ရေချိုကိုတန်ဖိုးထား ကမ္ဘာကြီးကိုစောင့်ရှောက်
ယမန်နေ့မှအဆက်
တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် တောမီးလောင်ကျွမ်းမှုကြောင့် CO2 မည်မျှ ထုတ်လွှတ်နေသည်ကို အတိအကျခန့်မှန်းရန်ခက်ပေလိမ့် မည်။ သို့သော် နှစ်စဉ် တောမီးကြောင့် CO2 ပမာဏ မက်ထရစ်တန် သန်း ၈ဝဝဝ ခန့် ထွက်ရှိနေသည်ဟု ဆိုသည်။
၂ဝ၁၇ ခုနှစ်တွင် တောမီးများမှထုတ်လွှတ်သော CO2 သည် ကမ္ဘာ့ CO2 ပမာဏ၏ ပျမ်းမျှ ၂ဝ ရာခိုင်နှုန်းခန့်အထိ များပြားလာနေသည်ဟု ဆိုသည်။ မိုးခေါင်သည့်နှစ်၊ မိုးနည်းသည့်နှစ်များတွင် တောမီး ပိုမို လောင်ကျွမ်းသည်ဟု ပညာရှင်များက ထောက်ပြကြသည်။
မိမိတို့သတိပြုရမည်မှာ တောမီးလောင်၍ CO2 ထွက်ရှိမှုသည် အနုတ်လက္ခဏာ တစ်ခုဖြစ်သည့်နည်းတူ သစ်ပင်များနည်းပါးသွား၍ သစ်ပင်များမှ CO2စုပ်ယူမှုနှုန်းပါ ကျသွားပြီး ကမ္ဘာ့လေထုထဲတွင် CO2 ပိုမိုလာခြင်းကလည်း အနုတ်လက္ခဏာ နောက်တစ်ခုတိုးခြင်းဖြစ်သည်။
အမေရိကန်ပြည်ထောင်စု၏ သုတေသနအရ တောမီးအများစုမှာ လူများ၏ ပေါ့လျော့မှုကြောင့်ဖြစ်ရသည်ဟုလည်း ဆိုထားရာ မိမိတို့ လူသားများ အထူးသတိပြု ဆင်ခြင်သင့်သည့်အချက်ဖြစ်သည်။
သယ်ယူပို့ဆောင်ရေးကဏ္ဍမှ CO2 ထုတ်လွှတ်မှု
သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် အဓိကသုံးစွဲနေသည်မှာ တွင်းထွက် လောင်စာများဖြစ်သည်။ တစ်ကမ္ဘာလုံးတွင် သယ်ယူပို့ဆောင်ရေး ကဏ္ဍ မှ CO2 ထုတ်လွှတ်မှုသည် နိုင်ငံအလိုက် သိသာစွာကွာခြားနိုင်သည်။ ဥပမာအားဖြင့် ၂ဝ၁၉ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုသည် CO2 မက်ထရစ်တန်ချိန် ၆ ဒသမ ၅ ဘီလီယံ ထုတ်လွှတ်ခဲ့သည့်အနက် သယ်ယူပို့ဆောင်ရေးကဏ္ဍမှ ၂၉ ရာခိုင်နှုန်းအထိ ပါဝင်နေသည်။ အလွန် ကြီးမားသောအချိုးဖြစ်သည်။
တစ်ကမ္ဘာလုံးတွင် သယ်ယူပို့ဆောင်ရေးကဏ္ဍမှ ထုတ်လွှတ်နေသော CO2 အချိုးသည် CO2 စုစုပေါင်း၏ ၂၁ ရာခိုင်နှုန်းခန့်ရှိသည်။
အဆိုပါ CO2 ထဲတွင် သုံးပုံနှစ်ပုံမှာ ကုန်းပေါ်တွင် မောင်းနှင်နေသော (Road Transportation) ယာဉ်များမှ ထုတ်လွှတ်သည်ဟု ဆိုသည်။
ကုန်းလမ်းသွားယာဉ်များမှ ထုတ်လွှတ်သော CO2 ပမာဏသည် တစ်ကမ္ဘာလုံး ကဏ္ဍပေါင်းစုံမှထုတ်လွှတ်သော CO2 ၏ ၁၅ ရာခိုင်နှုန်း အထိ ရှိနေသည်ဟုလည်းဆိုသည်။
ဤထုတ်လွှတ်မှုအားလုံးသည် လူသားတို့၏ ပယောဂကြောင့် ထွက်ရှိလာသော CO2 များသာဖြစ်သည်။
စက်မှုနှင့်ကုန်ပစ္စည်း ထုတ်လုပ်မှုကဏ္ဍမှ CO2 ထုတ်လွှတ်မှု
စက်မှုကဏ္ဍနှင့် ကုန်ထုတ်လုပ်မှုမှ ထုတ်လွှတ်နေသော ပမာဏသည် ၂ဝ၁၄ ခုနှစ်စာရင်းအရ CO2 စုစုပေါင်းထုတ်လွှတ်မှု၏ ၂၁ ရာခိုင်နှုန်းခန့် အထိ ရှိနေသည်။
ဤကဏ္ဍတွင်ပါဝင်နေသော လုပ်ငန်းစဉ်များမှာ ကုန်ပစ္စည်းထုတ် လုပ်မှုလုပ်ငန်းများထဲမှ အစားအစာ၊ အဝတ်အထည်၊ လူသုံးကုန်ပစ္စည်း၊ စက္ကူစက်၊ ရေနံဓာတုဗေဒစက်ရုံများ၊ ဓာတုဗေဒကုန်ပစ္စည်းနှင့် သယံ ဇာတတူးဖော် ထုတ်လုပ် သန့်စင်မှုလုပ်ငန်းများ၊ မော်တော်ယာဉ်စက် ကိရိယာ၊ သင်္ဘော၊ လေယာဉ်၊ စစ်လက်နက် ထုတ်လုပ်မှု၊ ရေရရှိရေး၊ ဘိလပ်မြေထုတ်လုပ်မှု စသည့်လုပ်ငန်းများပါဝင်သည်။ ဤလုပ်ငန်းများ သည်လည်း လူသားအကျိုးပြု လုပ်ငန်းများဖြစ်ရာ စက်မှုဖွံ့ဖြိုးသော နိုင်ငံများတွင် ပိုမိုထုတ်လွှတ်နေကြောင်းလည်း တွေ့ရသည်။ ဤ စက်မှုလက်မှုနှင့် သယံဇာတလုပ်ငန်း၊ ကုန်ထုတ်လုပ်မှု လုပ်ငန်းများသည် လူဦးရေ တိုးလာသည်နှင့်အမျှ ပို၍သာတိုးမြှင့်ဆောင်ရွက်ကြ မည်ဖြစ်သည်။ သို့ပါ၍ ဤကဏ္ဍမှ CO2 လျှော့ချရန်မှာ အတော်ခက်ခဲ မည်ဟုပင် ဆိုနိုင်သည်။
အဆောက်အအုံနှင့်တခြားလုပ်ငန်းများကဏ္ဍမှ CO2 ထုတ်လွှတ်မှု
ယခင်က သစ်တောသစ်ပင်ထူထပ်စွာ ပေါက်ရောက်ခဲ့သည့် နေရာများတွင် လုပ်ငန်းများချဲ့ထွင်လို၍ လည်းကောင်း၊ လူဦးရေတိုးလာ၍ သော်လည်းကောင်း အဆောက်အအုံများ (Infrastructure) တိုးချဲ့ ဆောက်လုပ်လာသည်။ တစ်ကမ္ဘာလုံးတွင် ဆောက်လုပ်ထားသည့် အဆောက်အအုံများသည် နေရောင်ခြည်မှ လာသော အပူကိုစုပ်ယူပြီး လေထုထဲသို့ အပူများ ပြန်လည်ထုတ်လွှတ်ပေးနေကြသည်။
ကတ္တရာလမ်းများ၊ ကွန်ကရစ်လမ်းများသည်လည်း နေရောင်ခြည် အပူရှိန်ကို လေထုထဲသို့ အများဆုံးပြန်လည် ထုတ်လွှတ်ပေးနေကြ သည်။
ထို့ပြင် အဆောက်အအုံများတွင် တပ်ဆင်ထားသော အအေးပေး စနစ်များ၊ ရေခဲသေတ္တာနှင့် တခြားလျှပ်စစ်ပစ္စည်းများသည် လေထု အတွင်းသို့ Hydrofluorocarbons (HFCs), Perfluorocarbons (PFCs), Sulfur hexafluoride (SF6) စသည့်ဓာတ်ငွေ့များ အများဆုံးထုတ် လွှတ်နေကြသည်။ ယခင်က အအေးပေးစက် မရှိသော၊ ရေခဲသေတ္တာ မရှိသော လူနေအိမ်၊ ဆေးရုံ၊ ကျောင်း၊ ခန်းမ စသည့်နေရာများတွင် ယခုအခါ ယင်းပစ္စည်းများ ရှိလာကြပြီဖြစ်သည်။ PFCs များအနက် ပလတ်စတစ်ရေမြှုပ်များတွင် အသုံးပြုသော CFC11 နှင့် လေအေးပေး စက်များမှထုတ်လွှတ်သော CFC12 ဓာတ်ငွေ့များသည် ကမ္ဘာ့လေထု၏ အောက်ဆုံးလွှာမှတစ်ဆင့် အိုဇုန်းလွှာသို့ရောက်ရှိသွားပြီး O3 မော်လီကျူး ကို ဖျက်ဆီးပစ်ကြသည်။ ၎င်းအလွှာပါးလာ၍ ပိုပူလာသည်။
တခြားသော CFC113 ကို အီလက်ထရွန်နစ်လျှပ်စစ်ပတ်လမ်းများ သန့်စင်ရာတွင်သုံးသည်။ ဤဓာတ်ငွေ့အားလုံးကို CFS3 ဟုခေါ်သည်။ ဤဓာတ်ငွေ့များသည်လည်း အိုဇုန်းလွှာကိုပျက်စီးစေပြီး ပါးစေခြင်း၊ ပေါက်စေခြင်းတို့အထိ အားပြင်းကြသည်။ CO2 ထက် အဆပေါင်း နှစ်သောင်းကျော်ပြင်းကြောင်း ရှေ့တွင်နှိုင်းယှဉ်ဖော်ပြခဲ့ပြီးဖြစ်သည်။
ဤသို့ဖြစ်လာသည့်အတွက် ဝင်ရိုးစွန်းများပေါ်ရှိ ရေခဲတောင်၊ ရေခဲပြင်များပေါ်သို့ကျရောက်သည့် အပူရှိန်သည် ပို၍ပြင်းလာသည်။ ဤအခြေအနေတွင် ဝင်ရိုးစွန်းရေခဲများ အရည်ပျော်ဆင်းလာနေသည်။ ဤအကျိုးဆက်မှာ ပင်လယ်ပြင်ကိုမြင့်လာစေသည်။ CFCs သည် CO2 ထက်ပင် ပို၍ကြောက်စရာကောင်းသည်။ ၎င်းသည် အိုဇုန်းလွှာ ထိခိုက် စေသည်သာမက အပူကို CO2 ထက် အဆပေါင်းတစ်သောင်းခန့်အထိ စုပ်ယူထားနိုင်သဖြင့် ကမ္ဘာကြီး ပို၍ ပို၍ပူလာစေတော့သည်။
ယခုထိဖော်ပြခဲ့မှုများသည် CO2 (GHG) ထုတ်လွှတ်မှုကို ကဏ္ဍအလိုက် ဖော်ပြခဲ့ခြင်းဖြစ်သည်။
ယခုဆက်လက်ပြီး GHG ကို မလျှော့ချနိုင်ပါက မည်သို့ဖြစ်လာမည် ဆိုသောအပိုင်းကို ဆက်ပါမည်။
အခန်း ( ၂၆ )
ကမ္ဘာကြီးပူနွေးမှု၏အကျိုးဆက်
၂ဝ၁၅ ခုနှစ် ဒီဇင်ဘာလတွင် ပြင်သစ်နိုင်ငံ ပဲရစ်မြို့၌ ရက်သတ္တ နှစ်ပတ်ကြာကျင်းပခဲ့သော 21st Conference of the Parties (COP 21) တွင် ကမ္ဘာကြီးပူနွေးလာမှုကိုလျှော့ချရေး မဖြစ်မနေကြိုးပမ်းကြ မည်ဟု UN Framework Convention on Climate Change (UNFCCC) ကို သဘောတူညီချက်ပေးခဲ့သည်။ ဤသဘောတူညီချက်၏ရည်မှန်း ချက်မှာ-
သက္ကရာဇ် ၂၁ဝဝ ပြည့်နှစ်အတွင်း ကမ္ဘာကြီး၏အပူချိန်ကို စက်မှု တော်လှန်ရေးမစမီ ၁၇၅ဝ ပြည့်နှစ်များတွင်ရှိခဲ့သည့် အပူချိန်ထက် ၂ ဒီဂရီစင်တီဂရိတ်ထက် မပိုအောင် ထိန်းကြရန်ဟူ၍ဖြစ်သည်။
ကျွန်းနိုင်ငံတချို့ကမူ ၁ ဒသမ ၅ ဒီဂရီစင်တီဂရိတ်ထက် မပိုအောင် ထိန်းရန် တင်ပြကြသည်။
ဤသဘောတူညီချက်ကို ၁၈၁ နိုင်ငံမှခေါင်းဆောင်များအပါအဝင် ကိုယ်စားလှယ်များက လက်မှတ်ရေးထိုးသဘောတူခဲ့ကြသည်။
ဤသဘောတူညီချက်မှ အမေရိကန်ပြည်ထောင်စုသည် ၂ဝ၁၇ ခုနှစ် ဇွန်လ ၁ ရက်တွင်နုတ်ထွက်ခဲ့ပြီး ၂ဝ၂၁ ခုနှစ် ဇန်နဝါရီလ ၂ဝ ရက်တွင် ပြန်လည်ဝင်ရောက်ခဲ့သည်။
ဆက်လက်ဖော်ပြပါမည်။