ONE 168: Denver ပြိုင်ပွဲတွင် တွဲဆိုင်း ၁၂ ပွဲပါဝင်မည်ဖြစ်ပြီး အောင်လအန်ဆန်၏ မစ်ဒယ်ဝိတ်တန်း စိန်ခေါ်ပွဲလည်း ပါဝင်မည်
ရန်ကုန် သြဂုတ် ၆
စက်တင်ဘာလ ၆ ရက် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၇ ရက် နံနက်အစောပိုင်း)တွင် အမေရိကန်နိုင်ငံ၌ ကျင်းပမည့် ONE 168: Denver ပြိုင်ပွဲတွင် တွဲဆိုင်းစုစုပေါင်း ၁၂ ပွဲ ထည့်သွင်း ကျင်းပမည်ဖြစ်ပြီး အောင်လအန်ဆန်၏ မစ်ဒယ်ဝိတ်တန်း စိန်ခေါ်ပွဲလည်း ပါဝင်မည်ဖြစ်သည်။ ယင်းပြိုင်ပွဲတွင် စိန်ခေါ်ပွဲ ၁၀ ပွဲ၊ ချန်ပီယံခါးပတ်လုပွဲ နှစ်ပွဲပါဝင်မည်ဖြစ်ပြီး Main-Event အဖြစ် ဘင်တန်ဝိတ်တန်းမွေထိုင်း၊ ကမ္ဘာ့ချန်ပီယံလုပွဲတွင် ဗြိတိန်နိုင်ငံသား ဂျိုနသန်နှင့် ထိုင်းနိုင်ငံသား ဆူပါလက်ခ်၊ Co-Main Event အဖြစ် လိုက်ဝိတ်တန်း Submission Grappling World Championship တွင် အမေရိကန်နိုင်ငံသား ရော့တိုလိုနှင့် အမေရိကန်နိုင်ငံသား မစ်ကီတို့ ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။
အောင်လအန်ဆန်နှင့် တူကီယဲနိုင်ငံသား အာဒိုဂန် တို့ပွဲကိုမူ ပွဲစဉ်(၉)အဖြစ် ကျင်းပမည်ဖြစ်သည်။
အောင်လအန်ဆန်သည် MMA ပွဲများနှင့် တစ်နှစ်ကျော်ဝေးကွာပြီးမှ ယှဉ်ပြိုင်ထိုးသတ်ရခြင်း ဖြစ်ပြီး ရလဒ်ကောင်းရယူနိုင်ရန် လိုအပ်နေသည်။ အာဒိုဂန်နှင့် ထိုးသတ်မည့်ပွဲမှာ အောင်လအန်ဆန်အတွက် One Championship အဖွဲ့အစည်းနှင့် လက်တွဲအပြီး ပွဲ ၂၀ မြောက်နှင့် ၁၀ နှစ်ပြည့်တွင် ထိုးသတ်ခွင့်ရသည့် ပထမဆုံးပွဲလည်းဖြစ်သည်။
အောင်လအန်ဆန်သည် One Championship အဖွဲ့အစည်းနှင့် စာချုပ်သက်တမ်း တိုးထားသော်လည်း ကာလအတန်ကြာမှ ပွဲထိုးသတ်ခွင့်ရရှိခြင်းဖြစ်ကြောင်း သိရသည်။