သတင်းပေးတိုင်ကြားမှုများကြောင့် တရားမဝင် ကုန်စည်များနှင့် အဆိုပါ ကုန်စည်များ တင်ဆောင်လာသည့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ
နေပြည်တော် သြဂုတ် ၆
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် နေပြည်တော်ကောင်စီ နယ်မြေအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်များတွင် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့များကို ဖွဲ့စည်း၍ လည်းကောင်း၊ အကောက်ခွန်ဦးစီးဌာနက ဦးဆောင်သည့် One Stop Service ဌာနဆိုင်ရာအဖွဲ့များ ဖွဲ့စည်း၍ လည်းကောင်း၊ နယ်စပ်ဝင်/ထွက် ဂိတ်များ၊ နယ်စပ်ကုန်သွယ်ရေးရုံးနှင့် စခန်းများ၊ အမြဲတမ်းစစ်ဆေးရေးစခန်းများ၊ ကုန်သွယ်မှု လမ်းကြောင်းတစ်လျှောက်နှင့် ကုန်ပစ္စည်း သိုလှောင်ရုံများ၊ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများနှင့် လေဆိပ်များ၊ ကမ်းရိုးတန်း ဆိပ်ကမ်းများတွင် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်လျက်ရှိရာ သတင်း အချက်အလက်ရရှိမှုသည် အလွန်အရေးပါလျက်ရှိသည်။
တာဝန်သိပြည်သူများ၏ သတင်းပေး တိုင်ကြားမှုများကြောင့် ၂၀၂၄ ခုနှစ် ဇူလိုင်လအတွင်း သတင်းရရှိမှု (၅၃)ကြိမ်ရရှိခဲ့ပြီး သတင်းမှား(၁)ကြိမ်၊ နောက်ကျသတင်း(၂)ကြိမ်နှင့် ဖမ်းဆီးရမိမှု အကြိမ် (၅၀) ဖြစ်သည်။ သတင်းရရှိမှုကြောင့် ဖမ်းဆီးရမိအမှုတွဲ(၅၆)မှု ဖွင့်လှစ်ထားပြီး ဖမ်းဆီးရမိမှုများတွင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ ဖြစ်သော ကုန်ပစ္စည်းအမျိုး (၃၀)အပါအဝင် ခန့်မှန်းတန်ဖိုးငွေကျပ် (၁၁၉၈ ဒသမ ၈၇၆)သန်းနှင့် တရားမဝင်ကုန်စည်များ တင်ဆောင်လာသည့် မော်တော်ယာဉ်များ အပါအဝင် လိုင်စင်မဲ့ မော်တော်ယာဉ်များ ဖမ်းဆီးရမိခဲ့သည်။
၂၀၂၄ ခုနှစ် ဇူလိုင်လအတွင်း သတင်းပေး တိုင်ကြားခဲ့သည့် တာဝန်သိပြည်သူများကိုလည်း ဖမ်းဆီးရမိမှု တန်ဖိုးကျပ် (၁၁၉၈ ဒသမ ၈၇၆)သန်း၏ ၂၀ ရာခိုင်နှုန်း ဖြစ်သော ကျပ်(၂၃၉ ဒသမ ၇၇)သန်းကို သတင်းပေးဆုကြေးငွေအဖြစ် ချီးမြှင့်ပေးသွားမည်ဖြစ်သည်။ ဌာနဆိုင်ရာ တာဝန်ရှိသူများက သတင်းပေးဆုကြေးငွေ (၂၇၁ ဒသမ ၅၆၆)သန်းကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဇူလိုင်လအတွင်း ချီးမြှင့်ခဲ့ပြီးဖြစ်သည်။
ထို့ကြောင့် တာဝန်သိပြည်သူများ အနေဖြင့် တရားမဝင် ကုန်သွယ်မှု သတင်းများနှင့် ပတ်သက်၍လက်ကိုင်ဖုန်း - ၀၉-၄၀၄၃၃၉၉၆၉၊ အော်တိုတယ်လီဖုန်းနံပါတ်-၀၆၇-၄၀၉၈၈၃ နှင့် အီးမေး antiillegaltradeinfo@gmail.com သို့ သတင်းပေးပို့ တိုင်ကြားနိုင်ပါကြောင်း သတင်း ရရှိသည်။