ရေချိုကိုတန်ဖိုးထား ကမ္ဘာကြီးကိုစောင့်ရှောက်
ယမန်နေ့မှအဆက်
အလားတူပင် ရိုးပြတ်များ၊ လယ်ယာထွက်ကုန် စွန့်ပစ်ပစ္စည်းများ၊ စပါးခွံများကိုမီးရှို့လျှင် CO2 ထွက်သည်။ CH4 လည်းထွက်သည်။ ၎င်းတို့ရေစိုလျှင် CH4 ထွက်သည်။ အမှိုက်ပုံများကလည်း CH4 ထွက်သည်။
တရုတ်နိုင်ငံသည် ကမ္ဘာ့ဆန်ထုတ်လုပ်မှုအမြင့်ဆုံးနိုင်ငံဖြစ်သည်။ ကမ္ဘာ့ဆန်ထွက်ရှိမှု၏ ၃ဝ ရာခိုင်နှုန်းမှာ တရုတ်၊ ထိုင်း ၂၈ ရာခိုင်နှုန်း၊ အင်ဒိုနီးရှား ၈ ရာခိုင်နှုန်း၊ ဘင်္ဂလားဒေ့ရှ် ၇ ရာခိုင်နှုန်းနှင့် ဗီယက်နမ်မှ ၆ ရာခိုင်နှုန်းထုတ်လုပ်ခြင်းဖြစ်သည်။ မိမိတို့သတိပြုရမည်မှာ ကမ္ဘာ့ဆန်ထုတ်လုပ်နေသောထိပ်သီးနိုင်ငံတရုတ်၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်၊ ဗီယက်နမ် စသည်တို့တွင် စပါးစိုက်လယ်ကွင်းများကို မည်သို့စီမံနေကြသနည်း။ စပါးခွံများကိုရော မည်သို့စီမံနေကြသနည်း။
ဤသည်ကိုထောက်ရှုပြီး အာရှသည် တခြားဓာတ်ငွေ့များထက် လယ်ယာကဏ္ဍမှ CH4 နှင့် CO2 သိသိသာသာ ထုတ်လွှတ်နေမည်မှာ သေချာသည်။
နောက်တစ်ခုမှာ မွေးမြူရေးဖြစ်သည်။ မွေးမြူရေးလုပ်ငန်းများတွင် သိုး၊ နွား၊ ဝက်၊ ကြက်၊ ကြက်ဆင် စသည့်သတ္တဝါများ၏ မစင်နှင့် ကျင်ငယ်သည် CH4 အလွန်ထွက်သည်။ နွားခြံ၊ သိုးခြံ၊ ကြက်ခြံနှင့် ဝက်ခြံများအနီးသွားသည့်အခါ အနံ့ပြင်းကြောင်း တွေ့ကြရမည်။
မွေးမြူသူများက နှာခေါင်းယဉ်နေ၍ အနံ့ဆိုးဟု မထင်သော်လည်း လူစိမ်းတစ်ယောက် ၎င်းတိရစ္ဆာန်များ ကျယ်ကျယ်ပြန့်ပြန့် မွေးမြူနေသော နေရာရောက်ခဲ့လျှင် သိသာကြောင်း ပြောပါလိမ့်မည်။
တစ်ချိန်က မိမိတို့နိုင်ငံတွင် ကျေးရွာတိုင်းရှိ အိမ်တိုင်းလိုလို ကျွဲ သို့မဟုတ် နွားရှိကြသည်။ နွားကို နှစ်ထပ်အိမ်အောက်ထပ်မှာပင် စားခွက်ထား၍ မွေးထားသူများရှိသလို ခြံထဲမှာပင် နွားတင်းကုပ်ဖြင့် မွေးသူကမွေးသည်။ တချို့နွားများမှာ ခြံထဲတွင် လွတ်လပ်စွာသွားလာ နေကြသည်။ နွားခြံကျယ်ကြီးများလည်း ရွာထဲမှာပင်ရှိသည်။ ၎င်းတို့မှ ထွက်သော ကျင်ကြီးကျင်ငယ်၊ လေချဉ်တက်မှု (စားမြုံ့ပြန်သောသတ္တဝါ များသည် ပါးစပ်မှ CH4ပို၍ထုတ်လွှတ်သည်) စသည်တို့မှ CH4 သိသိ သာသာထွက်နေသည်။
ကမ္ဘာ့နိုင်ငံအသီးသီးအနက် နိုင်ငံအများစုတွင် သိုးသား၊ အမဲသား၊ နွားနောက်သား၊ ကြက်သား၊ ကြက်ဆင်သား၊ ဝက်သား စသည့်အသားနှင့် နို့၊ ထောပတ်၊ ဒိန်ခဲ စသည်တို့ကို နိုင်ငံ၏ စီးပွားရေးအတွက် အကောင် ရေထောင်ချီ၍ အကြီးအကျယ်မွေးကြသည်။ နွားကျောင်းသား၊ သိုးကျောင်းသားပင် မြင်းစီး၍ကျောင်းရသည်အထိ အကောင်ရေများသည်။ နယူးဇီလန်၊ သြစတြေးလျ၊ နယ်သာလန်၊ ဒိန်းမတ်၊ ဟန်ဂေရီ၊ ကနေဒါ အပါအဝင် ဥရောပနိုင်ငံကြီးများသည် ကြီးမားသောခြံကြီးများဖြင့် စီးပွားဖြစ်မွေးမြူ၍ အသားနှင့်နို့ထွက်ပစ္စည်းများ ထုတ်လုပ်နေကြသည်။ ၎င်းတို့ထုတ်လွှတ်သော CO2 တွင် တွင်းထွက်လောင်စာ မီးရှို့မှုနှင့် တခြားကဏ္ဍများမှ CH4 ထွက်ရှိမှုကို CO2 ဖြင့် အချိုးချတွက်ချက် ထားမှုကြောင့် ၎င်းနိုင်ငံအများအပြားသည် ကမ္ဘာ့ CO2ထုတ်လွှတ်
မှုတွင် ထိပ်ဆုံးမှပါနေသည်။ နိုင်ငံအလိုက် CO2 ထုတ်လွှတ်မှုကို လေ့လာကြည့်လျှင်သိနိုင်သည်။
မွေးမြူရေးအသားငါးများမှ CO2 ထုတ်လွှတ်မှုကို ဆက်ပါဦးမည်။
လူသားများစားသုံးနေသည့် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်များ၏ ကာဗွန်ခြေရာ (Carbon Footprint) ကို ရာဇဝင်လိုက်၍ CO2 ထုတ် လွှတ်မှုပမာဏတွက်ချက်ကြည့်ရာ အမျိုးအမည်အလိုက် အသား တစ်ကီလိုဂရမ်တိုင်းအတွက် CO2 ထုတ်လွှတ်ခဲ့မှုကို အောက်ပါအတိုင်း တွေ့ရသည်။
အသားစားသတ္တဝါများများမွေးမြူသောနိုင်ငံများ CO2 ပိုထုတ်မည့် သဘောဖြစ်သည်။
မိမိတို့နိုင်ငံတွင် နွားမွေးမြူမှုကို အကောင်ရေ ရာဂဏန်းပင် ဆောင်ရွက်သောခြံမှာ လွန်စွာနည်းပါသည်။ သိုးနှင့်ဆိတ်မှာ မိမိတို့နိုင်ငံတွင် မြေလတ်နှင့်အညာကျေးလက် ဒေသတချို့မှာသာ အနည်းငယ်မွေးမြူကြသည်။ ကြက်ဆင်မှာ ဥရောပနှစ်သစ်ကူး အထိမ်းအမှတ် စားစရာတစ်မျိုးဖြစ်၍ မိမိတို့နှင့် မပတ်သက်သော သတ္တဝါလိုပင်ဖြစ်နေသည်။
ဆက်လက်ဖော်ပြပါမည်။