ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၆)ခရိုင်နှင့် တက္ကသိုလ်များ အသက် ၂၀ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ
ပဲခူး ဩဂုတ် ၇
ပဲခူးမြို့ ဟံသာဝတီယူနိုက်တက် ဘောလုံးကွင်း၌ ယမန်နေ့ညနေပိုင်းက ၂၀၂၄ ခုနှစ် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၆)ခရိုင်နှင့် တက္ကသိုလ်များ အသက်၂၀ နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်သည်။
ရှေးဦးစွာ တောင်ငူခရိုင်အမျိုးသမီး ဘောလုံးအသင်းနှင့် ညောင်လေးပင်ခရိုင် အမျိုးသမီးဘောလုံးအသင်းတို့ ဗိုလ်လုပွဲယှဉ်ပြိုင်ကစားနေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများ၊ အားကစားဝါသနာရှင်များကကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် ဆုချီးမြှင့်ပွဲကျင်းပရာ ပွဲစဉ်တစ်လျှောက် နေရာအလိုက် အကောင်းဆုံးဆု ရရှိသူများနှင့် အကောင်းဆုံး အားကစားသမားဆု ရရှိသူတို့အား တိုင်းရင်းသားရေးရာ ဝန်ကြီးနှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီးတို့က ဆုတံဆိပ်များနှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် တတိယဆုရရှိသော ပြည်ခရိုင် အမျိုးသမီးဘောလုံးအသင်း၊ ဒုတိယဆုရရှိသော တောင်ငူခရိုင် အမျိုးသမီးဘောလုံး အသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကို လူမှုရေးရာ ဝန်ကြီးနှင့် သယံဇာတရေးရာဝန်ကြီးတို့က လည်းကောင်း၊ ပထမဆုရရှိသော ညောင်လေးပင်ခရိုင် အမျိုးသမီးဘောလုံးအသင်းအား တစ်ဦးချင်းဆုတံဆိပ်များကို လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက လည်းကောင်း အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်က ပထမရရှိသော ညောင်လေးပင်ခရိုင် အမျိုးသမီးဘောလုံး အသင်းအား ပထမတံခွန်စိုက်ဆုဖလားနှင့် ငွေသားဆု ၁၀ သိန်းကျပ် ပေးအပ်ချီးမြှင့်ပြီး မှတ်တမ်းတင်ဓာတ်ပုံ စုပေါင်းရိုက်ကူးကြသည်။
အဆိုပါ ၂၀၂၄ ခုနှစ် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၆)ခရိုင်နှင့် တက္ကသိုလ်များ အသက်၂၀ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲကို ခရိုင်(၆)ခရိုင် ကိုယ်စားပြုဘောလုံးအသင်း ခြောက်သင်း၊ ပဲခူး၊ ပြည်၊ တောင်ငူတက္ကသိုလ်များ ကိုယ်စားပြု ဘောလုံးအသင်းသုံးသင်း စုစုပေါင်း ဘောလုံးအသင်း ကိုးသင်းပါဝင်ကာ အုပ်စုသုံးအုပ်စုခွဲ၍ ပတ်လည်ယှဉ်ပြိုင် ကစားခဲ့ကြကြောင်း သိရသည်။
Dates:
Thursday, August 8, 2024 - 10:58