မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲတွင် ရန်ကုန်ယူနိုက်တက် အသင်းနှင့် ISPE အသင်းတို့ နိုင်ပွဲကိုယ်စီရရှိ
ရန်ကုန် ဩဂုတ် ၉
မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် မြန်မာ နေရှင်နယ်လိဂ်ကော်မတီက ကြီးမှူးကျင်းပလျက်ရှိသည့် မြန်မာအမျိုးသမီးလိဂ် ပြိုင်ပွဲ ပွဲစဉ်(၁၂)ပွဲစဉ်များကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့၌ကျင်းပရာ ရန်ကုန် ယူနိုက်တက်အသင်းနှင့် ISPE အသင်းတို့ နိုင်ပွဲကိုယ်စီ ရရှိခဲ့ကြကြောင်း သိရသည်။
မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ်(၁၂)အဖြစ် ယနေ့ညနေ ၃ နာရီခွဲတွင် ရန်ကုန်မြို့ YUSC အားကစားကွင်း၌ ရန်ကုန်ယူနိုက် တက်အသင်းနှင့် သစ္စာအားမာန် အသင်းတို့ကစားခဲ့ရာ ရန်ကုန်ယူနိုက်တက် အသင်းက ၄ ဂိုး ဂိုးမရှိဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး ရန်ကုန်ယူနိုက်တက် အသင်းအတွက် သွင်းဂိုးများကို ပွဲချိန် ၁၀ မိနစ်နှင့် ၇၉ မိနစ်တွင် ဝင်းသိင်္ဂီထွန်းနှင့် ပွဲချိန် ၄၅ မိနစ်အပြီး နာကျင်အချိန်ပို ၄ မိနစ်နှင့် ၈၃ မိနစ်တွင် ယွန်း၀တီလှိုင်တို့က သွင်းယူပေးနိုင်ခဲ့သည်။
အလားတူ ညနေ ၃ နာရီခွဲတွင် ရန်ကုန်မြို့ ပဒုမ္မာအားကစားကွင်း၌ ဧရာ၀တီအသင်းနှင့် ISPE အသင်းတို့ ကစားခဲ့ရာ ISPE အသင်းက ၄ ဂိုး ၁ ဂိုးဖြင့် ဂိုးပြတ် အနိုင်ရရှိခဲ့ပြီး ISPE အသင်းအတွက် သွင်းဂိုးများကို ပွဲချိန် ၃၄ မိနစ်နှင့် ၅၅ မိနစ်တွင် လင်းမြင့်မိုရ်၊ ပွဲချိန် ၄၃ မိနစ်တွင် ရွှေရည်ထွန်း၊ ပွဲချိန် ၉၂ မိနစ်တွင် နုနုတို့က သွင်းယူပေးနိုင်ခဲ့ပြီး ဧရာ၀တီအသင်းအတွက် တစ်လုံးတည်းသော သွင်းဂိုးကို ပွဲချိန် ၇၂ မိနစ်တွင် စန်းသော်သော်က သွင်းယူပေးနိုင်ခဲ့သည်။
မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ်(၁၂)အပြီးတွင် ISPE အသင်းက ရမှတ် ၂၆မှတ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံးမှ ဆက်လက် ဦးဆောင်လျက်ရှိနေပြီး ရန်ကုန်ယူနိုက်တက် အသင်းကလည်း ရမှတ် ၂၅ မှတ်ဖြင့် အဆင့်(၂)နေရာမှ ဆက်လက် ဖိအားပေးလျက် ရှိနေကြောင်း သိရသည်။