ရေချိုကိုတန်ဖိုးထား ကမ္ဘာကြီးကိုစောင့်ရှောက်

ရေချိုကိုတန်ဖိုးထား ကမ္ဘာကြီးကိုစောင့်ရှောက်
ယမန်နေ့မှအဆက်
    ရေအားလျှပ်စစ်စက်ရုံတစ်ရုံမှ   ဓာတ်အားတစ်ကီလိုဝပ်နာရီ (တစ်ယူနစ်)ထုတ်လုပ်တိုင်း CO2  ၆ ဒသမ ၆ ကီလိုဂရမ်ထုတ်လွှတ်သည်။ ဓာတ်ငွေ့သုံးဓာတ်အားပေး စက်ရုံတစ်ရုံမှ တစ်ကီလိုဝပ်နာရီ (တစ်ယူနစ်) ထုတ်လုပ်တိုင်း CO2 ၃၅ဝ ကီလိုဂရမ်ထွက်ရှိသည်။ (ဤဓာတ်ငွေ့စက်ရုံမှ ရရှိသည့် စွန့်ပစ်အပူဖြင့် ရေနွေးငွေ့တာဘိုင်ကို ဆက်လက်လည်ပတ်စေသည့်  စက်ရုံမျိုးကိုဆိုလိုသည်။ အကယ်၍ ဓာတ်ငွေ့စက်ရုံသက်သက်လည်ပတ်ပြီး ဓာတ်အားထုတ်လုပ်ပါက ဓာတ်အား တစ်ကီလိုဝပ်နာရီအတွက်  CO2 ၇ဝဝ ကီလိုဂရမ်ခန့် ထုတ်လွှတ်သည်။)
ကဏ္ဍအလိုက် CO2 ထုတ်လွှတ်မှုအနက် လျှပ်စစ်ကဏ္ဍမှ ကြီးမားစွာ CO2 ထုတ်လုပ်နေသည့် နိုင်ငံကြီးများ အများအပြားရှိသည်။
အမေရိကန်နိုင်ငံ၏ ၂ဝ၁၉ ခုနှစ်တွင် ထုတ်လွှတ်ခဲ့သော ကဏ္ဍအလိုက် CO2 အချိုးမှာ-
သယ်ယူပို့ဆောင်ရေးမှ                                          -၂၉%
လျှပ်စစ်ကဏ္ဍမှ                                                   -၂၅%
စီးပွားရေးအဆောက်အအုံများကဏ္ဍမှ                   -၁၃%
လယ်ယာသားငါးကဏ္ဍမှ                                     -၁ဝ%
အသီးသီးထုတ်လွှတ်နေသည်။   ၂ဝ၁၉ ခုနှစ်   တစ်နှစ်စာ   CO2 မက်ထရစ်တန်ချိန်  သန်းပေါင်း ၆၅၅၈  ထုတ်လွှတ်ခဲ့သည့်အတွက် လျှပ်စစ်ကဏ္ဍမှ  မက်ထရစ်တန်ချိန် သန်းပေါင်း  ၁၆၃၉  ထုတ်လွှတ်ခဲ့သည့် သဘောဖြစ်သည်။
နိုင်ငံကြီးများတွင်   လျှပ်စစ်ကဏ္ဍမှ   ဓာတ်အားထုတ်လုပ်နေမှုတွင် အရင်းအမြစ်ပေါင်းစုံ  ပါဝင်မှုအချိုးကိုကြည့်လျှင်လည်း    တွင်းထွက်လောင်စာကိုသာ  အားပြုမောင်းနှင်နေသည်ကို  တွေ့ရသည်။  ဓာတ်အားထုတ်လုပ်မှုအရင်းအမြစ်အချိုးများကို   နိုင်ငံများအလိုက်  နမူနာဖော်ပြပါမည်။
Description: C:\Users\dsitd\Desktop\8-8-2024\8841.JPG
Source:* eia report february 2021, ** eia report,2020, *** wikipedia
ဖော်ပြခဲ့သည့် စက်မှုဖွံ့ဖြိုးသောနိုင်ငံများနှင့် မိမိတို့အိမ်နီးချင်းနိုင်ငံများတွင်   လျှပ်စစ်ဓာတ်အားရရှိရေးအတွက်   တွင်းထွက်လောင်စာကို အဓိကအားကိုးပြီး ထုတ်လုပ်နေသည်ကို တွေ့ရမည်။
ယနေ့ကမ္ဘာတစ်ဝန်းလုံး၏  ပျမ်းမျှဓာတ်အား ထုတ်လုပ်မှုအရင်းအမြစ်အချိုးကို အောက်ပါအတိုင်းတွေ့ရသည်။
ကမ္ဘာတစ်ဝန်းလုံး အရင်းအမြစ်အလိုက် ဓာတ်အားထုတ်လုပ်မှုပျမ်းမျှ
အချိုး (၂ဝ၁၇)
           အရင်းအမြစ်              အချိုး%
- ကျောက်မီးသွေး                   ၃၈
- ဓာတ်ငွေ့                           ၂၃
- နျူကလီးယား                    ၁ဝ
- လောင်စာဆီ                       ၄
- ပြည်လည်ပြည့်ဖြိုးမြဲ          ၂၅
Source: eia Report 2017
CO2 လျှော့ချရမည့်ကိစ္စများကိုရှင်းလင်းရာတွင်  အသေးစိတ်ထပ်မံ ရှင်းပြပါမည်။
ဆက်လက်၍ လယ်ယာ၊ သားငါး၊ သစ်တောကဏ္ဍမှ  CO2 ထုတ်လွှတ်မှုကို ဖော်ပြပါမည်။
မွေးမြူရေး၊ စိုက်ပျိုးရေးနှင့် သစ်တောကဏ္ဍ CO2 ထုတ်လွှတ်မှု
    မွေးမြူရေး၊  စိုက်ပျိုးရေးနှင့် သစ်တောကဏ္ဍ၏ CO2 ထုတ်လွှတ်မှုသည် တစ်ကမ္ဘာလုံး CO2 ထုတ်လွှတ်မှု၏ ၂၅ ရာခိုင်နှုန်းဝန်းကျင်အထိ မြင့်မားနေသည်။ စဉ်းစားစရာကောင်းသည်။ ဤကဏ္ဍများမှ မည်ကဲ့သို့ CO2  များ ထုတ်လွှတ်နေကြပါသနည်း။ ဤနေရာတွင်  နှစ်ပိုင်းခွဲ၍မြင်ရမည်။
တစ်ပိုင်းမှာ   မွေးမြူရေးနှင့် စိုက်ပျိုးရေးဖြစ်ပြီး  နောက်တစ်ပိုင်းမှာ သစ်တောကဏ္ဍဖြစ်သည်။ မွေးမြူရေးနှင့်စိုက်ပျိုးရေးကဏ္ဍမှ အဓိကထုတ်လွှတ်နေသည်မှာ မီသိန်း (CH4) ဓာတ်ငွေ့ဖြစ်သည်။ သို့သော် ရှေ့တွင်ဖော်ပြခဲ့သည့်အတိုင်း CH4 ၏ ပြင်းအားသည် CO2 ထက် ၂၁ ဆပြင်းသော GHG  ကို ထုတ်လွှတ်နိုင်ခြင်းကြောင့် CO2  နှင့် အချိုးပြန်ချလိုက်သည့်အခါ ဤမျှ များပြားသွားခြင်းဖြစ်သည်။
လယ်ယာမြေများတွင်  သီးနှံတစ်ကြိမ်ရိတ်သိမ်းပြီးနောက် သီးနှံအတွက် ရေသွင်းကြသည့်အစဉ်အလာရှိသည်။ စပါးရိုးပြတ်များနှင့် တခြားသောရိုးပြတ်များ၊ ပေါင်းပင်များပါ အားလုံးရေသွင်းပြီး ထယ်ထိုးလိုက်သည့်အခါ ပြင်းထန်သော CH4 ဓာတ်ငွေ့ထွက်လာသည်။ ဤသည် မှာ ဧကနည်းနည်းမဟုတ်၊ မြန်မာတစ်နိုင်ငံတည်းကွက်ပြောလျှင်ပင် နှစ်စဉ်စပါးတစ်မျိုးတည်းပင် ဧက ၁၈ သန်း စိုက်ပျိုးသည်ကို ကြည့်၍ခန့်မှန်းနိုင်သည်။                                    
ဆက်လက်ဖော်ပြပါမည်။