ကြည့်မြင်တိုင်၊ မင်္ဂလာဒုံမြို့နယ်နှင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
နေပြည်တော် သြဂုတ် ၆
မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သြဂုတ်လ ၅ ရက် နံနက် ၁၁ နာရီခွဲတွင် ကြည့်မြင်တိုင်မြို့နယ် စျေးကြီး(အနောက်)ရပ်ကွက် ကမ်းနားလမ်းတွင် မသင်္ကာဖွယ်တွေ့ရှိသူ သီဟကျော်(ခ)ဇတ်ဖီးနှင့် ထက်သူမိုးမြင့်ရှိန်(ခ) နဂါးတို့ကို စစ်ဆေးရှာဖွေရာ ၎င်းတို့ထံမှစိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ ကို လည်းကောင်း၊ ထိုနေ့ ညနေ ၃ နာရီ မိနစ် ၅၀ တွင် မင်္ဂလာဒုံမြို့နယ် ချစ်တီးကုန်းရပ်ကွက်၊ အောင်မင်္ဂလာ အဝေးပြေးကားဝင်း၌ မသင်္ကာဖွယ်တွေ့ရှိသူ ကျော်ဇေယျာအောင်ကို စစ်ဆေးရှာဖွေရာ ၎င်းသယ်ဆောင်လာသည့် လက်ဆွဲအိတ်များအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၆၀၀၀၀၊ မြန်မာငွေကျပ် သုည ဒသမ ၉၈၅ သိန်း သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးချက်အရ ညနေ ၅ နာရီတွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် (၁၄၁)ရပ်ကွက်ရှိ ၎င်း၏နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၁၂၀၀၀၊ မြန်မာငွေကျပ်သိန်း ၂၀ ထပ်မံ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။