ပေါ်တူဂီ လက်ရွေးစင်အသင်းနှင့် ပေါ်တိုအသင်း ဝါရင့်ခံစစ်ကစားသမား ပီပီ ပရော်ဖက်ရှင်နယ် ကစားသမားဘ၀မှ အနားယူကြောင်း ကြေညာ
ပေါ်တူဂီလက်ရွေးစင်အသင်းနှင့် ပေါ်တိုအသင်း ဝါရင့်ခံစစ်ကစားသမား ပီပီသည် ပရော်ဖက်ရှင်နယ် ကစားသမားဘ၀မှ အနားယူကြောင်း အတည်ပြု ကြေညာခဲ့သည်။
အသက် ၄၁ နှစ်အရွယ် ပီပီသည် ၂၀၀၂ ခုနှစ်က မာရီတီမိုအသင်းနှင့် ပရော်ဖက်ရှင်နယ် ကစားသမားဘ၀ကို စတင်ပြီးနောက် ၂၀၀၄ ခုနှစ်တွင် ပေါ်တိုအသင်းသို့ ပြောင်းရွှေ့ကစားခဲ့ပြီး ပေါ်တိုအသင်း၌ ၂၀၀၇ ခုနှစ်အထိကစားခဲ့ကာ ၂၀၀၇ ခုနှစ် ဇွန်လတွင် ရီးယဲလ်မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့ ကစားခဲ့သူဖြစ်သည်။
ပီပီသည် ရီးယဲလ်မက်ဒရစ်အသင်းတွင် ပရော်ဖက် ရှင်နယ်ကစားသမားဘ၀ အောင်မြင်မှုများစွာ ရယူနိုင်ခဲ့ပြီး ဆယ်စုနှစ်တစ်ခုကြာ ကစားခဲ့ကာ ဆုဖလား များစွာကိုလည်း ဆွတ်ခူးနိုင်ခဲ့သည်။
ပီပီသည် ရီးယဲလ်မက်ဒရစ်အသင်း၌ အသင်းဖော်ဟောင်း ရာမို့စ်နှင့် တွဲဖက်ပြီး ရီးယဲလ်မက်ဒရစ်အသင်း ဆုဖလားများစွာ ဆွတ်ခူးနိုင်ခဲ့ရာတွင် အဓိက ကစားသမား တစ်ဦးအဖြစ် ပါ၀င်ခဲ့ပြီးနောက် ၂၀၁၇ ခုနှစ်က ရီးယဲလ်မက်ဒရစ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးပြီး ဘီဆစ်တပ်အသင်းသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းရွှေ့ ကစားခဲ့သူဖြစ်သည်။
ပီပီသည် ဘီဆစ်တပ်အသင်း၌ တစ်ရာသီသာ ကစားပြီးနောက် လမ်းခွဲခဲ့ကာ ၂၀၁၉ ခုနှစ်တွင် အသင်းဟောင်း ပေါ်တိုအသင်းသို့ အလွတ်ပြောင်းရွှေ့ ကြေးဖြင့် ပြန်လည်ပြောင်းရွှေ့ ကစားပြီး လက်ရှိတွင်လည်း ပေါ်တိုအသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးကာ လမ်းခွဲခဲ့ပြီး ကလပ်အသင်း လက်မဲ့ဖြစ်နေရာမှ ပရော်ဖက်ရှင်နယ် ကစားသမားဘ၀မှ အနားယူရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ပီပီသည် ပရော်ဖက်ရှင်နယ် ကစားသမားဘ၀တွင် မာရီတီမိုအသင်း၊ ပေါ်တိုအသင်း၊ ရီးယဲလ်မက်ဒရစ်အသင်း၊ ပေါ်တူဂီအသင်းတို့နှင့်အတူ ပွဲပေါင်း ၈၇၈ ပွဲ ပါ၀င်ကစားခဲ့ကာ ချန်ပီယံဆုဖလားပေါင်း ၃၇ ခု ရယူနိုင်ခဲ့ကြောင်း သိရသည်။