မြန်မာနေရှင်နယ်လိဂ် ယူ-၂၀ ပြိုင်ပွဲတွင် ဒဂုံစတား အသင်းနှင့် ရတနာပုံအက်ဖ်စီ အသင်းတို့ နိုင်ပွဲကိုယ်စီရရှိ
ရန်ကုန် ဩဂုတ် ၈
မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ် ကော်မတီက ကြီးမှူးကျင်းပလျက်ရှိသည့် မြန်မာနေရှင်နယ်လိဂ်ယူ-၂၀ ပြိုင်ပွဲ ပွဲစဉ်(၁၀)ပွဲစဉ်များကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့၌ ကျင်းပခဲ့ရာ ဒဂုံစတား ယူ-၂၀ အသင်းနှင့် ရတနာပုံအက်ဖ်စီ ယူ-၂၀ အသင်းတို့ နိုင်ပွဲကိုယ်စီရရှိခဲ့ကြကြောင်း သိရသည်။
မြန်မာနေရှင်နယ်လိဂ် ယူ-၂၀ ပြိုင်ပွဲ ပွဲစဉ်(၁၀)ပွဲစဉ်များအဖြစ် ယနေ့ညနေ ၃ နာရီခွဲတွင် ရန်ကုန်မြို့ ဗဟန်းအားကစားကွင်း၌ မြ၀တီအက်ဖ်စီယူ-၂၀ အသင်းနှင့် ဒဂုံစတားယူ-၂၀ အသင်းတို့ ကစားခဲ့ရာ ဒဂုံစတား ယူ-၂၀ အသင်းက ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဒဂုံစတားယူ-၂၀ အသင်းအတွက် သွင်းဂိုးများကို ပွဲချိန် ၅၃ မိနစ်တွင် မြ၀တီအက်ဖ်စီယူ-၂၀ အသင်းမှ နိုင်လင်းထွန်းက ကိုယ့်ဂိုးကိုယ် သွင်းယူခဲ့မိသည့်အတွက် ဦးဆောင်ဂိုးရရှိခဲ့ကာ ပွဲချိန် ၇၃ မိနစ်တွင် ခန့်ဇော်ဟိန်းက ဒုတိယသွင်းဂိုးနှင့် မြ၀တီအက်ဖ်စီယူ-၂၀ အသင်းအတွက် သွင်းဂိုးကို ပွဲချိန် ၆၂ မိနစ်တွင် ဖိုးချစ်လွန်းက သွင်းယူနိုင်ခဲ့သည်။
အလားတူ ညနေ ၃ နာရီခွဲတွင် ပဒုမ္မာအားကစားကွင်း၌ ဧရာ၀တီယူနိုက်တက် ယူ-၂၀ အသင်းနှင့် ရတနာပုံအက်ဖ်စီ ယူ-၂၀ အသင်းတို့ကစားခဲ့ရာ ရတနာပုံအက်ဖ်စီယူ-၂၀ အသင်းက ၃ ဂိုး ဂိုးမရှိဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး ရတနာပုံအက်ဖ်စီယူ-၂၀ အသင်းအတွက် သွင်းဂိုးများကို ပွဲချိန် ၁၃ မိနစ်နှင့် ၂၅ မိနစ်တွင် ထက်အောင်လွင်၊ ပွဲချိန် ၅၂ မိနစ်တွင် လင်းပြည့်အောင်တို့က သွင်းယူပေးနိုင်ခဲ့သည်။
မြန်မာနေရှင်နယ်လိဂ် ယူ-၂၀ ပြိုင်ပွဲ ပွဲစဉ်(၁၀)ပွဲစဉ်များအဖြစ် ဩဂုတ်လ ၉ ရက် (ယနေ့) ညနေ ၃ နာရီခွဲတွင် ရန်ကုန်မြို့ စလင်းအားကစားကွင်း၌ ရခိုင်ယူနိုက်တက် ယူ-၂၀ အသင်းနှင့် ဒဂုံပေါ့ယူ-၂၀ အသင်း၊ ဗဟန်းအားကစားကွင်း၌ သစ္စာအားမာန် ယူ-၂၀ အသင်းနှင့် ရန်ကုန်ယူနိုက်တက် ယူ-၂၀ အသင်းတို့ ဆက်လက်ကစားသွားမည် ဖြစ်ကြောင်း သိရသည်။