မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွင် ဒဂုံပေါ့အသင်းက မြ၀တီအက်ဖ်စီအသင်းကို ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိ
ရန်ကုန် ဩဂုတ် ၉
မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ် ကော်မတီက ကြီးမှူးကျင်းပလျက်ရှိသည့် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်(၆)အဖြစ် ယနေ့ညနေ ၄ နာရီတွင် ရန်ကုန်မြို့သုဝဏ္ဏအားကစားကွင်း၌ ဒဂုံပေါ့အသင်းနှင့် မြ၀တီအက်ဖ်စီအသင်းတို့ ကစားခဲ့ရာ ဒဂုံပေါ့အသင်းက ၂ ဂိုး ၁ ဂိုးဖြင့်အနိုင်ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါပွဲစဉ်တွင် ပွဲစကတည်းက နှစ်သင်းစလုံး ခြေစွမ်းပိုင်းကွာခြားမှု မရှိခဲ့ဘဲ အပြန်အလှန်ဖိအားပေးမှုများဖြင့် အကြိတ်အနယ်ရှိခဲ့ကာ နှစ်သင်းစလုံး ဂိုးသွင်းခွင့် အချို့ရရှိခဲ့သော်လည်း တိုက်စစ်ကစားသမားများ အဆုံးသတ်ပိုင်း အားနည်းမှုများကြောင့် ဂိုးသွင်းယူနိုင်ခြင်း မရှိခဲ့ဘဲ ပထမပိုင်းတွင် ဂိုးမရှိသရေ ရလဒ်ဖြင့် ပြီးဆုံးခဲ့သည်။
ထို့နောက် ဒုတိယပိုင်းပြန်လည် စတင်ချိန်တွင်လည်း လိုအပ်နေသည့် ဦးဆောင်ဂိုးများအတွက် နှစ်သင်းစလုံး တိုက်စစ်မြှင့် ကစားခဲ့ရာမှ ပွဲချိန် ၅၂မိနစ်တွင် ရဲမိုးယံက မြ၀တီအက်ဖ်စီ အသင်းအတွက် ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့သည်။ ဦးဆောင်ဂိုး ခွင့်ပြုပေးခဲ့ရပြီးနောက် ဒဂုံပေါ့အသင်းက ပြန်လည်တိုက်စစ်ဆင်ဖိအား ပေးကစားခဲ့ရာမှ ပွဲချိန် ၇၉မိနစ်တွင် Mogouက ဒဂုံပေါ့အသင်းအတွက် ချေပဂိုးသွင်းယူနိုင်ခဲ့ပြီး ပွဲချိန် ၉၄ မိနစ်တွင် မျိုးဆက်ပိုင်က ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့သည့်အတွက် ပွဲပြီးဆုံးချိန်တွင် ဒဂုံပေါ့အသင်းက မြ၀တီအက်ဖ်စီအသင်းကို နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ကာ အဆိုပါပွဲစဉ်အတွက် အကောင်းဆုံး ကစားသမားဆုကို ဒဂုံပေါ့အသင်းမှ မျိုးဆက်ပိုင်က ဆွတ်ခူးနိုင်ခဲ့သည်။
မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်(၆)အဖြစ် ဩဂုတ် ၁၀ရက် ညနေ ၃နာရီခွဲတွင် တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်းတွင် ရှမ်းယူနိုက်တက်အသင်းနှင့် ISPE အသင်းတို့ ဆက်လက် ကစားသွားမည်ဖြစ်ကြောင်း သိရသည်။