အင်အားကြီးတွေရဲ့ အာဏာပြိုင်ဆိုင်မှုကြားမှာ ကြံ့ကြံ့ခံ ရပ်တည်နေရမယ့် တောင်အာရှဒေသ

 

အင်အားကြီးတွေရဲ့ အာဏာပြိုင်ဆိုင်မှုကြားမှာ ကြံ့ကြံ့ခံ ရပ်တည်နေရမယ့် တောင်အာရှဒေသ

 

     ကမ္ဘာ့နိုင်ငံရေး  မတည်ငြိမ်မှုများက တောင်အာရှဒေသအတွင်း နိုင်ငံရေးအခြေအနေများအပေါ် များစွာသက်ရောက်မှု ရှိစေခဲ့ပါတယ်။ အထူးသဖြင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံရေးမှာပေါ့။

ကမ္ဘာ့လူဦးရေ ၂ ဘီလီယံနီးပါးနေထိုင်နေကြတဲ့ တောင်အာရှဒေသက အစွန်းရောက် ဝါဒကြီးထွားမှု၊ နိုင်ငံရေးမတည်ငြိမ်မှုများနဲ့  နပန်းလုံးနေရတဲ့  အနေအထားပါ။

တောင်အာရှဒေသဆိုတာ အင်ဒို-ပစိဖိတ်ဒေသတွင်း နိုင်ငံရေးမှာ အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေသလို အဲဒီထဲကမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုတာ ဘင်္ဂလား ပင်လယ်အော်အတွင်း မဟာဗျူဟာကျတဲ့ နေရာမှာရှိနေတာကို တွေ့ရပါတယ်။

၂၀၂၁ ခုနှစ်တုန်းက အာဖဂန်နစ္စတန်ကနေ အမေရိကန်တပ်ဖွဲ့များ ထွက်ခွာမှု၊ တာလီဘန်အဖွဲ့    တစ်ကျော့ပြန်ပေါ် ပေါက်လာမှုတို့ကြောင့်   အမေရိကန်ရဲ့ နိုင်ငံခြားရေးမူဝါဒက  အောင်မြင်မှုမရှိတော့ဘူးလို့ အများက သတ်မှတ်လာပါတယ်။ ဒီလိုကြောင့်ပဲ ဒုက္ခသည်အရေးနဲ့ နောက်ထပ်လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များလည်း ပေါ်ပေါက်လာခဲ့ပါတယ်။

အမေရိကန်ရဲ့အရေးယူပိတ်ဆို့မှုများနဲ့ နိုင်ငံတကာက အဆက်အသွယ်ဖြတ်မှုတို့ကြောင့် အာဖဂန်နစ္စတန်ပြည်သူများရဲ့ ဒုက္ခက ပိုဆိုးလာရပါတယ်။ အထူးသဖြင့် အမျိုးသမီးများနဲ့ ကလေးများက ဒုက္ခကိုပိုမိုခံစားခဲ့ရတာပါ။

၂၀၂၂ ခုနှစ်မှာ သီရိလင်္ကာနိုင်ငံက လွတ်လပ်ရေးရပြီးနောက်     သမိုင်းတစ်လျှောက် အဆိုးဆုံးသော စီးပွားရေး ကပ်ဆိုက်မှုနဲ့ကြုံတွေ့ခဲ့သလို ငွေကြေးဖောင်းပွမှုကလည်း ၅၅ ရာခိုင်နှုန်းအထိ မြင့်မားလာရတဲ့အတွက် ကြွေးမြီအကျပ်အတည်းက ပိုမိုကြီးမားလာတာကြောင့် ဆန္ဒပြလူအုပ်ကြီးက သမ္မတနန်းတော်ကို ဝင်ရောက်စီးနင်းကြတဲ့ အထိ ဖြစ်လာတာ တွေ့ရပါတယ်။

၂၀၂၃ ခုနှစ်မှာတော့ ပါကစ္စတန်နိုင်ငံက နိုင်ငံရေးနဲ့စီးပွားရေး အကျပ်အတည်းကို ရင်ဆိုင်ခဲ့ရပါတယ်။ ဒီအခြေအနေကြောင့်ပဲ ပါကစ္စတန်နိုင်ငံရဲ့ ပြည်ပအရန်ငွေကြေး ပမာဏ အမေရိကန်ဒေါ်လာ ၃ ဒသမ ၁ ဘီလီယံသာ ကျန်ရှိတော့ပြီး လူထုအုံကြွမှုနဲ့အတူ ဝန်ကြီးချုပ် အီမရန်ခန်းတစ်ယောက် ရာထူးကနေ ဖြုတ်ချခံလိုက်ရပါတယ်။

ဒီနှစ်ဧပြီလကလည်း နီပေါနိုင်ငံမှာ ဘုရင်စနစ်ကိုပြန်လည် အသက်သွင်းဖို့ တောင်းဆိုမှုနဲ့အတူ ဆူပူအုံကြွမှုတွေဖြစ်ပေါ်ခဲ့ပြီး နိုင်ငံရေးပါတီတွေ အနေနဲ့ ညွန့်ပေါင်းအစိုးရအဖွဲ့ကို ဖွဲ့စည်းကာ အိန္ဒိယနိုင်ငံနဲ့ တရုတ်နိုင်ငံတို့ကြားမှာ ပနံသင့်အောင် ပေါင်းသင်းဆက်ဆံရေးကို ထူထောင်ခဲ့ရပါတယ်။

အခုနောက်ဆုံးအခြေအနေကတော့ တောင်အာရှဒေသရဲ့ စီးပွားရေးအင်အားကြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံပေါ့။ အဲဒီမှာ အလုပ်အကိုင်နေရာ ခွဲတမ်းချမှုအပေါ်အကြောင်းပြပြီး ကျောင်းသားတွေ ဆန္ဒပြမှုကနေစလို့ မထင်ထားလောက်အောင်    အစိုးရ အပြောင်းအလဲဖြစ်သွားတာပါ။

တစ်နိုင်ငံချင်းစီရဲ့ အခြေအနေတွေကိုကြည့်ရင် သူ့အကြောင်းအရာနဲ့သူ ဖြစ်ကြတယ်လို့ ထင်ရပေမယ့်လည်း  ဒေသတစ်ခုလုံးကို  ခြုံငုံကြည့်လိုက်ရင်တော့ ပြင်ပရဲ့ဖိအားတွေကြားမှာ    မလူးသာမလွန့်သာ ခံစားလိုက်ရတဲ့ အခြေအနေကို မြင်တွေ့ရမှာပါ။ ပြင်ပဖိအားဆိုတာက တခြားတော့ မဟုတ်ပါဘူး။ အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ကြားက ဒေသတွင်းအားပြိုင်မှုပါပဲ။

ရှိတ်ဟာဆီနာ လက်ထက်မှာ ဘင်္ဂလားဒေ့ရှ်ရဲ့ လွတ်လပ်တဲ့ နိုင်ငံခြားရေးမူဝါဒက အမေရိကန်ထက်စာရင် တရုတ်ဘက်ကို ပိုယိမ်းတာကြောင့်     အမေရိကန်က ဘင်္ဂလားဒေ့ရှ်အပေါ် အမြင်မကြည်တော့တဲ့ အခြေအနေမျိုးဖြစ်ခဲ့တာပါ။

ဘင်္ဂလားဒေ့ရှ်က ဩစတြေးလျ၊ အိန္ဒိယ၊ ဂျပန်နဲ့ အမေရိကန်တို့ပါဝင်တဲ့ လေးနိုင်ငံ လုံခြုံရေးအဖွဲ့ထဲကို ဝင်ဖို့ အင်တင်တင်ဖြစ်နေပေမယ့် တရုတ်ရဲ့ပိုးလမ်းမသစ် စီမံကိန်းထဲကိုတော့ ဝင်သွားခဲ့ပါတယ်။

အမေရိကန်က ဘင်္ဂလားဒေ့ရှ်ရဲ့ စိန့်မာတင်ကျွန်းကို အငှားရလိုတဲ့ အနေအထားရှိတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးသမား တွေကပြောပေမယ့် အမေရိကန်က အဲဒီအချက်ကိုငြင်းဆိုထားပါတယ်။ ဒါပေမဲ့လည်း ရှိတ်ဟာဆီနာက ပြည်ပနိုင်ငံမှ လူဖြူတစ်ယောက်က ဘင်္ဂလားဒေ့ရှ်ထဲမှာ လေတပ်စခန်းတစ်ခု    ဆောက်နိုင်ဖို့ တောင်းဆိုခဲ့ပေမယ့်လည်း   အဲဒီတောင်းဆိုချက်ကို ငြင်းပယ်ခဲ့တယ်လို့  ဆိုထားပြန်ပါတယ်။

တကယ်လို့များ  စိန့်မာတင်ကျွန်းကို အငှားချပေးမယ်ဆိုရင်  သူ့ရဲ့အာဏာဆက်လက် တည်တံ့နေမယ်ဆိုတာကို ဟာဆီနာတစ်ယောက်သိပေမယ့်လည်း ဒီလိုအငှားချပေးဖို့ကို   သူက  သဘောမတူခဲ့ပါဘူးလို့   ဇွန်လတုန်းက ပြောထားပါတယ်။

ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကနေ နယ်မြေတွေခွဲထုတ်ပြီး  တခြားနယ်မြေတစ်ခုအဖြစ် ထူထောင်ဖို့အရေး လုပ်ဆောင်နေတဲ့ ပူးပေါင်းကြံစည်မှုတွေ ရှိနေတယ်လို့လည်း  ဟာဆီနာကပြောခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ ဆယ်စုနှစ်တစ်ခုအတွင်း တောင်အာရှဒေသမှာ ပိုးလမ်းမသစ်စီမံကိန်းနဲ့တကွ တရုတ်နိုင်ငံရဲ့ လွှမ်းမိုးမှုဟာ ပိုမို ကြီးထွားလာပါတယ်။ တရုတ်အစိုးရရဲ့ ဒေသတွင်းအခြေခံ အဆောက်အအုံစီမံကိန်းတွေ၊ ယဉ်ကျေးမှုဖလှယ်မှုတွေဟာ လူထုရဲ့အမြင်ကိုပြောင်းလဲစေခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ တရုတ်အစိုးရက ဒေသတွင်းနိုင်ငံများရဲ့ အနာဂတ်လမ်းကြောင်းကို ပုံဖော်ဖို့အတွက် အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်လာတာကိုလည်း တွေ့ရပါတယ်။

အဲဒီအချိန်မှာ အမေရိကန်နိုင်ငံက ပါကစ္စတန်၊ နီပေါ၊ ဘူတန်တို့အပြင် အိန္ဒိယနိုင်ငံတို့နဲ့ ကြီးမားတဲ့ ဆက်ဆံရေးတစ်ရပ် ကိုထူထောင်ထားပါတယ်။ ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လွှမ်းမိုးမှုရစေဖို့၊ အာဖဂန်နစ္စတန်ရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းယူဖို့နဲ့ သီရိလင်္ကာနဲ့ မလက္ကာရေလက်ကြားမှာ မဟာဗျူဟာမြောက်အဖြစ် ရပ်တည်ဖို့ ကြိုးစားခဲ့တယ်ဆိုတဲ့ ထုတ်ပြန်ချက်တွေကိုလည်း တွေ့ရပါတယ်။

တစ်ကယ်တမ်းတော့ အမေရိကန်နိုင်ငံဟာ ဒေသတွင်းကို လွှမ်းမိုးနိုင်ရေးအတွက် တရုတ်နိုင်ငံကိုကျော်လွှားနိုင်စေဖို့ လုပ်ဆောင်လာတာဖြစ်ပါတယ်။ တရုတ်ကလည်း သူ့ရဲ့ဒေသတွင်း အင်အားကြီးထွားမှုကို စွန့်လွှတ်လို့မရပြန်ပါဘူး။ ဒီမှာတင် ရလိုမှုတူနေတော့ ပွတ်တိုက်မှုတွေ ဖြစ်လာတော့တာဖြစ်ပါတယ်။

ယခုလက်ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဖြစ်သွားတဲ့နိုင်ငံရေး အခင်းအကျင်းအလှည့်အပြောင်း ဆိုတာက တရုတ်နိုင်ငံအတွက် ဒေသတွင်းလွှမ်းမိုးမှုကို ရယူဖို့ အကောင်းဆုံး အခွင့်အရေးတစ်ရပ်ဖြစ်လာပါတယ်။

ဒီအချိန်ကိုပဲ အမေရိကန်က စောင့်နေပြန်ပါတယ်။ ဘာကြောင့်လဲဆိုရင် အစိုးရသစ်တစ်ရပ်နဲ့ ဆက်ဆံရေးအသစ် ထူထောင်ခြင်းအားဖြင့် လွှမ်းမိုးမှုကိုရရှိ နိုင်စေဖို့ပါ။

တောင်အာရှဒေသဆိုတာ အိန္ဒိယသမုဒ္ဒရာကြီး တစ်ခုလုံးကို ထိန်းချုပ်နိုင်တဲ့ အနေအထားမှာ ရှိပါတယ်။ ဒေသတွင်း နိုင်ငံတွေအနေနဲ့ ပြင်ပဖိအားကြောင့် အလဲလဲအကွဲကွဲဖြစ်လာရပါတယ်။ ဒီအခြေအနေမှာ အစိုးရတွေပြိုလဲသွားရင် ရုပ်သေးအစိုးရတွေ ထွက်ပေါ်လာမှာ မလွဲဧကန်ပါ။

နိုင်ငံတစ်နိုင်ငံကို   ရုပ်သေးအစိုးရ အုပ်ချုပ်ပြီဆိုရင် ကိုယ့်နိုင်ငံကို တိုင်းတပါးလက်အောက် ထိုးအပ်လိုက်တာနဲ့အတူတူပါပဲ။ ဒါကြောင့် အပေါ်ယံမှာ သကာလောင်းနေပေမယ့် နောက်ပိုင်းမှာပြင်းထန်တဲ့ ထိုးနှက်ချက်များနဲ့ အာဏာလွှမ်းမိုးမှု ယှဉ်ပြိုင်နေကြတဲ့ အင်အားကြီးနိုင်ငံတွေရဲ့ ကြားမှာ တောင်အာရှဒေသက ကြံ့ကြံ့ခံရပ်တည်ဖို့ မဖြစ်မနေ လိုအပ်တာ ဖြစ်ပါတယ်။