AI နည်းပညာဆိုင်ရာ အခြေခံ အသိပညာများသည် ဝန်ကြီးဌာနမှ အကောင်အထည်ဖော်လျက် ရှိသည့် e-Government မှ Digital Government သို့ ပြောင်းလဲရေးတွင် အထူးအရေးပါ
နေပြည်တော် ဩဂုတ် ၉
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနသည် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာနမှ နည်းပညာဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ ဖိတ်ကြား၍ နိုင်ငံတော်၏ ပြည်သူ့ဗဟိုပြုသည့် e-Government ဝန်ဆောင်မှုများ ဖွံ့ဖြိုးတိုးတက်လာစေရေး ဉာဏ်ရည်တုနည်းပညာ (Artificial Intelligence-AI) ဆိုင်ရာ အခြေခံအသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ရုံးအမှတ်(၁) ဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က မိမိတို့နိုင်ငံတွင် နိုင်ငံတော်မှ ချမှတ်ထားသော လုပ်ငန်းစဉ်များနှင့် ဒစ်ဂျစ်တယ် နည်းပညာသစ်များ၏ လျင်မြန်စွာပြောင်းလဲမှုတို့ လိုက်လျောညီထွေရှိစေရန် “Myanmar e- Governance Master Plan 2030” ကို ရေးဆွဲထားပြီး ဖြစ်သည့်အပြင် ဉာဏ်ရည်တု (AI) AI Usage Policy ကိုလည်း ရေးဆွဲလျက်ရှိကြောင်း၊ ယနေ့ဆွေးနွေးပို့ချသည့် AI နည်းပညာဆိုင်ရာ အခြေခံအသိပညာများသည် ဝန်ကြီးဌာနမှ အကောင်အထည်ဖော်လျက်ရှိသည့် e-Government မှ Digital Government သို့ ပြောင်းလဲရေးတွင် အထူးအရေးပါပြီး တန်ဖိုးရှိသည့်အတွက် တက်ရောက်သူများက သေချာစွာ လေ့လာကြစေလိုကြောင်းနှင့် ယနေ့သိရှိရသော AI နည်းပညာဆိုင်ရာ အသိပညာများဖြင့် ဝန်ကြီးဌာန၏ e-Government သို့ အသွင်ကူးပြောင်းရေး ဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
ရှင်းလင်းဆွေးနွေးပွဲကို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန နေပြည်တော်နည်းပညာ တက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာစိုးလင်းအောင် က ဉာဏ်ရည်တု နည်းပညာ (Artificial Intelligence-AI) ဆိုင်ရာ သိရှိထားသင့်သည့် အခြေခံ အကြောင်းအရာများ၊ ဉာဏ်ရည်တု နည်းပညာ(AI) နှင့် ကျင့်ဝတ်၊ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး၊ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းအဆိုပြုချက်နှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကြိုတင်ခန့်မှန်းနိုင်ခြင်း၊ နိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်မှု အခြေအနေများ အပါအဝင် နိုင်ငံခြားစီးပွားဆက်သွယ်ရေး လုပ်ငန်းများတွင် AI နည်းပညာဖြင့် ပံ့ပိုးပေးနိုင်မှု အကြောင်းအရာများနှင့် အနာဂတ် AI ဆိုင်ရာ အသိပညာများကို မျှဝေဆွေးနွေးခဲ့ပြီး ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာခင်မာစိုးက AI နည်းပညာဆိုင်ရာ အကြောင်း၊ သုတေသနများတွင် အသုံးဝင်မှုများ၊ ကောင်းကျိုးများ၊ risks၊ အန္တရာယ်ရှိမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ကြရာ တက်ရောက် လာကြသူများက စိတ်ပါဝင်စားစွာ သိရှိလိုသည်များကို မေးမြန်းဆွေးနွေး ခဲ့ကြသည်။
အဆိုပါ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ အဆင့်မြင့် အရာရှိကြီးများနှင့် အရာထမ်း/ အမှုထမ်းများ တက်ရောက်ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန ရုံးချုပ်နှင့် တိုင်းဒေသကြီး / ပြည်နယ်ဦးစီးမှူးရုံးများမှ Online ဖြင့် တက်ရောက်ကြကြောင်း သိရသည်။