်ဖြစ်သည်။ သူတော်ကောင်းတို့၏ အေးရိပ်၌ ခိုလှုံခွင့်ရသောကျေးသားနှင့် ခိုးသားဓားပြတို့လက်တွင် ကြီးပြင်းရသောကျေးသားမှာ ညီရင်းအစ်ကိုပင်ဖြစ်လင့်ကစား   မနှိုင်းသာမယှဉ်သာအောင်  ကွာခြားနေပုံမျိုးဖြစ်သည်။ ပြည်သူ့စစ်မှုထမ်း နိုင်ငံ့သားကောင်းများနှင့် PDF အကြမ်းဖက်သမားများမှာလည်း ထိုနည်းတူပင်ဖြစ်သည်။

အမှန်စင်စစ် ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုသည်မှာ   အခုမှဖြစ်ပေါ်လာသည်မဟုတ်။ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလကတည်းကပင် အဆင့်ဆင့်အတည်ပြု ပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက ၂၀၂၄  ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်တွင် အာဏာတည်ကြောင်း ပြဋ္ဌာန်းခဲ့ခြင်းသာဖြစ်၏။

ပြည်သူ့စစ်မှုထမ်းစနစ် ကျင့်သုံးရခြင်း တွင် ခိုင်လုံသင့်မြတ်သော အကြောင်းရင်း များစွာရှိသည်။ ပြည်သူ့စစ်မှုထမ်းစနစ်ဆိုသည်မှာ  ရေတိုဆောင်ရွက်ရသည့် လုပ်ငန်းမဟုတ်ဘဲ  တစိုက်မတ်မတ် ဆောင်ရွက်ရမည့် ရေရှည်စီမံချက်(Long Term Plan)) ဖြစ်သည်။  နိုင်ငံတော်၏ ဥပဒေပြဋ္ဌာန်းချက်များ၊ တပ်မတော်၏ မြင့်မားသည့်စွမ်းဆောင်နိုင်မှု၊ ပြည်သူလူထု တစ်ရပ်လုံး၏ မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်၊ အသိဉာဏ်ပညာ မြင့်မားမှုများနှင့် ကာကွယ်ရေးပညာ ဗဟုသုတကြွယ်ဝမှု၊ ကာကွယ်ရေးပညာတတ်ကျွမ်းမှုတို့ ပေါင်းစပ်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်ဖြစ်သည်။

နိုင်ငံတော်တွင်တည်ရှိသည့်  နိုင်ငံ့စွမ်းအားစုအားလုံး ပါဝင်ဆောင်ရွက်နိုင်ရေး အတွက် တစ်ခုတည်းသောနည်းလမ်းကို ပြပါဆိုလျှင် ပြည်သူ့စစ်မှုထမ်းစနစ်ကိုပင် ပြဆိုရမည်ဖြစ်သည်။

တစ်ဖက်တွင် ကျွန်တော်တို့နိုင်ငံသည် ပြည်သူ့စစ်မဟာဗျူဟာကို  ကျင့်သုံးနေသည့် နိုင်ငံဖြစ်သည်။  နိုင်ငံ၏ပထဝီဝင်နိုင်ငံရေး အခြေအနေအရ အခွင့်အရေး ((Opportunity)များရှိသလို ခြိမ်းခြောက်မှု (Thread)များလည်း  ရှိသည့်အတွက် ပြည်သူ့စစ်မဟာဗျူဟာကို ကျင့်သုံးနေရခြင်းဖြစ်သည်။

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတော်စီးပွားရေးနှင့် နိုင်ငံတော် လုံခြုံရေးဆိုသည်မှာ ဘက်ညီမျှတစွာ ဖွံ့ဖြိုးတိုးတက်လာအောင်  ဆောင်ရွက်ရမည့်လုပ်ငန်းစဉ် တစ်ရပ်ဖြစ်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများ ရေရှည်ရပ်တည်နိုင်ရန် စီးပွားရေးအင်အားကို တည်ဆောက်ရမည့်အပြင် မိမိအင်အားကို လေးစားခံ့ညားစေရန်လည်း   လိုအပ်သည်။  တည်ဆောက်ရေးနှင့် တွဲလျက်ပါလာသော တာဝန်တစ်ရပ်မှာ ကာကွယ်ရေးပင်ဖြစ်သည်။ တည်ဆောက်ရေးလုပ်ငန်းများ မည်မျှပင်ဖွံ့ဖြိုး တိုးတက်နေစေကာမူ ကာကွယ်ရေးစွမ်းအား ချို့တဲ့လျှင် မသမာသူတို့၏ အဖျက်အမှောင့်ရန်များကို အစဉ်သဖြင့် ထိတ်လန့်စိုးရိမ်နေရမည်ဖြစ်သည်။

သည့်အတွက် ကာကွယ်ရေးအင်အားတည်းဟူသော အခန်းကဏ္ဍကို မဖြစ်မနေ အလေးထားတည်ဆောက်ရမည်သာဖြစ်သည်။

ပြည်သူ့စစ်မှုထမ်းစနစ်ကို ကျင့်သုံးခြင်းအားဖြင့် ကာကွယ်ရေး စွမ်းပကားအသင့်ဖြစ်မှု၊ စစ်ဘက်၊ အရပ်ဘက် ဆက်ဆံရေးပိုမိုကောင်းမွန်မှု၊ စစ်ဘက်ကိုအရပ်ဘက်က နားလည်နိုင်မှု၊ အရပ်ဘက်ကို စစ်ဘက်ကနားလည်နိုင်မှု ပိုမိုမြင့်မား တိုးတက်လာမည် ဖြစ်သည်။

ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသော ဒို့တာဝန်အရေးသုံးပါးသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး   ထာဝရတည်တံ့မြဲမြံစေရန်လိုအပ်သော အမျိုးသားအကျိုးစီးပွားပင်ဖြစ်သည်။

ဒို့တာဝန်အရေးသုံးပါး၏ အဓိကအနှစ်သာရမှာ       စည်းလုံးညီညွတ်ရေးပင်ဖြစ်သည်။ ရေကိုသား၍ အကြားမထင်သည့်ပမာ တစ်ခဲနက်ဖြစ်သောစည်းလုံးညီညွတ်မှုဖြင့် နိုင်ငံတော်ကို ကျွန်တော်တို့၏ ဘိုးဘွားများက အစဉ်အဆက် တည်ဆောက်ခဲ့ကြသလို မျိုးဆက် တစ်ဆက်ပြီးတစ်ဆက်  ကာကွယ်စောင့်ရှောက် ထိန်းသိမ်းလာခဲ့ကြခြင်းဖြစ်သည်။

ပြည်သူလူထု၏ ဆန္ဒဖြစ်သော စစ်မှန်စည်းကမ်းပြည့်ဝသည့်   ဒီမိုကရေစီ လမ်းကြောင်းပေါ်တွင်   ပြန်လည်လျှောက်လှမ်းနိုင်ရန် ကနဦးလိုအပ်ချက်မှာ နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမှု ရရှိရေးပင်ဖြစ်သည်။ ကမ္ဘာ့နိုင်ငံရေး အခြေအနေများ၊ မြန်မာနိုင်ငံ၏ ပထဝီဝင်နိုင်ငံရေးဆိုင်ရာ စိန်ခေါ်မှုများ၊  ပြည်တွင်းအကြမ်းဖက် လှုပ်ရှားမှုများနှင့် လုံခြုံရေးဆိုင်ရာ အခြေအနေအရပ်ရပ်တို့အရ  နိုင်ငံတော်၏ ကာကွယ်ရေးစွမ်းအားကိုမြှင့်တင်ရန် လိုအပ်လာပြီဖြစ်သည်။ သားကောင်းတစ်ယောက် ကျောက်ကောင်းတစ်စေ့ ဆိုသည့်အတိုင်း နိုင်ငံသူ၊ နိုင်ငံသားအားလုံး နိုင်ငံချစ်စိတ်ဖြင့် ပြည်သူ့စစ်မှုထမ်းစနစ်တွင်  ပါဝင်ထမ်းဆောင်ကြရမည်ဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်းကတော့ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၃ ရက် မြို့တော်ခန်းမတွင် ကျင်းပသည့် ပြည်သူ့အစည်းအဝေးကြီး၌ နိုင်ငံတော်ကာကွယ်ရေးနှင့် စပ်လျဉ်း၍ အခုလိုပဲ ရှင်းရှင်းပြတ်ပြတ် ပြောခဲ့ပြီးဖြစ်သည်။

“ကျုပ်တို့တိုင်းပြည် အစိုးရလုပ်တဲ့သူတွေက တိုင်းပြည်ကာကွယ်ဖို့အတွက် ဗမာပြည်မှာ စစ်သားတွေနည်းနေတယ် ဆိုလို့ရှိရင် ဗမာတိုင်း ဗမာတိုင်း အရွယ်ရောက်တဲ့လူမှန်သမျှ၊ ကျန်းမာတဲ့လူမှန်သမျှ  စစ်မှုမထမ်းမနေရဆိုပြီးတော့ အတင်း ဥပဒေနဲ့စစ်ထဲကို ထည့်ရလိမ့်မယ်။ အဲဒါမျိုးတွေ လုပ်တန်လုပ်ရလိမ့်မယ်။ နှစ်နှစ်တန်သည် သုံးနှစ်တန်သည် စစ်ထဲဝင်ရမယ်။”

ဥပဒေအပေါင်းတို့၏ ပင်မမိခင်ဖြစ်သော ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)၌လည်း ပြည်သူ့စစ်မှုထမ်းဥပဒေအတွက် ခိုင်မာသော တာဝန်ခွဲဝေမှုများ ပြဋ္ဌာန်းထားခဲ့ပြီးဖြစ်သည်။ ပုဒ်မ ၃၈၅ တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်ရေးသည် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည်ဟု လည်းကောင်း၊  ပုဒ်မ ၃၈၆ တွင် နိုင်ငံသားတိုင်းသည် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ  စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေး အတွက် စစ်မှုထမ်းရန်တာဝန်ရှိသည်ဟုလည်းကောင်း အတိအလင်းပြဆိုထားပြီးဖြစ်သည်။

လူငယ်များ၏   စွမ်းပကားသည် နိုင်ငံတော်၏အားဖြစ်၏။ ယနေ့လူငယ် နောင်ဝယ်လူကြီးဆိုသည့်အတိုင်း လူငယ်များသည် နောင်တစ်ချိန်တွင် နိုင်ငံ့တာဝန်များကိုပခုံးပြောင်း တာဝန်ယူပြီး နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်သွားကြရမည့်သူများဖြစ်သည်။ ထို့ကြောင့် လူငယ်တိုင်း လူငယ်တိုင်းသည် နိုင်ငံတော်အတွက်   သားကောင်းတစ်ယောက် ကျောက်ကောင်းတစ်စေ့ဟု ဆိုရလောက်အောင် ထူးမြတ်သော သားကောင်းများ ဖြစ်ကြရန်လိုသည်။ နိုင်ငံတော်က မိမိတို့အပေါ်ပေးအပ်လိုက်သည့် တာဝန်များကို ကျေပွန်စွာဆောင်ရွက်လိုသည့် သန္နိဋ္ဌာန်စိတ်ရှိဖို့လိုသည်။

ကျွန်တော်တို့သည် “တာဝန်သိစိတ်” ရှိရုံမျှဖြင့် လုံလောက်သေးသည်မဟုတ်။ “တာဝန်ယူလိုစိတ်” ပြင်းပြင်းပြပြရှိနေရန်လည်း လိုအပ်သည်။ ကိုယ်လုပ်နေသည့်အလုပ်၊  ကိုယ့်မြို့ကိုယ့်ရွာ၊  ကိုယ့်တိုင်းကိုယ့်ပြည်တွင် ကိုယ်နှင့်သက်ဆိုင်သည့် တာဝန်များစွာရှိသည်။ ထိုသို့ ယူသင့်ယူအပ်သည့် တာဝန်များကို  ကိုယ့်သဘောနှင့်ကိုယ်ယူပြီး  ဆောင်ရွက်တတ်သူများကို “လူ့အဖိုးတန်”ဟု  လူ့အဖွဲ့အစည်းက သတ်မှတ်လေ့ရှိသည်။

သာမန်   လူတစ်ယောက်အတွက် ဘဝမှာ   အရေးအကြီးဆုံး အရာကိုပြပါဆိုလျှင် သူတို့၏ဘဝကိုသာ ပြဆိုမည်ဖြစ်သော်လည်း  တပ်မတော်သား တစ်ယောက်အတွက်မူ    ဘဝတွင် အရေးအကြီးဆုံး   အရာဆိုသည်မှာ သူ့နိုင်ငံတော်ကို ကာကွယ်ရန်ပင်ဖြစ်သည်။

သူ၏အမွန်မြတ်ဆုံးသော တာဝန်လည်းဖြစ်သည်။

ပြည်သူ့စစ်မှုထမ်း   သားကောင်းရတနာများအနေဖြင့် သံတောင်ကြီးနဲ့ ကျောက်ထီးပမာ တညီးညီးတပြောင်ပြောင် တောက်လောင်နေသည့် နေရောင်ကိုလည်း မမှု၊ မီးအရှိန်ကိုလည်းမဖြုံ၊ တကယ့်ကို နိုင်ငံတော်လုံခြုံစိတ်ချရအောင် အားကြိုးမာန်တက် ထမ်းဆောင်ကြတော့မည်ဖြစ်သည်။ “သားစဉ်မြေးမြစ်၊ ပြောထုံးဖြစ်အောင်၊ တစ်စစ်တစ်မက်၊ ကိုယ်နှင့်သက်ကို၊ နှင်းဆက်ရည်၍၊ ဦးလည်မသုန်”ထမ်းဆောင်ကြတော့မည်ဖြစ်သည်။ ကျားကိုခလုတ်၊ သစ်ငုတ်သင်ဖြူး၊  ဆူးကိုမွေ့ရာပမာသဘောထား၍ အမိနိုင်ငံတော်၏ ပိုင်နက်နယ်မြေအနှံ့ ခရီးဆန့်ကြတော့မည်ဖြစ်သည်။ သို့နှယ် နိုင်ငံတော်နှင့် နိုင်ငံသားတို့အတွက် ကြီးလေးမွန်မြတ်သော တာဝန်ဝတ္တရားများကို ဦးဆွေးဆံမြည့် ထမ်းဆောင်ကြတော့မည့် သားကောင်းရတနာများအား  တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးကလည်း  နှစ်ထောင်းအားရ  ဝမ်းပန်းတသာကြိုဆိုကြဖို့ အသင့်ရှိနေကြပြီဖြစ်သည်။

ယခုအခါတွင်  ပြည်သူ့စစ်မှုထမ်း သင်တန်းဆင်းများအနေဖြင့်လည်း မိမိတို့အား တာဝန်ပေးအပ်ရာ  တပ်ရင်း/တပ်ဖွဲ့များတွင် တက်ကြွစွာနိုင်ငံတော် ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နေကြပြီဖြစ်သည်။  နောင်တော်ပြည်သူ့စစ်မှုထမ်း သင်တန်းဆင်းများ၏  နိုင်ငံ့ဂုဏ်ဆောင်မှုကို အလေးထားသောအားဖြင့် သြဂုတ်လ ၅ ရက်နေ့တွင်လည်း ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၄)သို့ပင် ဖွင့်လှစ်နိုင်ပြီဖြစ်သည်။ ပြည်သူ့စစ်မှုထမ်း လူငယ်တစ်ဦး   တစ်ယောက်ချင်းစီမှာ နိုင်ငံတော်အတွက် အဖိုးမဖြတ်နိုင်သည့် ကျောက်ကောင်းကလေးများပင်ဖြစ်သည်။ 

သားကောင်းတစ်ယောက် ကျောက်ကောင်းတစ်စေ့ ဆိုသည့်အတိုင်း နိုင်ငံ၏လက်ရုံးအားကိုး အားထားပြုရသည့် သားကောင်းရတနာ အပေါင်းတို့အား  အောင်ပွဲအလီလီ ဆင်မြန်းလျှောက်လှမ်းနိုင်ပါစေကြောင်း ပြည်သူတို့၏   ရင်တွင်းဆန္ဒနှင့်အတူ  လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုကြိုဆို လိုက်ရပါသည်။  ။