လောကပြတင်း အလင်းတံခါးများ

 

လောကပြတင်း  အလင်းတံခါးများ

 

      စာဖတ်ခြင်းသည် အသိကို တိုးပွားစေ၍  ဉာဏ်ပညာကို တိုးတက်စေသည်။ စာဖတ်သည်ဆိုရာ၌  တတ်ဖို့၊  သိဖို့၊ လိမ္မာဉာဏ်ရင့်သန်ဖို့ ဖတ်ရခြင်းဖြစ်သည်။    လူတို့သည်  ကိုယ်တွေ့ဖြင့် အဘယ်အလုပ် အဘယ်အကြောင်းအရာတို့ကိုမျှ  ကုန်စင် အောင်မသိနိုင်။  နှစ်ပေါင်းများစွာကြုံတွေ့ရရှိခဲ့သော    လူပေါင်းများစွာတို့၏ အသိဉာဏ်၊ ခေါင်း၊ ဦးနှောက်ပေါင်းများစွာတို့၏ အသိအတွေးအမြင်များကို စုစည်းထားသော  စာအုပ်များကိုဖတ်မှသာ လုံလောက်သော   အသိဉာဏ်ပညာ၊ ဗဟုသုတကို ရရှိနိုင်ပေမည်။

စာတစ်အုပ်ကိုဖတ်မိလျှင် ယင်းစာတစ်အုပ်၏    ညီမျှသော အသိဉာဏ် ရရှိပေမည်။ နှစ်အုပ်ဖတ်မိလျှင် နှစ်အုပ်နှင့်ညီမျှသော အသိဉာဏ်ရရှိပေမည်။ ဤသည်ကို     သံသယဖြစ်ဖွယ်မရှိ။

မဖတ်သူမှာကြီးပွားတိုးတက်ရေး အသိဉာဏ်လမ်း၌ ခြေစုံရပ်နေသူပေတည်း။

စာဖတ်နေသူမှာမရပ်။ဖတ်လျှင် ဖတ်သလောက် အသိဉာဏ်တိုးတက် မြင့်တက် မည်သာဖြစ်သည်။ မည်သို့သော အခါမှမရပ်။ သေသော်မှသာ  ရပ်လိမ့်မည်ဖြစ်သည်။

လူမျိုးဘာသာ အတန်းအစားမကွဲသည့် စာပေစာပေသည် အသိဉာဏ်ကိုပေးသည် ဖြစ်ရာ စာပေအဆင့်အတန်း  တိုးတက်လေလေ၊ အသိတရား တိုးတက်ပွားများဖို့ အခွင့်အလမ်း များလေလေဖြစ်သည်။ ထို့ကြောင့် မွန်၊ ဗမာ၊ ကုလား၊ အင်္ဂလိပ်၊ တရုတ် စသည်ဖြင့် လူမျိုးရေး၊ ဘာသာရေး အကွဲကွဲအပြားပြား ရှိနေစေကာမူ ဓလေ့ထုံးတမ်း တစ်မျိုးတစ်ဖုံစီရှိပါစေ စာပေတည်းဟူသော အမွေအရင်းခံကြောင့် တစ်ဦးနှင့်တစ်ဦး ပြောဆိုပေါင်းသင်းရန် အဆင်ပြေနေသည်။   ထိုသို့ စာပေနယ်ပယ် ကျယ်ဝန်းလာစေရန်  ပြုစုကြိုးပမ်းခဲ့ကြရသော နှစ်ပရိစ္ဆေဒ အရေအတွက်ကိုကား  အမှတ်မထင် ရှိကောင်းရှိပေမည်။

ယခုကာလခေတ်အခါသည် လွန်ခဲ့သောနှစ်ပေါင်း လေး၊ ငါးသောင်းလောက်က ကျောက်ခေတ် ဂူအောင်းနေလူနှင့် အလွန်ကွာခြားနေပြီဖြစ်သည်။ ထိုစဉ်က လူသား  တစ်ဦးနှင့်တစ်ဦးချင်း  သိရှိနားလည် ဆက်ဆံနိုင်ရန်ပင်  အလွန့်အလွန် ခက်ခဲခဲ့သည်။  ကျောက်ခေတ်သည် စာရေးနိုင်သည့် အဆင့် ရောက်ရန်ပင်ဝေးစွ၊   နှုတ်ထွက်စကားပင် ဝေါဟာရများစွာ သုံးနိုင်သည်မဟုတ်။  ထိုအခြေ အနေမှာပင် လူ့ပင်ကိုဗီဇဉာဏ်ရည်အရ ကျောက်နံရံတို့တွင် အမှတ်အသား သင်္ကေတများကို ရေးခြစ်ကြသည်။

အသို့သော ကာလမျိုးတွင် အသံလိုက် အက္ခရာများ  အစားထိုးလာသည်။ ဝေါဟာရ တစ်လုံးစ နှစ်လုံးစ နားလည်မှု ရလာသည်။ ယခုခေတ်မှာမူ မိမိတို့ရရှိထားသော ဝေါဟာရများ ရေးခြစ်မှတ်သားစရာ စက္ကူသည်ပင် အနှစ် ၂၀၀၀ ပင် မပြည့်တတ်သေးပေ။ ထိုစက္ကူမပေါ်မီက ကျောက်လွှာကျောက်ချပ်၊  သားရေပြား၊ ရွှံ့ချပ်၊ ပေရွက် အဆင့်များစွာ ကျော်ဖြတ်ကြရသည်။

ခေတ်မီစာကြည့်တိုက်အစ   ဘားနဒ် ပိဋကတ်တိုက်က စာပေသည်  အသိဉာဏ်အသိတရား၏ အမှတ်သင်္ကေတ၊     အထိမ်းအမှတ် ဖြစ်သည်။ ရှေးက လူတို့လုံ့လ ဥဿာဟဖြင့် သိမ်းဆည်းခဲ့သော စာဟောင်းပေဟောင်းများ၊ ယခုခေတ် လူမျိုးပေါင်းစုံ၏ ဦးနှောက်မှ ထုတ်လုပ်လိုက်သမျှသော စာများသည် စာသင်သားများအဖို့  အဆင်သင့်ဖြစ်နေချေသည်။ ယင်းသို့သော အကြောင်းများကြောင့်လည်း စာကြည့်တိုက်ဟူသမျှကို လောက၏   ပြတင်းပေါက်ဟုလည်း ဖွင့်ဆိုနိုင်၏။ "လူထုတက္ကသိုလ်''ဟုလည်း   ယူဆနိုင်သည်။ ''အသံတိတ်တက္ကသိုလ်"ဟုလည်း သတ်မှတ်နိုင်သည်။ "စာရတနာသိုက်"ဟုလည်း   ဖော်ညွှန်းနိုင်ကာ ထိုမျှမက ''နိုင်ငံ၏ ဦးနှောက်"ဟုလည်း တင်စားနိုင်ပေသေးသည်။

စာပေအမွေခံရှိကြပြီးသော  လူမျိုးတိုင်းသည် စာကိုရှာဖွေစုဆောင်းသည်။ မည်သူ မည်ဝါပိုင် စာအုပ်အရေအတွက်သည် မည်မျှရှိသည်။ မည်သူသည် စာအလွန်ဖတ်သည်။ ပညာဉာဏ်ကြီးမားပါပေသည် စသည်ဖြင့် ချီးမွမ်းစကား ဆိုကြသည်။ နှုတ်ဖြင့်၊ စာဖြင့်ဖော်ပြကြသည်ကို သတင်းစာများတွင် ဖတ်ရလေ့ရှိသည်။

နယ်ချဲ့တို့ အထက်မြန်မာပြည် မသိမ်းမီ  မြန်မာသက္ကရာဇ် ၁၂၄၅ ခုနှစ်၌ အောက်မြန်မာပြည်မင်းကြီး ဆာချားလ်ဘားနဒ်က  သူပိုင်စာအုပ်များဖြင့် မတည်ကာ ဘားနဒ်ပိဋကတ်တိုက် ခေတ်မီစာကြည့်တိုက်ကို တည်ထောင်ခဲ့သည်။ တရားဝန်ဂျာဒင်း၊ ပါဠိပါမောက္ခ  ချီလဒါးတို့က မိမိတို့၏ အဖိုးတန်စာအုပ်များကို လှူကြသည်။ မြန်မာများထဲက   ဦးမြို့၊ ဦးမျှင်တို့ကပေမူ၊ ပုရပိုက်မူများ ရေစက်ချလှူဒါန်းသည်။  နောင်တွင်  ကင်းဝန်မင်းကြီး၊ ပုဂံဝန်ထောက်ဦးတင်တို့၏  ပေ၊ ပုရပိုက်စုများ ဝယ်ယူဖြည့်တင်း ခဲ့ကြောင်းလည်း သိရသည်။

စာအုပ်များကို ကွယ်လွန်ပြီးနောက် တစ်စုံတစ်ယောက်အား အမွေပေးခဲ့သည် ဟူသောသတင်းများလည်း ကြားသိရသည်။ ဤသို့သော လူစားများသည်  ငွေကြေးဓနပစ္စည်းထက်    စာပေ၏တန်ဖိုးကို မြတ်မြတ်နိုးနိုး ရှိသူများဖြစ်သည်။  တလေးတစား တန်ဖိုးထားသူများအဖို့  အဆန်းတကြယ်တော့ မဟုတ်။  လူမျိုးနှင့်ချီ၍လည်း စာပေအနုယဉ်ကျေးမှု စုဆောင်းတတ်ကြပြန်သည်။ ပြည်သူ့စာကြည့်တိုက်၊ နိုင်ငံတော်   စာကြည့်တိုက်များသည် လူမျိုးစုအလိုက် အင်အားဖြင့် စုဆောင်းကြ ခြင်း၏ သရုပ်ပင်ဖြစ်သည်။

တစ်ဦးချင်းစုဆောင်းခြင်းက စာပေဗဟုသုတ နယ်ကျဉ်းသည်။ ရရှိသည့်စာပေ အကျိုးသည်လည်း အကျိုးကျေးဇူးမများလှပေ။  လူနည်းစုကိုသာ  အကျိုးများနိုင်ပေသည်။ ကျေးလက်စာကြည့်တိုက်/ ပြည်သူ့စာကြည့်တိုက်များသည် စာအုပ်အရေအတွက် များသည်နှင့်အမျှ ရရှိသည့် အကျိုးကျေးဇူးသည်လည်း များပြားကျယ်ပြန့်မည်မှာ သံသယဖြစ်ဖွယ်မရှိချေ။

မြန်မာတို့၏ ကျေးလက်စာကြည့်တိုက်များ ၁၉၃၀  ပြည့်နှစ်ခန့်တွင်  ကျေးရွာစာဖတ်ခန်းများ  ထွန်းကားလာစပြုသည်။ ကျေးလက်ပြုပြင်ရေး အသင်းဟူ၍ လည်းကောင်း၊ လူငယ်များ ကြီးပွားရေး အသင်းဟူ၍လည်းကောင်း ရှိလာသည်။ ထိုအသင်းနှစ်သင်း၏ ဦးဆောင်ကြိုးပမ်းမှုဖြင့် ကျေးရွာစာကြည့်တိုက် တစ်ထောင်ခန့်ဖြစ်လာသည်။ ဦးဖိုးကျား၊ ဦးဆန်နီတို့သည် အဆိုပါစာကြည့်တိုက်များသို့ စာအုပ်အများဆုံး လှူဒါန်းလေ့ရှိကြသည်။  သို့သော်လည်း  ဒုတိယကမ္ဘာစစ်၏ ဒဏ်ရာဒဏ်ချက်ဖြင့် ပြိုကွဲဆုံးပါးကြရပြန်သည်။

ဒီမိုကရေစီသည်   ပြည်သူလူထု လူတန်းစားအများစု၏ ကောင်းကျိုးကို ဖော်ဆောင်ရသော ဖော်ဆောင်ပေးနိုင်သောစနစ်၊ ကျင့်စဉ်ဖြစ်ပေရာ အခြေခံခိုင်ခိုင်မာမာ မှန်မှန်ကန်ကန် ထိန်းကျောင်းပေးနိုင်ဖို့    မိမိတို့ပြည်သူများတွင်  တာဝန်ရှိနေပေသည်။    ယင်းသို့သော တာဝန်အတွက် ပြည်သူတွေမှာ အသိပညာ၊ ဗဟုသုတ ကုံလုံကြွယ်ဝနေရန်လိုအပ်သည်။

ကျေးရွာများတွင် စာကြည့်တိုက်များ ထားခြင်းဖြင့်  ကျေးလက်နေပြည်သူများ အသိပညာဗဟုသုတ မြင့်မားစေဖို့ဖြစ်သည်။ မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးကို အဓိကထားသည့်နိုင်ငံ၊ တောင်သူလယ်သမားများ   စီးပွားရေး၊   ပညာရေး၊  ကျန်းမာရေး၊  လူမှုရေး၊  စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက် လာစေဖို့လိုသည်။  သို့မှသာနိုင်ငံလည်း ဖွံ့ဖြိုးလာမည်။  ယင်းအတွက်   ကြွယ်ဝကြစေဖို့သည် ပထမဖြစ်သည်။

ကျေးလက်ပြည်သူများ မီဒီယာများ၏ အလှည့်အဖြား မခံကြရစေရေး ကိုယ်ခံစွမ်းအား ကောင်းစေရန်ဖြစ်သည်။ လက်ရှိတွင် IT၊ ICT ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ မီဒီယာသည် အလွန်လျင်မြန်စွာ လှည့်ဖြား ဒုက္ခပေးနိုင်သည်။ နိုင်ငံနှင့်လူမျိုးအပေါ် ထားရှိသည့် အမျိုးသားရေး အမှတ်လက္ခဏာ  (Identity)   များပျောက်ကွယ်ကာ ခေတ်သစ်ကိုလိုနီဘဝသို့ ကျရောက်သွားနိုင်သည်။ ထို့ကြောင့် မီဒီယာဆိုးများ၏ အလှည့်အဖြား    မခံရစေရေး  ကိုယ်ခံအားပြည့်ဝနေစေရန်   အသိမှန်၊    အမြင်မှန်များကို လမ်းညွှန်ပေးနိုင်သည့် စာကြည့်တိုက်များ ထူထောင်ရခြင်းဖြစ်သည်။

  ယခုအခါ မှတ်တမ်းများအရ အားလုံးလိုလို   ကျေးရွာစာကြည့်တိုက်များ ဖွင့်လှစ်နိုင်ခဲ့ပြီဟုဆိုသည်။   

မည်သို့သောစာကို ဖတ်ကြမည်နည်းမိမိတို့သည် စာကိုဖတ်ရန်သာ တိုက်တွန်းတတ်ကြသည်။ မည်သို့သော စာကိုဖတ်ရမည်နည်း ဟူသည်ကို ချန်မထားသင့်ပါ။ စာဖတ်ကြသူများ ဝိဝါဒကွဲလွဲတတ်ကြသည်။     စာဖတ်ခြင်းသည်  ကျောင်းပညာသင်ခြင်းကဲ့သို့ အဆင့်ဆင့်တိုးမြှင့် သတ်မှတ်ချက်မရှိပါဟု အချို့ကဆိုသည်။ သို့သော် ဘဝလုပ်ငန်း အတွေ့အကြုံစုဆောင်းရာတွင်   ရင့်ကျက်မှု အဆစ်အပိုင်းများ ရှိတတ်မြဲဖြစ်သည်။ စာဖတ်ရာတွင်အချို့ကား တွေးတောဖို့ဖြစ်၏။ ဤလူစားမျိုးကား ရှားပါးလှ၏။

အချို့ကား  စာရေးရန်အတွက်ဖြစ်၏။  ဤလူစားမျိုးကား ယေဘုယျဖြစ်၏။  အချို့ကား    စကားပြောဖို့ရန်ဖြစ်၏။ 

ဤလူစားမျိုးကား အများဆုံးပင်ဖြစ်သည်။မြန်မာများထဲက ဘားမင်းသတင်းစာ အယ်ဒီတာနှင့် မြို့မကျောင်းဆရာကြီးဟောင်း ဦးတင့်ဆွေ(၁၉၀၆-၁၉၅၃)က  “လောက၌ လူမည်သည်မှာ ကိုယ်နှင့်စိတ် နှစ်ခုပေါင်းမှ  လူဖြစ်လာခြင်းဖြစ်၏။ ကိုယ်ကိုသာအစာကျွေးပြီး၊ စိတ်ကို အစာမကျွေးဘဲ ထားလျှင် အကျိုးနည်းလိမ့်မည်” ဟု ဆိုပါသည်။

သို့ဖြင့် အသက် ၈၀ နီးမှ စာရေးဆရာဖြစ်ပြီး အသက် ၉၀ ကျော်တွင် ကွယ်လွန်သွားခဲ့သော စာပေဆုနှင့် ပညာရေး၊ လူမှုရေးအလှူရှင်  ကျေးလက်နှင့်မြို့ပြတွင် စာကြည့်တိုက်များ ထူထောင်ရပ်တည်နိုင်အောင် ပြုလုပ်ပေးခဲ့သည့်  ပခုက္ကူ ဦးအုန်းဖေက ''လူတို့တွင် အဖိုးတန်ဆုံးသော အရာသည် အသိပညာဖြစ်သည်။  အသိပညာကို အတွေ့အကြုံနှင့်စာပေမှသာရနိုင်သဖြင့် လူတိုင်းစာဖတ်သင့်ပါသည်"ဟူ၍ ဆိုခဲ့ဖူးသည်။

သို့ဖြစ်၍ စာကြည့်တိုက်လုပ်ငန်း ဖွံ့ဖြိုးရေး၏ လိုအပ်ချက်ဖြစ်သည့် ပြည်သူများ၏ အသိပညာ ဗဟုသုတ တိုးပွားစေရေးနှင့် စာအုပ်စာစောင်များ  အလွယ်တကူ ဖတ်ရှုလေ့လာနိုင်စေရန် နိုင်ငံတစ်ဝန်း တည်ဆောက်မည့် စာကြည့်တိုက် အဆောက်အအုံတစ်ခုလျှင် ကျပ်သိန်း ၁၅၀ ဖြင့် “ပညာဒါန” လှူဒါန်းနိုင်ပါကြောင်း သတင်းစာများတွင် ကြေညာထားသည်ဖြစ်ရာ စာပေချစ်သူ မိဘပြည်သူများအနေဖြင့်   တစ်ထောင့်တစ်နေရာမှ ပါဝင်ကူညီ ထောက်ပံ့ပေးနိုင်ကြပြီ ဖြစ်ပါကြောင်း နှိုးဆော်ရေးသားလိုက်ရပါသည်။   ။