ပြည်သူ့တပ်မတော် အမှန်ဖြစ်သည် နိုင်ငံ့တပ်မတော် အမှန်ဖြစ်သည်

 

ပြည်သူ့တပ်မတော် အမှန်ဖြစ်သည် နိုင်ငံ့တပ်မတော် အမှန်ဖြစ်သည်

 

    မြန်မာနိုင်ငံရဲ့ အတိတ်သမိုင်းမှာ  နယ်ချဲ့တို့ရဲ့ ကျူးကျော်ကျွန်ပြုမှုကိုခံခဲ့ကြရပြီး လူမှုရေး၊ စီးပွားရေး၊ ပညာရေးတွေအားလုံး နိမ့်ကျခဲ့ကြရပါတယ်။ နယ်ချဲ့တို့က မတတ်သာလို့ လက်လွှတ်ပေးလိုက်ရပေမယ့် မြန်မာတွေရဲ့စိတ်ထားနူးညံ့မှု၊  ယုံကြည်လွယ်မှုကိုအသုံးချပြီး မြန်မာကိုမြန်မာအချင်းချင်း အထင်အမြင်သေးစေအောင်၊ စည်းလုံးညီညွတ်မှု ပျက်ပြားအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ကြတာကို တွေ့ရပါတယ်။ လွတ်လပ်ရေးရပြီးနောက်မှာ ခေတ်သစ်နယ်ချဲ့လက်ပါးစေတွေရဲ့ တိုက်ခိုက်အပုပ်ချမှုတွေနဲ့  နိုင်ငံသားအချင်းချင်း    အမြင်မကြည်လင်အောင်လည်း      ဆက်ပြီးလုပ်ခဲ့ကြပါတယ်။

အာဏာရှင်မုန်းတယ်လို့ ကြွေးကြော်ခဲ့ပြီး အာဏာရှင်ဆန်ဆန် လုပ်ဆောင်ခဲ့တဲ့    အစိုးရတစ်ရပ်ရဲ့ လက်အောက်မှာ ရည်ရွယ်ချက်ရှိရှိ ပြည်သူနဲ့တပ်မတော်ကို သွေးခွဲခဲ့ကြပါတယ်။ ဒို့တာဝန်အရေးသုံးပါး ဦးထိပ်ထားပြီး နိုင်ငံအတွက် အသက်ပေးကာကွယ်ကြဖို့ သစ္စာပြုခဲ့တဲ့သူတွေကို ပြက်ရယ်ပြုဖို့၊ နှိမ့်ချဖို့၊ ခွဲခြားဆက်ဆံဖို့ အားသွန်ခွန်စိုက် လုပ်ဆောင်ခဲ့ကြပါတယ်။ နိုင်ငံအပေါ်စေတနာ နည်းပါးပြီး စိတ်ထားညံ့ဖျင်းသေးသိမ်တဲ့ လူတစ်စုကလည်း သောင်းသောင်းဖြဖြ ထောက်ခံခဲ့ကြပါတယ်။

ပုဂ္ဂိုလ်ရေးမုန်းတီးမှု၊     အာဃာတကြီးမားစွာ  လှုံ့ဆော်မှုတွေနဲ့ လူငယ်တွေကို စနစ်တကျ ဖျက်ဆီးခဲ့ကြပါတယ်။ လူပုဂ္ဂိုလ်နဲ့ နိုင်ငံတော်ကို ခွဲခြားမမြင်နိုင်တော့ဘဲ တစ်ဖက်သတ်ဘက်လိုက်ကြရင်းက နိုင်ငံကို ခက်ခဲအောင် တစ်ဆင့်ပြီးတစ်ဆင့် လုပ်ဆောင်လာကြပါတယ်။ အခုအချိန်မှာ အဘက်ဘက်က ကျပ်တည်းမှုတွေ ရင်ဆိုင်နေကြရပါပြီ။ ဘာကြောင့်ဖြစ်ရတယ်လို့ မဆန်းစစ်တော့ဘဲ ဘယ်သူ့ကြောင့် ဘယ်ဝါ့ကြောင့်လို့ အပြစ်ပုံချနေတာတွေကိုလည်း တွေ့မြင်နေရပါတယ်။   အပြစ်တင်နေမယ့်အစား အရေးကြီးနေတဲ့အချိန်မို့   သွေးစည်းကြပါစို့လို့ တိုက်တွန်းချင်ပါတယ်။ မြန်မာတွေ  အိပ်မက်က နိုးထဖို့အချိန်တန်ပါပြီ။

ကြမ်းတမ်းခဲ့တဲ့ နိုင်ငံ့လွတ်လပ်ရေး ခရီးကိုကြည့်ရင်  မြန်မာ့မျိုးချစ်တပ်မတော်၏ အခန်းကဏ္ဍကို လေးစားဦးညွှတ်ဖွယ်ရာ တွေ့မြင်ရပါတယ်။ နိုင်ငံလွတ်လပ်ရေးအတွက်    အသက်ကိုပေးဆပ်မယ်ဆိုတဲ့ မဆုတ်မနစ်တဲ့ အဓိဋ္ဌာန်တွေနဲ့ လူငယ်လူရွယ်တိုင်း  မြန်မာ့တပ်မတော်ထဲကို ဝင်ခဲ့ကြပါတယ်။

နယ်ချဲ့ကို တိုက်ထုတ်တဲ့အခါ     အသက်စွန့်ရနိုင်တယ် ဆိုတာသိတယ်။  တိုင်းတစ်ပါးလက်အောက်မှာ နေရတာထက် လွတ်လပ်ရေးအတွက်   လိုအပ်ရင် အသက်ကိုစွန့်မယ်ဆိုတဲ့ ခိုင်မာတဲ့ သန္နိဋ္ဌာန်ကိုချပြီး တိုက်ပွဲဝင်ခဲ့ကြတယ်။  တစ်မျိုးသားလုံးကလည်း  ခိုင်မာညီညွတ်တဲ့ လွတ်လပ်ရေးရလိုတဲ့ စိတ်ထားနဲ့ မြန်မာ့တပ်မတော်အပေါ်  ထောက်ခံယုံကြည်ခဲ့တဲ့အတွက် လုံးဝလွတ်လပ်ရေး ရရှိခဲ့ပါတယ်။

လူတိုင်း မိမိအသက်ကို နှမြောကြတဲ့သူတွေချည်းပါပဲ။ တစ်ဘဝတစ်ခန္ဓာမှာ မိမိတန်ဖိုးထားတဲ့ အသက်ကိုတောင် စွန့်လွှတ်ဖို့ ဆုံးဖြတ်ထားကြတဲ့   သမိုင်းအဆက်ဆက်က  မြန်မာ့တပ်မတော်သားများရဲ့ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်၊ အမျိုးဘာသာ၊ သာသနာကို စောင့်ရှောက်လိုတဲ့ စိတ်ထားကို    ယုံကြည်လေးမြတ်စွာ ဦးညွှတ်အလေးပြုပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းက မြန်မာ့လွတ်လပ်ရေးနှင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာ အမြဲတည်တံ့ ခိုင်မြဲရေးအတွက် တပ်မတော်အင်အားရှိနေဖို့ လိုအပ်တဲ့အကြောင်း တိုင်းပြည်ကို မိန့်ခွန်းပြောကြားခဲ့တဲ့အခါမှာ ‘‘မြန်မာပြည်ကာကွယ်ရေးလို့ ကျွန်တော်တို့ ဘာ့ကြောင့်ပြောသလဲ။ ကျွန်တော်တို့ဟာ ကျွန်တော်တို့နိုင်ငံကို မချဲ့ချင်ဘူး။ မြေတွေကိုလည်း တိုက်ပြီးမယူချင်ဘူး။ ကျွန်တော်တို့ နယ်မချဲ့ချင်ဘူး။ ကျွန်တော်တို့မြန်မာပြည်ကို ကာကွယ်ချင်တယ်။ ကျွန်တော်တို့နိုင်ငံ အမြဲတမ်းတောင့်တင်းနိုင်သမျှ တောင့်တင်းအောင်လုပ်မယ်။ မြန်မာပြည်ကိုကာကွယ်ဖို့ ကျွန်တော်တို့ ဘာလိုသလဲ။ စစ်တပ်တွေ  သေချာပေါက်လိုတယ်။ ဒီတပ်တွေထဲမှာ ကြည်းတပ်၊ ရေတပ်၊ လေတပ်တွေပါတယ်။    မြန်မာပြည်ရဲ့    အဓိကလုပ်ငန်းဟာ  ကာကွယ်ရေးပထမ၊  ကာကွယ်ရေးဒုတိယနဲ့ ကာကွယ်ရေးဟာ နောက်ဆုံးဖြစ်တယ်’’လို့ တိုင်းပြည်အင်အားရှိဖို့ တပ်မတော်အင်အားရှိအောင် တည်ဆောက်ရမယ်လို့ ပြတ်ပြတ်သားသား မိန့်ကြားခဲ့ပါတယ်။ အဲဒီစကားအတိုင်း ရှေးကတည်းက မြန်မာနိုင်ငံသားတွေဟာ နိုင်ငံတော်ကာကွယ်ရေး အတွက် ကျရာတာဝန် ထမ်းဆောင်ကြပါတယ်။လက်ရှိမှာ သဘာဝဘေးဒဏ်များဖြစ်တဲ့ ရေကြီးခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်း၊ မြေပြိုခြင်းများ ကြုံတွေ့ရရင် ချက်ချင်းအရောက်လာပြီး အင်တိုက်အားတိုက် ကူညီသူတွေက တပ်မတော်သားတွေဖြစ်ပါတယ်။

မူလတာဝန်တွေကို ကျေပွန်ရုံသာမကဘဲ  အများပြည်သူကူညီစောင့်ရှောက်ရေး လုပ်ငန်းတွေကို မေတ္တာအပြည့်နဲ့ ဆောင်ရွက်နေကြတာကိုလည်း အားတက်ဖွယ်မြင်တွေ့နေရပါတယ်။ ခေတ်သစ်နယ်ချဲ့တွေရဲ့ ရည်ရွယ်ချက်ရှိရှိ       သွေးခွဲသပ်လျှိုမှုတွေကြောင့် စည်းလုံးညီညွတ်မှုအားနည်း ပျက်ပြားလာကြတာကိုလည်း အကဲခတ်မိကြမယ်ထင်ပါတယ်။ ‘‘တစ်လုပ်စားဖူး သူ့ကျေးဇူး’’ လို့ပြောကြပါတယ်။ တပ်မတော်သားတွေရဲ့ အသွေးအသားနဲ့ရင်းပြီး ကာကွယ်ပေးကြလို့  အချုပ်အခြာအာဏာ တည်တံ့နေတဲ့ ကျေးဇူးတွေကတော့ ဆပ်လို့မကုန်နိုင်တဲ့ ကျေးဇူးတွေပါပဲ။

ကျေးဇူးမဆပ်နိုင်ရင်တောင်မှ ကျေးဇူးမဲ့စကားတွေ မပြောသင့်ပါဘူး။ ချစ်သင့်သူကိုမချစ်ဘဲ မချစ်သင့်တဲ့ သောင်းကျန်းသူကို ချစ်ခင်အားပေးမိရင်တော့ နိုင်ငံပျက်စီးအောင် လုပ်ဆောင်တာနဲ့ အတူတူပါပဲ။ စစ်ဘေးစစ်ဒဏ်သင့်တဲ့ပြည်သူတွေ ဘယ်ဘက်ကို ပြေးရှောင်ကြလဲဆိုတာကို ကြည့်လိုက်ရင်  ဘယ်သူက စောင့်ရှောက်တယ်။    ဘယ်သူ့ဆီမှာလုံခြုံတယ်ဆိုတာ သက်သေပါပဲ။

လူမှုကွန်ရက်စာမျက်နှာတွေမှာ သတင်းတုသတင်းမှားတွေ ဖြန့်ဝေရုံမက နိုင်ငံအတွက် အသက်ပေးပြီး တာဝန်ထမ်းဆောင်နေသူတွေကို ပြက်ရယ်ပြုနေကြတာကိုလည်း ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်။ မိမိအပါအဝင်  နိုင်ငံသားတိုင်းမှာရှိတဲ့ နိုင်ငံကာကွယ်ရေး တာဝန်ကို နိုင်ငံကြီးသား မပီသတဲ့ စိတ်နဲ့လျစ်လျူရှုပြီး   သောင်းကျန်းသူတွေကို လက်ခုပ်သြဘာတီး အားပေးနေကြတဲ့သူတွေကို အမိမြေနဲ့ မထိုက်တန်သူတွေအဖြစ် သတ်မှတ်ပါမယ်။

မြန်မာတွေရဲ့ ယဉ်ကျေးမှုသမိုင်းကိုကြည့်ရင် နှစ်တစ်ထောင်သမိုင်းလား၊ နှစ်နှစ်ထောင်သမိုင်းလား။ ပျူယဉ်ကျေးမှုကိုကြည့်မလား။ ပုဂံအကြောင်းကိုပြောကြမလား။ အဆင့်အတန်းမြင့်တဲ့ ယဉ်ကျေးမှုကို ပိုင်ဆိုင်ခဲ့ကြပါတယ်။ သယံဇာတကိုကြည့်မလား။ ရေမြေတောတောင် သဘာဝကို ကြည့်မလား အဘက်ဘက်က ပြည့်စုံပါတယ်။ ပထဝီအနေအထားအရ ကောင်းမွန်ပြီး အချက်အချာကျတဲ့   ဒီမြေဒီရေကို လက်ဝါးကြီးအုပ် ကြိုးကိုင်ခြယ်လှယ်ချင်လို့ ပြည်တွင်းကို မငြိမ်မသက်ဖြစ်အောင်၊ စည်းလုံးမှုပျက်ပြားအောင် လုပ်နေကြတာဖြစ်တယ်လို့ နိုင်ငံသား အားလုံးကို မြင်အောင်ကြည့်စေချင်ပါတယ်။

ယနေ့ဖြစ်ပေါ်နေသော    နိုင်ငံရေးအခြေအနေများအရ နိုင်ငံသားတွေအားလုံး  သွေးစည်းကြဖို့ အထူးလိုအပ်ပါပြီ။  နိုင်ငံတိုးတက်အောင် မကူညီဘဲ  သောင်းကျန်းသူလောက်ကောင်တွေကို   အားပေးပြီးပြည်ထောင်စုကို ဖျက်ဆီးမယ့်   အကြံဆိုးတွေကို လက်မခံပါကြောင်းနဲ့ ပြည်သူတွေနှလုံး စိတ်ဝမ်းအေးချမ်းမှုကို ဆောင်ကြဉ်းပေးနိုင်တဲ့   မြန်မာ့တပ်မတော်ကိုလေးလေးနက်နက် ပြတ်ပြတ်သားသား ထောက်ခံအားပေးပါကြောင်း ဒီဆောင်းပါးကတစ်ဆင့် အမှာစကား ပါးချင်ပါတယ်။

မြန်မာ့တပ်မတော်သားတွေဆိုတာ နိုင်ငံတော် လွတ်လပ်ရေးအတွက်  အားထုတ်ကြိုးပမ်းခဲ့သူတွေ ဖြစ်တယ်။ခေတ်အဆက်ဆက် ကြုံတွေ့ခဲ့သမျှ နိုင်ငံ့ရန်စွယ်တွေကို  ရွပ်ရွပ်ချွံချွံတွန်းလှန် ဖယ်ရှားခဲ့သူတွေဖြစ်တယ်။ လွတ်လပ်ရေး အဓွန့်ရှည်တည်တံ့အောင်  ကာကွယ် စောင့်ရှောက်နေသူတွေဖြစ်တယ်။ ပြည်သူလူထုရဲ့ ဆင်းရဲဒုက္ခမှန်သမျှကို မျှဝေခံစားခဲ့ သူတွေဖြစ်တယ်။  အမျိုးသားအကျိုးစီးပွားကို ထာဝစဉ်စောင့်ရှောက်နေသူတွေလည်း ဖြစ်ပါတယ်။ မြန်မာ့တပ်မတော်သားများရဲ့  ဆောင်ရွက်ချက်မှန်သမျှအတွက် လှိုက်လှဲဝမ်းသာ ဂုဏ်ယူလျက်ရှိပါကြောင်းလည်း  ဒီနေရာကတင်ပြလိုက်ပါတယ်။ ရဲဘော်တို့ဆင်နွှဲနေတဲ့ တရားသောစစ်  ပြတ်ပြတ်သားသား အနိုင်ရရှိအောင်မြင်ပါစေကြောင်း မေတ္တာများစွာနဲ့ ဆုတောင်းပေးနေပါတယ်။

လက်ရှိကြုံတွေ့နေကြရတဲ့ အဆိုးတွေကို သင်ခန်းစာယူပြီး နောက်နောင် နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့ အကျိုးကိုထိခိုက်နစ်နာစေတဲ့   အပြောအဆိုအကြံအတွေးတွေနဲ့  အကျိုးမဲ့တဲ့ဆောင်ရွက်ချက်တွေ မပြုလုပ်မိစေအောင် နောင်လာနောက်သားတွေကို ဆုံးမပဲ့ပြင်ပေးဖို့ မိဘဆရာသမားတွေမှာ တာဝန်ရှိပါကြောင်းနဲ့ တာဝန်ကျေပွန်စွာ ထမ်းဆောင်နိုင်ပါစေကြောင်းကိုလည်း မေတ္တာရပ်ခံပန်ကြားလိုပါတယ်။

တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမှာ ဖြစ်ပါတယ်။  တပ်မတော်အင်အားရှိဖို့  စိတ်ဓာတ်ခွန်အားနဲ့ပဲ ဖြစ်ဖြစ်ကူညီကြပါစို့။ မြန်မာ့တပ်မတော်ဆိုတာ ပြည်သူ့တပ်မတော်ဖြစ်ပါတယ်။ နိုင်ငံတစ်ခုရဲ့အင်အားစစ်စစ် ဖြစ်ပါတယ်။ ပြည်သူကမွေးတဲ့ သားကောင်းသမီးမွန်တွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ နိုင်ငံတော်ကိုချစ်သူတိုင်း နိုင်ငံ့တပ်မတော် အင်အားရှိဖို့  အားပေးကူညီကြပါစို့။  တို့နိုင်ငံကို တို့ကာကွယ်ဖို့ တို့မြန်မာ့မျိုးချစ် တပ်မတော်ကို ဝင်ရောက်ကြပါစို့လို့ နှိုး‌‌‌‌ဆော်တိုက်တွန်း လိုက်ရပါတယ်။         ။