ကျောင်းသား ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ပါစေ

 

ကျောင်းသား ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ပါစေ

 

(သြဂုတ်လ ကျောင်းကျန်းမာရေးသီတင်းပတ် ဂုဏ်ပြုဆောင်းပါး)

      ယခုအခါ အခြေခံပညာကျောင်းများဖွင့်လှစ်၍ ပညာသင်နှစ် ပြန်လည်စတင်ခဲ့သည်မှာ သုံးလတာ ကာလထဲသို့   ဝင်ရောက်ခဲ့ပြီဖြစ်သည်။  ဤတွင် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာရေးကောင်းမွန်စွာ ပညာသင်ယူနိုင်ရေးသည် အဓိကလိုအပ်ချက် တစ်ရပ်ဖြစ်သည်။ ကျန်းမာရေးနှင့် ပတ်သက်၍ “အာရောဂျံ ပရမံ လာဘံ” ကျန်းမာခြင်းသည် လာဘ်တစ်ပါးဟု သိမှတ်ထားကြသည်။  ကျန်းမာမှသာ လူမှုကိစ္စအဝဝကို ကောင်းမွန်စွာ ဆောင်ရွက်နိုင်သောကြောင့်ပင် ဖြစ်သည်။  ကျန်းမာသော လူ့အဖွဲ့အစည်းဖြစ်လာရေးသည် တစ်ဦးချင်းစီ၏ ကျန်းမာရေးအဆင့်မြှင့်တင်ပေးနိုင်မှုအပေါ် မူတည်သည်။ ကျန်းမာရေးစောင့်ရှောက်မှုများ၊  ကျန်းမာရေး အလေ့အကျင့်ကောင်းများသည်  ကျောင်းသားအရွယ်မှ စတင်၍ ဆောင်ရွက်နိုင်မှသာ အနာဂတ် လူ့အဖွဲ့အစည်းအတွက် အကျိုးဖြစ်ထွန်းမှုရလဒ်များ  ရရှိနိုင်မည်ဖြစ်သည်။ ထို့ကြောင့်   ကျောင်းကျန်းမာရေး အဆင့်မြှင့်တင်မှု လုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်ကြရမည်ဖြစ်သည်။

ကျောင်းတိုင်း  ကျောင်းကျန်းမာရေး အဆင့်မြှင့်တင်ရန် ကျောင်းသား၊ ကျောင်းသူများ သိရှိလိုက်နာရမည့် ကျန်းမာရေး အလေ့အကျင့်ကောင်းများ၊  ရောဂါကာကွယ် တားဆီးရေးနှင့် သန့်ရှင်းရေး လုပ်ငန်းများ၊ အာဟာရပြည့်ဝရေး ဗဟုသုတများကို ဖြန့်ဖြူးပေးရမည်ဖြစ်သည်။   ကျောင်းကျန်းမာရေးမြှင့်တင်မှု လုပ်ငန်းစဉ်များတွင် -

    (၁) ကျောင်းကျန်းမာရေးပညာပေးလုပ်ငန်းများ

    (၂) ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများ

    (၃) ရောဂါကာကွယ်ရေးလုပ်ငန်းများ

    (၄) ကျောင်းတွင်းအာဟာရ ဖွံ့ဖြိုးရေးနှင့် အစားအစာများ ဘေးအန္တရာယ် ကင်းဝေးရေးလုပ်ငန်း

    (၅) ကျောင်းသားများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း

    (၆) ကာယနှင့် အားကစားလုပ်ငန်းများလုပ်ဆောင်ပေးရန်တို့ ပါဝင်သည်။

    ကျောင်းသားလူငယ်များ ပညာကောင်းစွာ သင်ယူနိုင်ရန်   ကျန်းမာကြံ့ခိုင်မှုရှိရမည်။   ကျန်းမာရေးကောင်းမှသာ  ကျောင်းမှန်မှန်တက်၍ စာမှန်မှန် ကျက်နိုင်မည်။ ကျန်းမာရေး ကောင်းမွန်ရန် ကိုယ်ခံအားကောင်းရမည်။  ကိုယ်ခံအားကောင်းလျှင် အနာရောဂါများ အလွယ်တကူ   မဝင်ရောက်မကူးစက်နိုင်။ ကိုယ်ခံအားကောင်းရန် ဆောင်ရမည့် ရှောင်ရမည့် လုပ်ငန်းများကို ကလေးများသိရှိ နားလည်လိုက်နာနိုင်ရန် လိုအပ်သည်။ ကျန်းမာရေး အသိပညာများကို ကျောင်းသား၊ ကျောင်းသူများ သိရှိလိုက်နာနိုင်ရေး၊

ဆက်စပ်ဝန်းကျင်နှင့်အသိုင်းအဝိုင်းအားလုံး လိုက်နာနိုင်ရေးအတွက်    ပညာပေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ရပေမည်။ ကျန်းမာရေးပူးပေါင်း အဖွဲ့များအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ၏   တစ်ကိုယ်ရေ ကျန်းမာရေးကို ပုံမှန်စစ်ဆေးပေးခြင်း၊ ကျန်းမာရေးပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ပေးရမည်။ ကျောင်းနှင့်ဝန်းကျင်သန့်ရှင်းရေးအတွက် အမှိုက်ပုံးများ စနစ်တကျ ထားရှိရန်၊ အမှိုက်များကို စနစ်တကျ စွန့်ပစ်ရန်လိုအပ်သည်။ ယင်လုံအိမ်သာများ စနစ်တကျ သုံးစွဲရန်နှင့် အိမ်သာသန့်ရှင်းရေးကို နေ့စဉ်ဂရုစိုက်ကြပ်မတ် ဆောင်ရွက်ရန်၊ အိမ်သာတက်ပြီးလျှင်   ဆပ်ပြာနှင့်စနစ်တကျ လက်ဆေးတတ်ရန်  ညွှန်ကြားပြသ ပေးရမည်ဖြစ်သည်။

ထို့ပြင်  ကျန်းမာရေးနှင့် ညီညွတ်သော ကျောင်းပတ်ဝန်းကျင်ဖြစ်ရန် အမြဲမြှင့်တင်ဆောင်ရွက်ကြရပေမည်။ ဥပမာ -စာသင်ခန်းအတွင်းတွင် ယခင်က ကျောက်သင်ပုန်းနှင့် မြေဖြူကိုသာ   အသုံးပြုခဲ့သော်လည်း ယခုအခါ  White Boardနှင့် Marker Pen တို့ကို ပြောင်းလဲ သုံးစွဲနိုင်အောင် ကြိုးစားခြင်းမျိုးဖြစ်သည်။ အတန်းအတွင်း/အပြင် နေ့စဉ်သန့်ရှင်းရုံသာမက   ကျောင်းသား၊ ကျောင်းသူများ  နေ့စဉ်သောက်သုံးရေ သန့်ရှင်းရေးသည် အထူးလိုအပ်သည်။ သောက်သုံးရေသန့်ရှင်းရေး၊ ရေကောင်းရေသန့် ရရှိရေးကို မဖြစ်မနေစီမံ ဆောင်ရွက်ကြရပေမည်။

ကျန်းမာရေးနှင့်ညီညွတ်သော ရေရရှိရန်၊ ရေအရင်းအမြစ်များ၏ အရည်အသွေးကို စစ်ဆေးမှုပုံမှန်လုပ်ပေးရန်နှင့် ဆီလျော်သော သန့်စင်မှုပြုလုပ်ပေးနိုင်ရန် လိုအပ်သည်။ ကျောင်းများတွင် ရေသန့်စက်များ တပ်ဆင်ပေးခြင်းနှင့်  အလျဉ်မီအောင်   ရေသန့်ထုတ်လုပ်ပေးနိုင်ရေး အဆင့်ဆင့် ဆောင်ရွက်ကြရမည်။

သောက်သုံးရေအမြဲသန့်စင်နေရန် နေ့စဉ်အလှည့်ကျ လဲလှယ်ခြင်း၊   သန့်ရှင်းရေး ပြုလုပ်ပေးခြင်းတို့ ဆောင်ရွက်ကြရမည်ဖြစ်သည်။

ကျောင်းကျန်းမာရေးအတွက် ရောဂါကာကွယ်ရေး လုပ်ငန်းစဉ်များကလည်း  အရေးကြီးပေသည်။  ရောဂါကာကွယ်ရေးတွင် ကူးစက်တတ်သော ရောဂါနှင့် မကူးစက်တတ်သော ရောဂါတို့ကို ကာကွယ်နိုင်ရန် ကြိုတင်စီမံချက်ရေးဆွဲ ဆောင်ရွက်ရမည်။  ခြင်ပေါက်ပွားမှု အများဆုံးဖြစ်သော   မိုးရာသီတွင် ကျောင်းဝန်းကျင်  ရေစီးရေလာကောင်းအောင် ရေမြောင်းများ တူးဖော်ခြင်း၊ ဆယ်ခြင်းတို့ပြုလုပ်ရမည်။ ခြင်ပေါက်ပွားနိုင်မည့် ရွှံ့ဗွက်၊ ရေအိုင်များဖို့ခြင်း၊ ချုံနွယ်ပိတ်ပေါင်းများ  ရှင်းလင်းခုတ်ထွင်ခြင်း၊ ရေကန်များကို  ခြင်လုံအောင် ဖုံးအုပ်ခြင်း၊ ရေလှယ်ခြင်း၊ သီတင်းပတ်နောက်ဆုံးရက်များတွင် ကျောင်းဝန်းကျင်နှင့် စာသင်ခန်းများကို  ခြင်ဆေးဖျန်းခြင်းတို့ပြုလုပ်ပေးခြင်းဖြင့် ခြင်ကြောင့်ဖြစ်သော သွေးလွန်တုပ်ကွေး၊  ရာသီတုပ်ကွေးနှင့် ငှက်ဖျားရောဂါများ ကင်းဝေးမည်ဖြစ်သည်။

    နောက်တစ်ချက်အနေဖြင့် ကျောင်းသား၊ ကျောင်းသူများ အာဟာရဖွံ့ဖြိုးရေးနှင့်     အစားအစာများ ဘေးအန္တရာယ် ကင်းဝေးစေရန်  ဆောင်ရွက်ရမည်။ ကျောင်းသားလူငယ် မောင်မယ်များ အာဟာရပြည့်ဝစေရန် ထမင်း(ကစီဓာတ်) အပြင် ကြက်ဥ၊ နွားနို့၊ အဆီ၊ အသား၊ ပဲမျိုးစုံ၊ သစ်သီးများ၊ ဟင်းသီးဟင်းရွက်များ စုံလင်မျှတစွာ စားသုံးရန် အသိပညာပေးရမည်။ ပြည်ပနိုင်ငံများတွင် မူလတန်း အရွယ်ကလေးများကို နေ့စဉ် နို့တစ်ခွက်တိုက်ကျွေးသည့် အစီအစဉ်ပြုလုပ်လျက်ရှိကြောင်း သိရသည်။ ကျန်းမာသန်စွမ်းသော လူငယ်များဖြစ်လာစေရန် ကျောင်းသားအရွယ်မှစ၍  အာဟာရဖွံ့ဖြိုးမှု လုပ်ငန်းစဉ်များကို  အလေးပေး ဆောင်ရွက်ရမည်ဖြစ်သည်။

မြန်မာနိုင်ငံ၌     ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထောက်ပံ့မှုဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းအခြေပြု ကျောင်းကျန်းမာရေး သုတေသန (Global School Health Survey)  ကို ဆောင်ရွက်ခဲ့သည်။  ထိုသုတေသနကို ဆောင်ရွက်ခြင်းမှာ ၁၃ နှစ်မှ ၁၇  နှစ်အတွင်း ကျောင်းသားလူငယ်များ အစားအသောက်ဆိုင်ရာ အလေ့အထများ၊  တစ်ကိုယ်ရေ သန့်ရှင်းရေး၊ စိတ်ကျန်းမာရေး၊ ကိုယ်လက်လှုပ်ရှားကစားခြင်း၊ ဆေးလိပ်နှင့်ဆေးရွက်ကြီး သုံးစွဲမှုနှင့် ပတ်သက်သော အသိပညာများ၊ မတော်တဆ ထိခိုက်ဒဏ်ရာရမှုများ စသည့် အကြောင်းခြင်းရာများကို    သိရှိရန်ဖြစ်သည်။ ကျောင်းကျန်းမာရေး လုပ်ငန်း၏ ရည်ရွယ်ချက်များမှာ-

    (က) ကျောင်းသားလူငယ်များ၏ ကျန်းမာကြံ့ခိုင်ရေး အဆင့်အတန်းမြင့်မား တိုးတက်လာစေရန်

    (ခ) ကျောင်းသားလူငယ်များအား မှန်ကန်သော ကျန်းမာရေးပညာနှင့် အပြုအမူများ သိရှိနားလည်၍ ကိုယ်တိုင်ကျင့်သုံး တတ်စေရန်၊ တစ်သက်တာလုံး ကျန်းမာပျော်ရွှင်သော ဘဝ ပိုင်ရှင်များ ဖြစ်လာစေရန်

    (ဂ) ကျောင်းသားလူငယ်များ တွေ့ကြုံခံစားနေရသော ရောဂါပြဿနာများအား စောစီးစွာ ရှာဖွေကုသပေးရန်

    (ဃ)ကျန်းမာရေးနှင့်ညီညွတ်၍ သန့်ရှင်းသာယာသောကျောင်းနှင့် ကျောင်းပတ်ဝန်းကျင်များ ဖြစ်ထွန်းလာစေရန်

    (င) အာဟာရပြည့်ဝ၍ ကာယ၊ ဉာဏ၊ စာရိတ္တ ကျန်းမာကြံ့ခိုင်သော မျိုးဆက်သစ်လူငယ်များဖြစ်ထွန်းလာရေးအတွက် ပြုစုပျိုးထောင်ပေးရန်

    (စ) ထိရောက်အောင်မြင်သော ကျောင်းကျန်းမာရေး လုပ်ငန်းမှတစ်ဆင့် ကလေးသူငယ်အချင်းချင်း၊ မိသားစု၊ ရပ်ရွာ၊ မြို့နယ်နှင့် တစ်မျိုးသားလုံး၏ ကျန်းမာရေးအဆင့်အတန်း မြင့်မားတိုးတက် လာစေရန်တို့ဖြစ်ရာ ရည်ရွယ်ချက်အောင်မြင်အောင် ဝိုင်းဝန်းကြိုးပမ်းရမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင်   ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန၊  ကမ္ဘာ့ကျန်းမာရေး အဖွဲ့တို့၏ ပူးပေါင်းမှုဖြင့် ပြီးပြည့်စုံသော ကျောင်းကျန်းမာရေး စီမံချက်မဟာဗျူဟာ စီမံကိန်းများ  အဆင့်ဆင့်ရေးဆွဲ ဆောင်ရွက်ခဲ့သည်။ ထိုစီမံကိန်းများအရ ကျောင်းသားလူငယ်များ တွေ့ကြုံခံစားနေရသည့် အဓိက ကျန်းမာရေး ပြဿနာများ၊   ကျန်းမာရေး လိုအပ်ချက်များကို ဖော်ထုတ်ကာ ဦးစားပေးနယ်ပယ်များရွေးချယ်ခြင်း၊ ရည်မှန်းချက်များ ချမှတ်ခြင်းနှင့် မဟာဗျူဟာ လုပ်ငန်းစဉ်များ   ရေးဆွဲအကောင်အထည် ဖော်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။

နိဂုံးချုပ်အနေဖြင့် နိုင်ငံတော်က ကျောင်းကျန်းမာရေး မြှင့်တင်ရန်အတွက်   အန္တရာယ်ကင်းဝေးရေး လုပ်ငန်း၊ ပြည်သူလူထုပူးပေါင်း ပါဝင်မှုဖြင့် ကျောင်းမှ ပြည်သူလူထုအတွင်းသို့ မူမှန်၊ ဘဝမှန်များ ရောက်ရှိရေး လုပ်ငန်း၊  ကာယပညာနှင့်  အားကစားလုပ်ငန်း၊ သင်တန်းနှင့် သုတေသန လုပ်ငန်း၊ နှစ်သိမ့်ဆွေးနွေး အကြံပေးခြင်းနှင့်  လူမှုရေးပံ့ပိုးမှု လုပ်ငန်းများအား ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများ၏ အင်အားကိုအသုံးပြု၍ ဆောင်ရွက်ခြင်းဖြင့် ကျောင်းကျန်းမာရေး အတွက်  အဆင့်မြင့်ကျောင်းများ တည်ထောင်ရန်  အားလုံးက   ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန်   လိုအပ်ကြောင်း   နှိုးဆော် တိုက်တွန်း ရေးသားလိုက်ရပေသည်။   ။

ညွန့်ဝင်း(နတ်တလင်း)