အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ကို ဂုဏ်ပြုကြိုဆိုကာ အစိုးရစက်မှုလက်မှုသိပ္ပံ(နေပြည်တော်)၌ မိုးရာသီအားကစားပြိုင်ပွဲ ကျင်းပ

အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ကို ဂုဏ်ပြုကြိုဆိုကာ အစိုးရစက်မှုလက်မှုသိပ္ပံ(နေပြည်တော်)၌ မိုးရာသီအားကစားပြိုင်ပွဲ ကျင်းပ

နေပြည်တော်   ဩဂုတ်   ၇

    ဩဂုတ်လ  ၁၂  ရက်တွင်   ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့်     မိုးရာသီအားကစားပြိုင်ပွဲ     ဖွင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင်  အစိုးရစက်မှုလက်မှု သိပ္ပံ(နေပြည်တော်)၌ ကျင်းပရာ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန   ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ တက်ရောက်ကာ အဖွင့်အမှာစကား ပြောကြားသည်။ 

ဦးစွာဒုတိယဝန်ကြီးက နိုင်ငံ့လူငယ်များ ကို ကမ္ဘာ့လူငယ်များနှင့်    ရင်ပေါင်တန်းနိုင်ရေးအတွက်   ဘဝရပ်တည်မှုခိုင်မာစေ ရေးအတွက် ပညာရည်မြင့်မားရေးအပြင် ဘက်စုံထူးချွန် ထက်မြက်စေရေး    ပြုစုပျိုးထောင်ပေးလျက်ရှိကြောင်း၊ ကျောင်းသား အားကစားသမားများမှသည်    နိုင်ငံ့ဂုဏ်ဆောင် အားကစားများဖြစ်သည်အထိ ရည်မှန်းဆောင်ရွက်ကြရန်     တိုက်တွန်းပြောကြားကာ အခမ်းအနားကို  ဖွင့်လှစ်ပေးသည်။

ထို့နောက် ပြိုင်ပွဲဝင် ကျောင်းသားများ က အားကစားသစ္စာအဓိဋ္ဌာန်ကို   သံပြိုင် ရွတ်ဆိုကြပြီး ဒုတိယဝန်ကြီးက အင်ဂျင် နီယာဘာသာရပ်အလိုက် ပြိုင်ပွဲဝင်အသင်း များကို  ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

ဆက်လက်၍ အင်ဂျင်နီယာ ဘာသာရပ် ပေါင်းစုံ ညွန့်ပေါင်းအကအဖွဲ့နှင့် ဘာသာရပ် အလိုက် ကျောင်းသား၊ ကျောင်းသူအကအဖွဲ့များက အစီအစဉ်အတိုင်း ကပြဖျော်ဖြေကြရာ ဒုတိယဝန်ကြီးက အကအဖွဲ့များကို အဖွဲ့လိုက် ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် အဖွင့်ပွဲစဉ်  ဖူဆယ်ဘောလုံး (ကျား)ပြိုင်ပွဲအဖြစ်   Farm   Machinery  အသင်းနှင့် Civil အသင်းတို့ ယှဉ်ပြိုင်ကစား ကြရာ အကြိတ်အနယ်ရှိခဲ့ပြီး   တစ်ဖက် လေးဂိုးစီဖြင့် သရေကျသွားသည်။

အဆိုပါ မိုးရာသီအားကစားပြိုင်ပွဲတွင် ဖူဆယ်ဘောလုံး(ကျား)၊    ဘောလီဘော၊ ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်၊ ကြက် တောင်(ကျား/မ) စုစုပေါင်း အားကစားနည်း ငါးမျိုးကို ဩဂုတ်လ ၇ ရက်မှ ၁၄ ရက်အထိ ကျင်းပမည်ဖြစ်ကာ အားကစားသမားပေါင်း ၁၉၇ ဦး ယှဉ်ပြိုင် ကစားကြမည်ဖြစ်ကြောင်း သိရသည်။

Dates: 
Thursday, August 8, 2024 - 09:24