ဘင်းမ်စတက်အဖွဲ့အတွင်းက မြန်မာနိုင်ငံ

 

ဘင်းမ်စတက်အဖွဲ့အတွင်းက မြန်မာနိုင်ငံ

 

    စတုတ္ထအကြိမ်မြောက် ဘင်းမ်စတက် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများ အစည်းအဝေး    (4th BIMSTEC National Security Chiefs’ Meeting) ကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ဇူလိုင်လ ၂၄ ရက်မှ ၂၆ ရက်အထိ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။

    ဒီအစည်းအဝေးကို အဖွဲ့ဝင်နိုင်ငံများဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ နီပေါ၊ မြန်မာ၊ သီရိလင်္ကာ၊ ထိုင်းနိုင်ငံများကအမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့်  မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းစဉ်များ၊ ရေကြောင်းလုံခြုံရေးဆိုင်ရာများနှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများ၊ သက်ဆိုင်ရာလုံခြုံရေးကဏ္ဍအလိုက် ထိရောက်သည့် သတင်းအချက်အလက်များ ပိုမိုပူးပေါင်း မျှဝေနိုင်ရေး၊ ဒေသတွင်းလက်ရှိဖြစ်ပေါ်နေသည့် လုံခြုံရေးဆိုင်ရာ အခြေအနေ၊ ကြုံတွေ့လာနိုင်သည့် လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများအတွက် ကြိုတင်ပြင်ဆင်ထားရှိရမည့် အခြေအနေနှင့် အကောင်အထည်ဖော်   ဆောင်ရွက်ကြရမည့် နည်းလမ်းများအား  ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးတင်ပြခဲ့ကြပါတယ်။

အစည်းအဝေးတက်ရောက်လာကြတဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ  အကြံပေး ပုဂ္ဂိုလ်များဟာ သက်ဆိုင်ရာနိုင်ငံများအလိုက် အစိုးရအဖွဲ့တွေမှာ ဩဇာအာဏာ ရှိသူများဖြစ်ပြီး သူတို့နိုင်ငံတွေရဲ့ နိုင်ငံတကာဆက်ဆံရေးနဲ့ အမျိုးသားလုံခြုံရေး ကိစ္စရပ်များမှာ  မူဝါဒချမှတ်သူများ ဖြစ်ကြပါတယ်။ ဒါ့ကြောင့် ဒီလိုပုဂ္ဂိုလ်ကြီးတွေ ကိုယ်တိုင် စုံစုံညီညီတက်ရောက်လာပြီး အပြုသဘောဆောင်တဲ့ ဆွေးနွေးပြောဆိုမှုတွေဟာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရအတွက်    များစွာအထောက်အကူဖြစ်စေပြီး ဒီလိုအဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးကို အိမ်ရှင်အဖြစ် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခြင်းကြောင့်   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရရဲ့ Legitimacy ကို အားကောင်းစေသလို    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွက် နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေးပူးပေါင်း ဆောင်ရွက်မှု အခွင့်အလမ်းကောင်းများနဲ့  သံတမန်ရေး ဂုဏ်သိက္ခာတွေကို ရရှိခဲ့ပါတယ်။

အထူးသဖြင့် ဘင်းမ်စတက်အဖွဲ့ထဲမှာ မြန်မာ့အိမ်နီးချင်းတွေဖြစ်တဲ့ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနိုင်ငံများ ပါဝင်တာကြောင့် နယ်စပ်ဒေသတွေမှာ ဖြစ်ပွားနေတဲ့    လက်နက်ကိုင်ပဋိပက္ခများနဲ့ မူးယစ်ဆေးဝါး    မှောင်ခိုရောင်းဝယ်မှုများကို      ပူးပေါင်းနှိမ်နင်းနိုင်မယ့် နည်းလမ်းများကိုလည်း ဆွေးနွေးနိုင်ခဲ့ပါတယ်။

BIMSTEC အဖွဲ့ဟာ ထိုင်းနိုင်ငံအနေနဲ့ အိမ်နီးချင်းအနောက်နိုင်ငံတွေနဲ့ စီးပွားရေး တိုးချဲ့ဆက်သွယ်ဆောင်ရွက်လိုသော Look West Policy၊ အိန္ဒိယနိုင်ငံရဲ့ အရှေ့ တောင်အာရှဒေသနိုင်ငံများနဲ့ စီးပွားရေးအရ   ပိုမိုနီးကပ်စွာဆောင်ရွက်လိုတဲ့Look East Policy တို့ရဲ့ ပေါင်းစည်းထားတဲ့ ရလဒ်ကနေဖြစ်ပေါ်လာတဲ့ ဒေသတွင်းခိုင်မာအားကောင်းတဲ့     အဖွဲ့အစည်း ဖြစ်ပါတယ်။

အဆိုပါအဖွဲ့ကို ၁၉၉၇ ခုနှစ် ဇွန်လ ၆ ရက်နေ့တွင်   စတင်ဖွဲ့စည်းခဲ့ပြီး အဲဒီအချိန်တုန်းက ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ သီရိလင်္ကာနှင့် ထိုင်း လေးနိုင်ငံသာပါဝင်ကာ (Bangladesh-India-Srilanka-Thailand Economic Cooperation) BISTEC ဟုခေါ်ဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ၁၉၉၇ ခုနှစ် ဒီဇင်ဘာလ ၂၂  ရက်နေ့တွင် အဖွဲ့ဝင်နိုင်ငံဖြစ်လာပြီး (Bangladesh-India-Myanmar-Srilanka-Thailand-Economic Cooperation) BIMSTEC ဟု အမည်ပြောင်းလဲခဲ့ပါတယ်။ ၂၀၀၄ ခုနှစ်မှာ ဘူတန်နဲ့  နီပေါနိုင်ငံတွေဟာ အဖွဲ့ဝင် နိုင်ငံသစ်များအဖြစ် ပါဝင်လာခဲ့ပါတယ်။ BIMSTEC ဒေသတစ်ခုလုံးရဲ့ လူဦးရေဟာ ၁  ဒသမ ၈ ဘီလီယံ(၂၀၂၃) ရှိပြီး တစ်ကမ္ဘာလုံး လူဦးရေ၏  ၂၂  ရာခိုင်နှုန်း ရှိပါတယ်။   ကုန်ထုတ်လုပ်မှုမှာလည်း စုစုပေါင်း ၃ ဒသမ  ၆ ထရီလီယံ(၂၀၂၃) ရှိပါတယ်။   ဘင်းမ်စတက်အဖွဲ့ဟာ တောင်အာရှနှင့်   အရှေ့တောင်အာရှ၊ ထိုမှတစ်ဆင့်  အရှေ့အာရှဒေသသို့ ဆက်သွယ် ပေါင်းကူးရေးအတွက် အရေးကြီးသော အဖွဲ့အစည်းကြီးတစ်ခု ဖြစ်လာခဲ့ပါတယ်။

Description: C:\Users\dsitd\Desktop\8-8-2024\88112.JPG

ဘင်းမ်စတက်အဖွဲ့ရဲ့ မူဘောင်အောက်မှာရှိတဲ့ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်တွေဟာဆိုရင်  အချုပ်အခြာအာဏာ တန်းတူရည်တူရှိရေး၊ နယ်မြေတည်တံ့ခိုင်မြဲရေး၊ နိုင်ငံရေးအမှီအခိုကင်းရေး၊ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း မပြုရေး၊ ကျူးကျော်မှုမပြုရေး၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး၊ အပြန်အလှန် လေးစားရေးနှင့် အပြန်အလှန်အကျိုး ဖြစ်ထွန်းစေရေးတို့အပေါ်တွင် အခြေခံရေးနှင့် ဆုံးဖြတ်ချက်အားလုံးကို  တူညီဆန္ဒ (Consensus)အပေါ်တွင်သာ အခြေခံနိုင်ရေးအတွက်   ဘင်းမ်စတက်ပဋိညာဉ်စာတမ်းတွင် ပြဋ္ဌာန်းထားပါတယ်။

ဘင်းမ်စတက်အဖွဲ့ဟာ အခြားအဖွဲ့အစည်းများနဲ့မတူဘဲ ကွဲပြားခြားနားမှု တွေက နေထိုင်မှုပုံစံ၊ ကိုးကွယ်ယုံကြည်မှု၊ ဘာသာစကား၊ ယဉ်ကျေးမှုစတဲ့ အချက်တွေ ကွဲပြားကြတဲ့နိုင်ငံများနဲ့   ဖွဲ့စည်းတည်ထောင်ထားပြီးတော့     အဖွဲ့ဝင် နိုင်ငံများအားလုံးဟာလည်း ဒေသတွင်း အကျိုးရှိစေမည့် စီးပွားရေး၊ လူမှုရေး၊ သိပ္ပံနှင့်   နည်းပညာကဏ္ဍတွေမှာ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ရေးနဲ့ အပြန်အလှန် အကူအညီပေးရေးတို့ကို လုပ်ဆောင်လျက်ရှိပါတယ်။

ဘင်းမ်စတက်အဖွဲ့ဟာဆိုရင် ထိပ်သီးအစည်းအဝေး၊ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၊ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး၊  ဘင်းမ်စတက်လုပ်ငန်းအဖွဲ့အစည်းအဝေးဆိုပြီး အဓိကယန္တရား(၄)ရပ်ဖြင့် အဆင့်ဆင့် လည်ပတ်လျက်ရှိပါတယ်။

BIMSTEC အဖွဲ့စတင်တည်ထောင်ချိန်တုန်းက စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို  ဦးတည်ခဲ့သော်လည်း  ပထဝီဝင်နိုင်ငံရေး အခြေအနေ၊ နိုင်ငံဖြတ်ကျော် အကြမ်းဖက်မှုများ၊ လက်နက်နှင့်မူးယစ်ဆေးဝါး မှောင်ခိုမှုတွေကြောင့်   လုံခြုံရေးကဏ္ဍကိုလည်း သမားရိုးကျ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများ (Traditional Security Threats) အပြင် သမားရိုးကျမဟုတ်တဲ့ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများ၊  ဘင်္ဂလားပင်လယ်အော်နဲ့     ကပ္ပလီပင်လယ်တို့ကြောင့်   ပင်လယ်ရေကြောင်းဆိုင်ရာ လုံခြုံရေး (Maritime Security) ကိစ္စရပ်များကိုပါ ထည့်သွင်းစဉ်းစားလာကြပြီ ဖြစ်ပါတယ်။

ဒါ့ကြောင့် စတုတ္ထအကြိမ်မြောက် ဘင်းမ်စတက် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများ အစည်းအဝေးမှာ “အကြမ်းဖက်ဝါဒနှင့် တရားမဝင်မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် ဒေသတွင်းနိုင်ငံများ ပူးပေါင်းဆောင်ရွက်ခြင်း”ခေါင်းစဉ်နဲ့ဒေသတွင်းမှာ  အစွန်းရောက်အကြမ်းဖက်မှု အတွေးအခေါ်များ    မပျံ့နှံ့စေရေးနှင့်   တရားမဝင် မူးယစ်ဆေးဝါး ကုန်သွယ်မှုများ   ပပျောက်စေရေးတို့ အတွက် အဖွဲ့ဝင်နိုင်ငံများရဲ့ အတွေ့အကြုံများကို ဝိုင်းဝန်းဆွေးနွေး ခဲ့ကြပါတယ်။ အိမ်ရှင်ဖြစ်တဲ့    မြန်မာနိုင်ငံအတွက်သာမက ဒေသတွင်းအကြမ်းဖက် နှိမ်နင်းရေး  ပူးပေါင်း   ဆောင်ရွက်မှုများအတွက်နည်းလမ်းများ၊ အခွင့်အလမ်းများ၊  အကြံဉာဏ်များ ရရှိခဲ့သလို သမားရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာခြိမ်းခြောက်မှုများ(Non-Traditional Security Threats)ကိုလည်း ဝိုင်းဝန်းကာကွယ်နိုင်ဖို့အတွက် ပူးပေါင်းဆောင်ရွက်ရေး နည်းလမ်းများကို ဖော်ထုတ်ဆွေးနွေး ခဲ့ကြပါတယ်။

မြန်မာနိုင်ငံဟာ  ပထဝီနိုင်ငံရေးအရ အာဆီယံနဲ့ တောင်အာရှဒေသရဲ့ အချိတ်အဆက် နိုင်ငံတစ်ခုဖြစ်တာကြောင့် အာဆီယံနဲ့ ဘင်းမ်စတက်အဖွဲ့အစည်း အတွင်းမှာ အရေးပါတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ ယခုလို ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများရဲ့    အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများ   အစည်းအဝေးကို အောင်မြင်စွာ ဦးဆောင်ကျင်းပပြုလုပ်နိုင်ခြင်းဟာ    မြန်မာနိုင်ငံအတွက် သံတမန်ရေးအရ အောင်မြင်တဲ့လှုပ်ရှားမှု ဖြစ်ပြီး စီးပွားရေးအရလည်း အဖွဲ့ဝင်နိုင်ငံများနဲ့   ကုန်သွယ်မှုများပိုမိုတိုးမြှင့် ဆောင်ရွက်နိုင်မယ့်  အလားအလာကောင်းတွေကို ရရှိခဲ့ပါတယ်။

နယ်စပ်ကုန်သွယ်ရေးမှာ အရှေ့ဘက်မှာရှိတဲ့ တရုတ်တစ်နိုင်ငံတည်းကို မှီခို နေရတာထက် အနောက်ဘက်မှာရှိတဲ့ လူဦးရေ ၁ ဒသမ ၄ ဘီလီယံနေထိုင်ရာ  အိန္ဒိယနဲ့ပါ  ရင်းနှီးပွင့်လင်းစွာ ပူးပေါင်းဆောင်ရွက်နိုင်မယ့်  အခွင့်အလမ်းတွေ အများအပြား ရရှိခဲ့ပါတယ်။ ဘင်းမ်စတက် အဖွဲ့ဝင်တွေထဲက ဦးဆောင်နိုင်ငံဖြစ်တဲ့ အိန္ဒိယမှတစ်ဆင့် အရှေ့အလယ်ပိုင်းနဲ့ ဥရောပနိုင်ငံများကိုပါ ကူးသန်းရောင်းဝယ်မှု ချိတ်ဆက်နိုင်ရေး  ပိုမိုအားကောင်းအောင် လုပ်ဆောင်နိုင်မယ့် လမ်းကြောင်းတွေရှာဖွေနိုင်ခဲ့ပါတယ်။

ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံတွေထဲမှာ   အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (Association  of Southeast Asian Nations- ASEAN)မှာ ပါဝင်တဲ့ နိုင်ငံများ ပါရှိသလို   တောင်အာရှဒေသ ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့  (South   Asian Association for Regional Cooperation - SAARC)တွင်လည်း ပါဝင်တဲ့နိုင်ငံတွေဖြစ် တဲ့အတွက်ကြောင့် ဘင်းမ်စတက်အဖွဲ့ကြီးဟာ   ယင်းဒေသအတွင်း   ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့အစည်း  နှစ်ခုကို ဆက်စပ်ပေါင်းကူးပေးနိုင်တဲ့ အဖွဲ့အစည်းတစ်ခုလည်း ဖြစ်ပါတယ်။

အာဆီယံမှာ မြန်မာ့အိမ်နီးချင်းတွေဖြစ်တဲ့ ထိုင်းနဲ့   လာအိုတို့ပါတယ်။ ဘင်းမ်စတက်အဖွဲ့မှာလည်း  မြန်မာအိမ်နီးချင်း  ထိုင်း၊  ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယတို့ ပါဝင်ပါတယ်။ ဘင်းမ်စတက်အဖွဲ့ထဲက အိမ်နီးချင်းများဟာ သဘောထားမှန်ကန်ပြီး  နှစ်နိုင်ငံအကျိုးစီးပွားအတွက် မျှတတဲ့အမြင်နဲ့ပူးပေါင်း ဆောင်ရွက်ကူညီမှုတွေ ရှိနေပါတယ်။ သံတမန်ရေးအရ ထိုးနှက်ပိတ်ဆို့ခံနေရတဲ့ နစက အစိုးရဟာ  ဘင်းမ်စတက်အဖွဲ့ထဲမှာ တက်ကြွစွာ   ပူးပေါင်းဆောင်ရွက်နိုင်ခြင်းဟာ     ဘင်းမ်စတက်အဖွဲ့အတွက်သာမက မြန်မာနိုင်ငံအတွက် အလွန်အကျိုးရှိပါတယ်။

နိုင်ငံတကာအကြမ်းဖက်မှုနှင့် နိုင်ငံဖြတ်ကျော် မှုခင်းတွေဟာ ဘင်းမ်စတက် ဒေသတွင်း စီးပွားရေးနဲ့ လူမှုရေးတိုးတက်မှုကို ခြိမ်းခြောက်နေတာကြောင့် ပူးပေါင်းတိုက်ဖျက်ဖို့နဲ့ အထူးသဖြင့် သတင်းဖလှယ်ရေးအပါအဝင် အကြမ်းဖက်မှုနဲ့ နိုင်ငံဖြတ်ကျော် မှုခင်းတွေကို  ထိထိရောက်ရောက် တိုက်ဖျက်မည့် အစီအစဉ်တွေနဲ့    ဆောင်ရွက်မယ့်မူဝါဒတွေကို ချမှတ်နိုင်ခဲ့ပြီး မြန်မာနိုင်ငံဟာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းတွေမှာ တာဝန်ယူ ဆောင်ရွက်လျက်ရှိပါတယ်။

ယနေ့အချိန်ကာလမှာ ကမ္ဘာ့နိုင်ငံအများစုဟာ   နိုင်ငံရေး၊   စီးပွားရေး၊ လူမှုရေးနှင့် လုံခြုံရေးအခြေအနေတို့ကြောင့် မိမိနိုင်ငံတစ်နိုင်ငံတည်း  ရပ်တည်နိုင်ရန် မဖြစ်နိုင်တော့သည့်အတွက်  အခြားနိုင်ငံတစ်နိုင်ငံနှင့်သော် လည်းကောင်း၊ အခြားနိုင်ငံ အများစုနှင့်သော် လည်းကောင်း၊ ပူးပေါင်းပြီးရပ်တည်နိုင်မှသာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် လုံခြုံရေးကဏ္ဍတွေမှာ တိုးတက်ဖွံ့ဖြိုးသော အကျိုး သက်ရောက်မှုများ ရှိပြီး စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက် အထောက်အကူရရှိ နိုင်မှာဖြစ်လို့ နိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ဘင်းမ်စတက်၊ အာဆီယံကဲ့သို့   ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့များ  ဖွဲ့စည်းလာခဲ့ကြခြင်းဖြစ်ပါတယ်။

ဒါကြောင့်  ပထဝီနိုင်ငံရေးအရ အရှေ့တောင်အာရှနဲ့ တောင်အာရှနိုင်ငံများအကြား   ကုန်းတွင်းအချိတ်အဆက်ဖြစ်တဲ့ မြန်မာနိုင်ငံဟာ ဘင်းမ်စတက်နဲ့ အာဆီယံအကြား ပေါင်းကူးပေးနိုင်သလို လုံခြုံရေးကဏ္ဍ အကြမ်းဖက်နှိမ်နင်းရေးနဲ့  မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက်သာမက ဘင်းမ်စတက်အဖွဲ့ကြီးရဲ့ မျှော်မှန်းချက်ဖြစ်တဲ့ ဒေသခွဲအတွင်း စီးပွားရေးလျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်စေမယ့်    အခြေအနေနဲ့ ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးနိုင်တဲ့ အချက်အချာနိုင်ငံတစ်ခု ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။     ။