တရားမဝင် သစ်မျိုးစုံ၊ စားသောက်ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ မော်တော်ဆိုင်ကယ်များနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ
နေပြည်တော် ဩဂုတ် ၇
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိရာ ဩဂုတ်လ ၅ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ရွာသာကြီး Dry Port ၌ ဘားအံမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ် (၁)စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် Gospower Lithium Battery အလုံး(၂၀) အပါအဝင် ကုန်ပစ္စည်း(၄)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၇၅၀၀၀၀)နှင့် အဆိုပါ ပစ္စည်းများတင်ဆောင်လာသည့် Hino Tractor Head (၁)စီးနှင့် နောက်တွဲယာဉ် (၁)တွဲ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၉၀၀၀၀၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၀၇၅၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့အတူ သြဂုတ်လ ၅ ရက်တွင် မွန်ပြည်နယ်တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မော်လမြိုင်မြို့နယ် မန္တလေးရပ်ကွက် ဟင်္သာအဝိုင်းအနီး၌ မော်တော်ယာဉ် (၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ကိုရီးယားနိုင်ငံထုတ် အလှကုန်ပစ္စည်း LEBELAGE Green Tea Solution Mask Pack ဘူး (၃၆၀)အပါအဝင် ကုန်ပစ္စည်း ၄ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၅၀၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Bus (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀၀)၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၅၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သြဂုတ်လ ၅ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဘုရားကြီးမြို့ ရွှေသံလွင်တိုးဂိတ်အနီး၌ ဒိုက်ဦးမြို့မှ ပဲခူးမြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် ထိုင်းနိုင်ငံထုတ် Lipovitan-D အားဖြည့်အချိုရည် ပုလင်း ၁၀၅၀၀ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၈၀၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Canter (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၂၈၀၀ ၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိ သည်။
သြဂုတ်လ ၅ ရက်တွင် မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မင်းဘူးမြို့နယ် အေးမြကျေးရွာ၌ တရားမဝင် ရေနံစိမ်း(၁၀)ဂါလန်၊ ကေဘယ်မီးကြိုးခွေ(၁)ခွေနှင့် Shayan-110 မော်တော်ဆိုင်ကယ်(၁)စီး စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၉၀၂၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေးဥပဒေနှင့် အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် သြဂုတ်လ ၆ ရက်တွင် နေပြည်တော်ကောင်စီ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ လယ်ဝေးမြို့ ရှမ်းစုဂိတ်၌ လိုင်စင်မဲ့ Honda Fit မော်တော်ယာဉ် (၁)စီးနှင့် Toyota Mark II မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၅၀၀၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရ လည်းကောင်း၊ လယ်ဝေးခရိုင်အတွင်း၌ တရားမဝင်ကျွန်းသစ် (သုည ဒသမ ၆၉၄)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၅၀၀၀)ကို သစ်တောဥပဒေ အရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေ ကျပ် ၁၆၇၂၅၀၀၀)ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။
ယင်းအပြင် သြဂုတ်လ ၇ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့ ရတနာပုံတံတား ပူးပေါင်းစစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့ Nissan X-Trail မော်တော်ယာဉ် (၁)စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၂၀၀၀၀၀၀)နှင့် မုံရွာမြို့၊ စက်မှုဇုန်ရပ်ကွက်၌ Kenbo မော်တော်ဆိုင်ကယ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၀၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၂၂၅၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ သြဂုတ်လ ၅ ရက်၊ ၆ ရက် နှင့် ၇ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၂)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆၃၉၁၅၂၀၀)ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။